သို့
ဥက္ကဋ္ဌ
ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းရေးကော်မရှင်၊
ရန်ကုန်မြို့။
ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ( ၂၅ ) ရက်။
အကြောင်းအရာ ။ ။ ရခိုင်ပြည်နယ်
ပဋိပက္ခနှင့် စပ်လျဉ်း၍ အကြံပြု စာတမ်းပေးပို့ခြင်း။
လေးစားစွာဖြင့်
၂၀၁၂ ခုနှစ်၊ မေလ (၂၈)ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊
သပြေချောင်းကျေးရွာ နေအမျိုးသမီးတစ်ဦးအား အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလုမှုဖြင့် ကျောက်နီမော်ရွာနေ
လူငယ်သုံးဦး အဖမ်းခံရသည်မှစတင်၍ ရခိုင်ပြည်နယ်အတွင်း အရေးအခင်းပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။
ထိုပြစ်မှုနှင့် စပ်လျဉ်း၍ နိုင်ငံပိုင် ရေဒီယို၊ သတင်းစာများမှ တရားခံ များကို ဖမ်းဆီးပြီး၊
ပြစ်မှုကျူးလွန်သူများကို ထိရောက်ဟန့်တားသည့် ပြစ်ဒါဏ် ချမှတ်နိုင်ရန် တရားစွဲအဖွဲ့အစည်းများက
စိစစ်နေကြောင်း ထည့်သွင်းဖော်ပြခြင်းမပြုဘဲ ပျက်ကွက်ခဲ့သဖြင့် တောင်ကုတ်မြို့ပေါ်ရှိ
ပါတီအဖွဲ့အစည်းများမှ ၀ံသာနုရက္ခိတ အမည်ခံ လူငယ်အချို့ က ဘာသာလူမျိုးကို အကြောင်းပြု၍
လှုံ့ဆော်စာများ ရေးသားခဲ့ကြသည်။
၂၀၁၂ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့ ညနေပိုင်းတွင်
သံတွဲမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွက်လာသည့် ရိုးမသစ္စာခရီးသည်တင်ယာဉ် တောင်ကုတ်မြို့၊
အေးရိပ်ငြိမ်ကား ကြီးဝင်း အတွင်း ရပ်နားစဉ် မွတ်ဆလင်ကုလားများပါရှိကြောင်း ၀ံသာနုရက္ခိတလူငယ်
များ၏ သတင်းလွှင့်ချက်အရ မြို့နေလူထုကဓါးလှံ တုတ်စသည့်ရရာ လက်နက်ကိုင်စွဲပြီး ရောက်လာခဲ့ကြရာ
အတူပါရှိလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တို့မှ တာဝန်ရှိသူများကထိန်းသိမ်းကွပ်ကဲမှုမရှိသဖြင့်(၁၀)လောင်းပြိုင်လူသတ်မှု
ပေါ် ပေါက်လာခဲ့ ရသည်။
ဇွန်လ(၃)ရက်နေ့(၁၀)လောင်းပြိုင်လူသတ်မှုနှင့်စပ်လျဉ်း၍
နိုင်ငံပိုင်သတင်းစာ နှင့်ရေဒီယိုလိုင်းများက၄င်းတို့နှင့်မသက်ဆိုင်သလို နှုတ်ဆိတ်နေခဲ့ပြီး၊
ဇွန်လ(၅)ရက် နေ့တွင် နိုင်ငံပိုင်သတင်းမီဒီယာများက တောင်ကုတ်မြို့တွင် အသင့်စောင့်နေသော
လူ(၃၀၀)ခန့်အုပ်စုက တောင်ကုတ်မှ ပြည်မြို့သို့ အထွက် ခရီးသည်တင်ကားကို ပိတ်ဆို့တားဆီးကာ
ယာဉ်ကိုရပ်တန့်စေပြီး၊ ယာဉ်ပေါ်ပါ ``မွတ်ဆလင်ဘာသာဝင်``
