အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပြန်သုံးသပ်ရန် သမ္မတ အကြံပြုချက် လွှတ်တော် ပယ်ချ
နေပြည်တော်၊ သြဂုတ် ၁၃
အစိုးရအဖွဲ့နှင့် လွှတ်တော်တို့အကြား သဘောထား ကွဲလွဲနေသော
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး
ဖြစ်သော်လည်း ပြန်လည် သုံးသပ်ရန် အကြံပြုချက် သုံးချက်ကို လွှတ်တော်သို့ သဝဏ်လွှာ
ပေးပို့ တိုက်တွန်းရာ ပြည်ထောင်စု လွှတ်တော် က ပယ်ချလိုက်ကြောင်း
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
အဆိုပါ သဝဏ်လွှာကို လွှတ်တော် မှတ်တမ်းအဖြစ်သာ
သိမ်းဆည်းသွား ရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဆုံးဖြတ်ခဲ့သည်။
“သမ္မတရဲ့ အကြံပြုချက်က ပြည်ထောင်စု လွှတ်တော်မှာ
ဖွဲ့စည်းပုံနဲ့မညီ လုပ်နေတယ်လို့ ပြည်သူလူထုက ထင်မှတ်မှာ စိုးပါတယ်” ဟု အင်းတော်
မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင်ဌေးက ဆိုသည်။
နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် အဂတိလိုက်စားမှု
တိုက်ဖျက်ရေး ဥပဒေဟု အမည်ပေးထား သော်လည်း လာဘ်ပေး လာဘ်ယူမှု အရေးယူခြင်း
ဆိုင်ရာများကိုသာ ဖော်ပြထားခြင်း၊ ဥပဒေ၏ အမည်နှင့် ကိုက်ညီစေရန် အဂတိလိုက်စားမှု
စကားရပ်အား အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ခြင်းနှင့် အဂတိလိုက်စားမှုတွင် မလျော်ကံသော
သြဇာ သုံးစွဲမှု ၊ လာဘ်ပေး လာဘ်ယူမှုနှင့် တာဝန် ပျက်ကွက်မှုများ ပါရှိရာ ဥပဒေတွင်
ပြည့်စုံစွာ ရေးဆွဲ ရန် လိုအပ်ကြောင်းတို့ကို ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတ အနေနှင့် သဘောထား မှတ်ချက် ၁၀
ချက်အပြင် အကြံပြုချက် သုံးချက် ရှိသော်လည်း လွှတ်တော် ကိုယ်စားလှယ် အများစု၏
သဘောဆန္ဒအရ အတည်ပြုထားသော ဥပဒေကို အများဆန္ဒအား အလေးထားသည့် အနေနှင့် အတည်ပြု
လက်မှတ် ရေးထိုး လိုက်ခြင်း ဖြစ်ကြောင်း ယင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။
ယင်းဥပဒေနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက သဘောထား
မှတ်ချက် ၁၂ ချက် ပေးပို့ရာ ပြည်ထောင်စု လွှတ်တော်က အချက် နှစ်ချက် သာ
ပြင်ဆင်ပေးခဲ့သည်။
နိုင်ငံတော် သမ္မတအဖြစ် စတင် တာဝန်ယူချိန်မှစ၍
ကောင်းမွန်သော အုပ်ချုပ်မှု စနစ်နှင့် သန့်ရှင်းသော အစိုးရ ဖော်ဆောင်မည်ဟု ကတိပြု
ထားသည့်အတိုင်း နိုင်ငံ့ ဝန်ထမ်းများအပေါ် အရေးယူပေးရန် တင်ပြစာ ၁၁၉ စောင်ကို လက်ခံ
စစ်ဆေးခဲ့ပြီး နိုင်ငံ့ ဝန်ထမ်း ၄၅၀ ကို အရေးယူ ခဲ့ကြောင်း သဝဏ်လွှာတွင်
ဖော်ပြထားသည်။
အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအပြင်
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ဆိုင်ရာ ဥပဒေတို့နှင့် ပတ်သက်၍ လည်း
ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံတော်သမ္မတတို့အကြား သဘောထား ကွဲလွဲလျက် ရှိသည်။
ယင်းဥပဒေများကို နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးရန် ငြင်းဆန်ထားသည်။
No comments:
Post a Comment