တောင်ကုတ်တွင် မွတ်စလင် ၁၀ ဦးကို သတ်ဖြတ်မှုဖြင့် သံသယရှိသူများကို ရုံးတင်ပြီ
Wednesday, August 14, 2013
အမြင်မတူသော လူအုပ်စုနှစ်ခုကြား ပဋိပက္ခများဖြစ်ပွားမှုကို
အရှိန်မြင့်တက်စေခဲ့သည့် လွန်ခဲ့သော တစ်နှစ်ကျော် က တောင်ကုတ်မြို့တွင် မွတ်စလင်
၁၀ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူများကို သြဂုတ် ၁၃ ရက်က ခရိုင်တရားရုံး၌
စတင်အမှုစစ်ပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းဝေက မဇ္ဈိမ
ကိုပြောသည်။
၂၀၁၂ ခုနှစ်၊ ဇွန် ၂ ရက်က ဖြစ်ပွားခဲ့သည့်
အဝေးပြေးကားဖြင့် တောင်ကုတ်သို့ ရောက်ရှိလာသော မွတ်စလင် ၁၀ ဦးကို
သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ သံသယရှိသူခြောက်ဦးကို ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင်
ရဲများက လိုက်လံ ဖမ်းဆီးခဲ့သည်။
လူ ၁၀ ဦး သတ်ဖြတ်မှုတွင် ပါဝင်သူများအဖြစ်
သံသယရှိသည့် တောင်ကုတ်မြို့ခံများကို တရားရုံးတင် အမှုစစ်သည်ကို
ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက အတည်ပြုသော်လည်း တရားရုံးဆောင်ရွက်များကိုမူ
၎င်းအနေဖြင့် အတိအကျ ပြန်လည် မပြောကြားနိုင်ကြောင်း ဆိုသည်။
သံသယရှိသဖြင့် ဖမ်းဆီးခံထားရသူ တောင်ကုတ်မြို့၊
ဂူတာရပ်ကွက်မှ ကိုလင်းမောင်၊ ကိုသိန်းရွှေမောင်တို့နှင့် ကံပိုင်ရပ်ကွက်မှ
ကိုဝင်းနိုင်၊ ကိုသန်းကျော်၊ ကိုမင်းသိုက်ထွန်း၊ ဦးထွန်းဝင်းတို့ဖြစ်သည်။
ခရိုင်တရားရုံး၌ ၎င်းတို့ကိုအမှုစစ်ဆေးသည်ကို
သွားရောက်လေ့လာခဲ့သော ရခိုင်လူမှုကွန်ယက်မှ ဦးမြင့်မိုးက “နေ့လည် ၁ နာရီလောက်မှာ
ရုံးထုတ်တယ်။ မိနစ် ၂၀ အကြာမှာပြီးတယ်။ အားလုံးကျန်းကျန်းမာမာ ရှိတဲ့ပုံပါပဲ။
လုံခြုံရေးကတော့ တရားရုံးရဲ့ အတွင်းအပြင်မှာ အနည်းဆုံး ၂၅ ယောက်လောက်
ချထားတာတွေ့ရတယ်”ဟု ပြန်လည်ပြောကြားသည်။
ကနဦးတွင် ၎င်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂
လူသတ်မှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်သည်ကို အားပေးကူညီမှု တို့ဖြင့် တရားစွဲရန်
ရဲများက စီစဉ်ခဲ့သော်လည်း ယခုအမှန်တကယ် တရားစွဲသောအခါ ပုဒ်မ ၁၁၄ အစား ပုဒ်မ ၃၄
ပြစ်မှု တစ်ခုကို လူစု၍ကြံစည်ကျူးလွန်မှုဖြင့် ပြောင်းလဲတရားစွဲဆိုကြောင်း
ဦးမြင့်မိုးက ဆက်ပြောသည်။
သံသယရှိသဖြင့် တရားစွဲခံထားရသူ ကိုလင်းမောင်၏ ညီ
ကိုထွန်းလင်းက ယခင်က ယင်းအမှုကို သြ ဂုတ် ၁၅ ရက်တွင် အမှုစစ်မည်ဟု
မိသားစုဝင်များသိထားသော်လည်း သြဂုတ် ၁၃ ရက်တွင် ရုတ်တရက် ပြောင်းလဲ
အမှုစစ်လိုက်သဖြင့် သံသယရှိသူများနှင့် မိသားစုဝင်များပင် တွေ့ခွင့်မရလိုက်ကြောင်း
ဆို သည်။ ယင်းသို့ပြုလုပ်ခြင်းမှာ “လုံခြုံရေးကြောင့်ပဲ လို့ ထင်တယ်”ဟုလည်း သူက
မှတ်ချက်ပြုသည်။
သံတွဲခရိုင်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း
သံသယရှိသူများကို ယခုအချိန်တွင် ထောင်တွင်း၌သာ ယာယီထားပြီး လိုအပ်သော
စုံစမ်းစစ်ဆေးမှုများလည်း ဆောင်ရွက်နေကြောင်း အတည်ပြုပြောကြားသည်။
No comments:
Post a Comment