များအား အတင်းဆွဲချရာမှ ရက်ရက်စက်စက်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ မွတ်ဆလင်လူမျိုး(၁၀)ဦး
သေဆုံးရသည့်အပြင် မော်တော်ယာဉ်ကိုလည်း ဖျက်ဆီး ခဲ့ကြောင်း၊ အခင်း ဖြစ်ပွားရာနေရာသို့တောင်ကုတ်မြို့နယ်
အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်၊ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့်
ရပ်မိရပ်ဖ များလာ ရောက်ထိန်းသိမ်းခဲ့၍ လူစုကွဲသွားကြောင်း ဖော်ပြခဲ့သည်။
မွတ်ဆလင်ကုလားဆိုသည့် စကားရပ်နှင့် စပ်လျဉ်း၍
ရန်ကုန်မြို့ရှိ မြန်မာ မွတ်ဆလင်များက မကျေနပ်ကြောင်း ဆူးလေစေတီအနီး ဘင်္ဂလီဗလီရှေ့တွင်
ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
သတင်းစာများက မွတ်ဆလင်ကုလားဆိုသည့် စကားရပ်ကို
အနည်းငယ်ပြင် ဆင်ပေးခဲ့သည်။ ပြန်ကြားရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်အရ သတင်းစာတွင် ထည့်သွင်းဖော်ပြခြင်းသည်
မြန်မာပြည်တနံတလျား မွတ်ဆလင်နှင့် ဗုဒ္ဒဘာသာဝင် များအကြား မလိုလားမှု၊ မုန်းတီးမှုကို
ဖြစ်ပွားစေခဲ့သည်။
ထိုကိစ္စနှင့်တပြိုင်တည်းပင် စစ်တွေမြို့နယ်
နာဇီရွာရှိ ဈေးကောက်ကိစ္စနှင့် စပ်လျဉ်း၍ ဈေးသူဈေးသားများနှင့် ရခိုင်တိုးတက်ရေးပါတီမှ
အမှုဆောင်အဖွဲ့ဝင်များနှင့် ဈေးကောက်တို့အကြားပြဿနာဖြစ်ပွားရာကအစ စစ်တွေအမှတ်(၁) ရဲစခန်းကို
ခဲနှင့် ပေါက်ကြရာ ပြည်သူပိုင်ပစ္စည်းအချို့နှင့် မော်တော်ယာဉ်အချို့ ပျက်စီးခဲ့ရသည်။
နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ်ရှိ အထက်ဖော်ပြပါ
အရေးအခင်းများနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ရာတွင်
တောင်ကုတ်လူသတ် မှုတွင် အဓိကတာဝန်ရှိသော ခရိုင်အုပ်ချုပ်ရေးမှူး ခရိုင်ရဲမှူးကြီး၊ ခရိုင်ဥပဒေအရာရှိ
ကဲ့သို့သော သူများကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့သဖြင့် ဓားပြကိုပုလိပ်မင်းကြီးခန့်သကဲ့သို့
ဖြစ်နေ၍ မွတ်ဆလင်များ မကျေမနပ်ဖြစ်ကြသည်။
တောင်ကုတ်လူသတ်မှုနှင့်သက်ဆိုင်သော သတင်းဓါတ်ပုံအချို့ကိုထုတ်ပြီး
ရခိုင် ပြည်နယ်မြောက်ပိုင်းမြို့နယ်များသို့ ပေးပို့ဖြန့်ဝေခဲ့ရာ သောကြာနေ့ (၈-၆-၂၀၁၂)နေ့တွင်
အစ္စလာမ်ဘာသာအရ သေဆုံးသူများအတွက် ဆုတောင်းပွဲပြုလုပ်၍ ပလီမှအတွက် လုံထိန်းနှင့် ရဲတပ်ဖွဲ့ဝင်များက
