ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၁၃
M-Media
အီရန်နိုင်ငံက
ပြည်တွင်းဖြစ် စစ်ဘက်သုံးလေယာဉ်သစ်ကို ထုတ်ဖော်ပြသလိုက်ပြီး
အဆိုပါလေယာဉ်မှာ ရေဒါကို ရှောင်ကွင်းနိုင်သည်ဟု တာဝန်ရှိသူများက
ပြောကြားသည်။ လူတစ်ယောက် သာ မောင်းနှင်နိုင်ပြီး Qaher F313 (Dominant F313)
ဟု ခေါ်သည့် ထိုလေယာဉ်မှာ ၂၀၀၇ ခုနှစ်ကတည်းက အီရန်စစ်တပ်မှ ထုတ်လုပ်ခဲ့သည့်
Azarakhsh (Lightning) ဂျက်လေယာဉ်နောက်ပိုင်း အသစ်လွင်ဆုံး ဒီဇိုင်းဖြင့်
ပြုလုပ်ထားခြင်းဖြစ်သည်။
အီရန်သမ္မတ Mahmoud Ahmedinejad ကမူ
ကမ္ဘာ့ခေတ်အမီဆုံး ဂျက်လေယာဉ်များ၏ ကောင်းမွန်သည့် အသွင်သဏ္ဍာန် အားလုံးနီးပါး
ပါဝင်သည်ဟုပြောကြားခဲ့ပြီး အီရန်တပ်မတော်၏ စစ်အင်အားဖွံ့ဖြိုး တိုးတက်မှုမှာ
ကျူးကျော်မှုကို ဟန့်တားရေးနှင့် ကာကွယ်ရေးအတွက်သာ ဖြစ်သည်ဟု ဆိုသည်။
စနေနေ့က ကျင်းပခဲ့သည့် လေယာဉ်သစ်ပြသခြင်း
အခမ်းအနားကို နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်တင် ဆက်ခဲ့သည်။ အခမ်းအနားတွင်
သမ္မတ Ahmadinejad က အဆိုပါလေယာဉ်မှာ ကမ္ဘာ့ အဆန်းပြားဆုံး
တိုက်လေယာဉ်များထဲမှ တစ်စီးအဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။
ကိုယ်ထည်မှာ သံမဏိဖြင့်ပြုလုပ်ထားပြီး
မီးခိုးရောင်ရှိသည့် ထိုလေယာဉ်ကို ခေတ်မီပစ္စည်းများဖြင့် တည်ဆောက် ထားပြီး
ရေဒါဖြင့်ဖမ်းယူနိုင်မှု အနိမ့်ဆုံးတွင်ရှိသည်ဟု အီရန်ကာကွယ်ရေးဝန်ကြီး
Ahmad Vahidi က ပြောကြားခဲ့သည်။
အဆိုပါ တိုက်လေယာဉ်ပြသခြင်း အခမ်းအနားမှာ
၃၄နှစ်မြောက်အီရန် တော်လှန်ရေးနေ့နှင့်လည်း တိုက်ဆိုင်ခဲ့သည်။ ၁၉၇၉
ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အီရန်တော်လှန်ရေးတွင် အမေရိကန်
ကျောထောက်နောက် ခံပြုထားသည့် ရှားဘုရင် အစိုးရအား ဖြုတ်ချခဲ့ပြီး
အစ္စလာမ့်မစ် အုပ်ချုပ်ရေးဖြင့် အစား ထိုးခဲ့လေသည်။
အီရန်နိုင်ငံသည် ယခုသီတင်းပတ်အတွင်း အာကာသထဲကို
မျောက်ပါဝင်သည့် ယာဉ်ငယ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း
ထုတ်ဖော်ပြောဆိုထားသည်။ ထိုယာဉ်ငယ်ကို ကီလိုမီတာ ၁၂၀ (၇၅ မိုင်)
အထိရောက်ရှိနိုင်သည့် Pishgam ဒုံးကျည်ဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
အနောက်နိုင်ငံများကမူ စိုးရိမ်ပူပန်မိကြောင်း
ဖော်ပြခဲ့ကြပြီး အီရန်၏ အာကာသအစီအစဉ်မှာ နျူးကလီးယား ထိပ်ဖူးသယ်ဆောင်ရန်
အသုံးပြုနိုင်သည့် တာဝေးပစ်ဒုံကျည် များပြုလုပ် ရန်
ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
နျူးကလီးယားလက်နက် ထုတ်လုပ်ရန်ကြိုးစားနေခြင်းနှင့် 
ပက်သက်၍ အီရန်နိုင်ငံက ငြင်းဆိုလိုက်ပြီး ၎င်း၏ နျူးကလီးယားအစီအစဉ်မှာ
ငြိမ်းချမ်းရေးရည်ရွယ်ချက် တစ်ခုတည်းအတွက်သာဖြစ်သည်ဟု
အခိုင်အမာပြောဆိုခဲ့သည်။
No comments:
Post a Comment