မဆင်မခြင် သေနတ်ကို မိုးပေါ်ထောင်ပစ်ပြီး ခြောက်လှန့် ရမည့်အစား တည့်တည့်ပစ်၍ လူတစ်ဦးသေဆုံးသွားရာမှ
အနီးရှိ တည်းခိုခန်းနှင့် ဆိုင်အချို့ပျက်စီးခံရပြီး အုံကြွမှုဖြစ်လာခဲ့ရပါသည်။ဒေသခံလူနည်းစုရခိုင်ပိုင်အဆောက်အဦးအချို့ပျက်စီးခံရသဖြင့်
ဘူးသီးတောင်မောတောမြို့နယ်များတွင် ပုဒ်မ-၁၄၄ ထုတ်ပြန်ကြောင်း ဇွန်လ (၈)ရက်နေ့က ကြေငြာခဲ့သည်။
မောင်တောကိစ္စကိုအခြေပြု၍ စစ်တွေမြို့ပေါ်တွင်
ရခိုင်ပါတီ (၂)ခု၏ လှုံ့ဆော် ချက်အရ ရခိုင်လူမျိုးများအုံကြွလာကာ ရခိုင်လူမျိုးလုံထိန်းများ၏
အကူအညီရယူပြီး၊ လူနည်းစု ရိုဟင်ဂျာအိမ်များမှ ပစ္စည်းများ လုယက်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊
လူသတ်ခြင်းများကို ပြုလုပ်လာကြသည်။
ထိုသို့ တဖက်နှင့်တဖက် အပြန်အလှန် အမှားသံသရာ
လည်ပတ်သည်ကို ထိန်းသိမ်းခြင်းမပြုလျှင် နိုင်ငံတော်၏ လုံခြုံရေးကိုပါ ထိခိုက်လာနိုင်သဖြင့်
ဇွန်လ(၁၀) ရက်နေ့တွင် ရခိုင်ပြည်နယ်တစ်ခုလုံး အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။
၁၉၄၂ခုနှစ်က ဖြစ်ပွားခဲ့သည့် မူစလင်-ရခိုင်
အဓိကရုဏ်းအနာဟောင်းပြန်ပေါ် လာပြီးနောက် ရိုဟင်ဂျာများအား အမြစ်ပြတ်ချေမှုန်းရေး၊ လူမျိုးတုံး
သုတ်သင်ရေးအထိ အစွန်းရောက်ပါတီဝင်များက စဉ်းစားဟောပြောစည်းရုံးလာခဲ့ကြသည်။
စစ်တွေမြို့ပေါ်တွင် ဖြစ်ပွားသော ကိစ္စရပ်အားလုံးသည်အရေးပေါ်ကြေညာချက်
မထုတ်ပြန်မီ အချိန်အထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်တွင်ရှိနေပြီး
လုံထိန်းအဖွဲ့ဝင်များကိုယ်တိုင်ပါဝင်ပြီး၊ပြစ်မှုကျူးလွန်ခဲ့သဖြင့် ထိုသို့သေကြေပျက်စီး
ဆုံးရှုံးများအတွက် အဓိကတာဝန်ရှိအဖွဲ့ အစည်းမှာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ပင်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အနီးကပ်ထိမ်းကျောင်းပေးရမည့် ရခိုင်ပြည်နယ်လွှတ်တော်ကလည်း
လတ်တလော အရေးပေါ်အစည်းအဝေးခေါ်ယူ ကျင်းပပြီး ပြဿနာကို ထိန်းချုပ်သင့် ပါလျှက် ထိုသို့ထိန်းချုပ်ခြင်းမပြုသည့်အပြင်
ရခိုင်အမျိုးသားတိုးတက်ရေး ပါတီမှလွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင်ပင် မီးလောင် ရာလေပင့်
ပြုလုပ်နေခဲ့ကြသည်။
တပ်မတော်က လုံခြုံရေးကိစ္စရပ်များကိုသာ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါက
ရခိုင်လူမျိုးသည်လည်း ကမ္ဘာ့ပြည်သူများအကြားအော့နှလုံးနာဘွယ်ရာ လူရိုင်းဘ၀သို့ ကျရောက်သွားမည်ဖြစ်သည်။
၁၆ရာစုနှစ်ပင်လယ်ဓါးပြပြုလုပ်ရင်းက အများပြည်သူ အော့နှလုံးနာခဲ့ကြသဖြင့် ထိုစဉ်က မှဲ့ခေါ်သော
မာဂဓ လူမျိုး၊ မောဂ်လူမျိုး၊ ရက္ခောသျှားလူမျိုး အမည်ကို မသုံးချင်၊ မသုံးစွဲချင်ဘဲ
စွန့်ပယ်ရန် အင်္ဂလိပ် အစိုးရထံတင်ပြခဲ့ကြသည်။
ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်ချက်များအနက်
ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ မွတ်ဆလင်ကုလားလူမျိုးဟု ရေးသားဖော်ပြချက် သတင်းလွှင့်ထုတ်ချက်
များသည် အဓိကရုဏ်းများကို တဟုန်ထိုးဖြစ်ပေါ် စေပြီး တစ်ဖက်နှင့်တစ်ဖက် ပိုမိုနာကျည်းစေရန်
ဓါတ်ဆီလောင်းပေးရာ ကျရောက်ခဲ့ပါသည်။
တောင်ကုတ်(၁၀)လောင်းပြိုင် လူသတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့တွင်
တာဝန် ပေါ့လျော့မှုအရ အရေးယူအပြစ်ပေးရမည့် ပုဂ္ဂိုလ်များကို ထည့်သွင်းခန့်ထားခဲ့သဖြင့်
ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ခြင်းမပြုနိုင်ခဲ့ပါ။ တနည်းဆိုရပါလျှင် လူသတ်မှုကျူးလွန်စဉ်
ရိုက်ကူးထားသော ဖုန်းကင်မရာများမှတဆင့် စုပေါင်းထုတ်ယူ ထားသော VCD ခွေအရ လူသတ်မှုကျူးလွန်သည်ဟု
ပေါ်ပေါက်နေသူများနှင့် တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူရန် ပျက်ကွက်ခဲ့ကြပါက
ပြစ်မှုကျူးလွန် သူများကို ပြစ်ဒဏ်မကျစေရေးအတွက် ကာကွယ်တားဆီးရန်ပျက်ကွက်ခဲ့သူများကိုပါ
အရေးယူရမည်ကဲ့သို့ ဖြစ်နေသဖြင့် နိုင်ငံတကာမြင်ကွင်းတွင် Good Governence Clean
Government ဟု ချီးမွမ်းခန်းဖွင့်ရန် မဖြစ်နိုင်ပါ။ အထူးသဖြင့် ထိုသို့တာဝန်ရှိသူများကို
အဖွဲ့ဝင်လူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းသည်ပင်လျှင် ပြဿနာကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း
မရှိခဲ့ရသည့်အကြောင်းရင်းဖြစ်ပါသည်။
ရခိုင်ပြည်အရေးအခင်းတွင် အဓိက ပါဝင်ပြစ်မှုကျူးလွန်သူများသည်
လုံထိန်း အဖွဲ့နှင့် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများဖြစ်ကြသည်။ပြည်နယ်ခရိုင်အုပ်ချုပ်ရေး
မှူးများအနက် ရခိုင်လူမျိုးအုပ်ချုပ်ရေးမှူးများကိုယ်တိုင် ပြဿနာတွင် ထဲထဲဝင်ဝင်ပါဝင်
ခဲ့ကြသဖြင့်အရာရှိအဆင့်ရှိသော ရခိုင်လူမျိုးလုံထိန်းအဖွဲ့ဝင်များနှင့် ရခိုင်လူမျိုးမြို့နယ်
ခရိုင်အုပ်ချုပ်ရေးမှူးများ၊ လက်ထောက်အုပ်ချုပ်ရေးမှူးများကို မြန်မာပြည်မသို့ ပြောင်းရွှေ့
စေပြီး လစ်လပ်သော နေရာတွင် အခြားသင့်တော်သော တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားအရာရှိများဖြင့်
အစားထိုးတာဝန်ပေးအပ်သင့်ပါသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းမှ ယင်းအရေးအခင်းတွင်ကိုယ်တိုင်ပါဝင်ပတ်သက်
နေသူများကို ဖယ်ရှားပြီး အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသင့်ပါသည်။
ရခိုင်တိုးတက်ရေးပါတီ၏ ဆောင်ပုဒ်များ၊ သတင်းမီဒီယာများတွင်
Interview များ၏ နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုကို ဖြစ်ပေါ်စေရန် လှုံ့ဆော်ရာကျရောက်သဖြင့်
ဟန့်တားသင့်ကြောင်း နိုင်ငံတော်အကြီးအကဲများထံသို့ပါတီအချို့မှ စာများတင်သွင်း ကန့်ကွက်ခဲ့ကြောင်းကိုလည်း
တွေ့ရှိရသည်။
၂၀၁၁ခုနှစ်၊ ဇူလိုင်အတွင်း ဘူးသီတောင်မောင်တောခရိုင်
အုပ်ချုပ်ရေးမှူးကမ ကထပြုလုပ်ထုတ်ဝေသည့် ``ပစ္ဆိမရပ်ဝန်းမဂ္ဂဇင်း´´ (ပစ္ဆိမဆိုသည်မှာ ရိုဟင်ဂျာ
ဘာသာစကားဖြင့် အနောက်ဖက်ဟု အဓိပ္ပါယ်ရရှိရာ မဂ္ဂဇင်းအမည်မှာ အနောက်ဖက် ရပ်ဝန်းဟု အဓိပ္ပါယ်ရရှိသည်)
ထိုမဂ္ဂဇင်းကို တာဝန်ယူထုတ်ဝေခဲ့ကြသော ရခိုင်လူမျိုး ခရိုင်အဆင့် နိုင်ငံဝန်ထမ်းများကိုယ်တိုင်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ဖြစ်ပေါ် စေရန် သွေးထိုးလှုံ့ဆော်ထားကြောင်း
ထိုစာအုပ်ပါ ဆောင်းပါးများအရ တွေ့ရှိရသည်။ စာအုပ်နှင့်စပ်လျဉ်း၍ အရေးယူပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့
တိုင်ကြားခဲ့ကြ သည်ဟုလည်း သိရှိရသည်။
(၃၀-၅-၂၀၁၂)နေ့တွင် ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ ပထမ အကြိမ် ညီလာခံကို ကျင်းပခဲ့ရာ ရိုဟင်ဂျာအရေးကိစ္စကို အဓိကဇောင်းပေး
ဆွေးနွေး ခဲ့ကြသည်။(၂၅-၅-၂၀၁၂)နေ့ကျောက်နီမော်လူသတ်မုဒိန်းမှုကိစ္စကိုဝံသာနုရက္ခိတအဖွဲ့၏
(၁-၆-၂၀၁၂)ရက်စွဲပါ လှုံ့ဆော်ချက်နှင့် ပေါင်းစပ်ပေးခဲ့သဖြင့် တောင်ကုတ်လူထုမှ လူသတ်ရန်
အကြောင်းဖြစ်ပေါ်လာခဲ့သည်။ တောင်ကုတ်လူထု ပယ်ဖျက်ရန်ခက်ခဲသော အမည်းစက်တစ်စက် ထင်ခဲ့ရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်ကို
Eleven Media Group စာစောင်မှမေးမြန်းရာတွင် ဒီလိုကာလမှာ ဘာကြောင့်သံတွဲ့က ပုဂ္ဂိုလ်တွေက
ဗမာပြည်ဖက်ကို ``ဒီလိုအင်္ကျီအ၀တ်အစားနဲ့ လူမြင်ကွင်းမှာ မှန်လုံကားနဲ့သွားရတာလဲ။ ဒီဟာတွေဟာ
ပလူပျံနေတယ်။ ခုနကပြောသလို မသီတာထွေးကိစ္စမှာ ဓါတ်ပုံအထောက် အထားတွေအားလုံး တောင်ကုတ်မှာ
ပျံ့နေတဲ့ကာလလေ´´ဟု ဖော်ပြပါရှိရာ ၎င်းတို့၏ပါတီမှ (၄-၆-၂၀၁၂)နေ့ ဈေးကောက်ကိစ္စနှင့် စပ်လျဉ်း၍
ဖြစ်ပွားနေသော ပြဿနာကို မှေးမှိန်သွားစေရန် တဖက်သို့ မီးမောင်းထိုးပြခဲ့ရာ ကျရောက်ပါသည်။
ထို့ပြင် ဘင်္ဂလီများသည် တဖက်နိုင်ငံမှ လက်နက်သယ်ဆောင်ပြီး ရခိုင်များကို ရက်စက်ယုတ်မာစွာ
သတ်ဖြတ်နေကြောင်းဖြင့်လည်း ဒေါက်တာအေးမောင်က
ပါတီကို ကိုယ်စားပြု ပြောဆိုခဲ့ပါသည်။
စုံစမ်းရေးအဖွဲ့၏
အဓိကလိုအပ်ချက်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှ (၈-၈-၂၀၁၂)နေ့တွင် မိန့်ကြားလမ်းညွှန်ခဲ့သည့်အတိုင်း
နှစ်ဦးနှစ်ဖက် ပြေငြိမ်းအေးချမ်းအောင် နှစ်ဖက်ပါတီများကို ညှိနှိုင်းပေးရန်၊ လုံခြုံမှုရှိရန်နှင့်
တည်ငြိမ်အေးချမ်းရန်အတွက်အုပ်ချုပ်ရေးအာဏာပိုင်များကို ကျောသား၊ ရင်သားမခွဲခြားဘဲ ပြစ်မှုကျူးလွန်သူများကို
အရေးယူရန် လူမျိုးဘာသာကို အခြေခံပြီး အစွန်းရောက်သော စကားရပ်များကို ရှေ့တန်းမတင်ဘဲ လူ့အခွင့်အရေးအမြင်ကိုသာ ရှေ့တန်းတင်ပြီး ပြောဆိုကြစေရန်၊
အကြမ်းဖက်မှုများဖြစ်ပွားရန် လက္ခဏာပေါ်ပေါက်လာပါက နှစ်ဖက် ညှိနှိုင်းခြင်း၊ ပြစ်မှုကျူးလွန်ရန်
အားထုတ်သူများကို ထိန်းသိမ်းခြင်းတို့ပြုလုပ်ရန်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာပြည်ထောင်စုနိုင်ငံဖြစ်ပေါ်ရေးအတွက်နှင့်
နိုင်ငံ တကာမှ ရင်းနှီးမြှုပ်နှံမှုများကို ယုံကြည်စိတ်ချစွာ ပြုလုပ်လာနိုင်ရေးအတွက်
နှစ်ဖက် စိတ်ဖြေလျော့စေရေးအတွက်ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင်ရွက်နိုင်ရေးအတွက် အချက်အလက်များကို
စုံစမ်းစစ်ဆေးရေးအဖွဲ့က ရှာဖွေဖော်ထုတ်ပြီး အကြံပြုတင်ပြ ရန်လိုအပ်ပါသည်။
အဓိကရုဏ်းဖြစ်ပွားရာတွင် ရိုဟင်ဂျာများနှင့်
ရခိုင်လူမျိုးနှစ်ဖက်စလုံးတွင် ပျက်စီးဆုံးရှုံးမှု၊ သေကြေမှုများဖြစ်ပွားခဲ့ရသည့်အပြင်
ညမထွက်ရအမိန့်အရ လက်လုပ် လက်စားများအနေဖြင့် ငတ်မွတ်သည့်အဆင့်သို့ ရောက်ရှိခဲ့ကြရာ
မြန်မာပြည်တနံတလျား က အလှူရှင်များက လှူတန်းကူညီထောက်ပံ့ခဲ့ကြသည်။
မြန်မာပြည်သူများသည် မူလကပင် အလွန်ချမ်းသာကြွယ်ဝသူများမဟုတ်ကြသဖြင့်
လှူဒါန်းငွေများမှ အမေရိကန်ဒေါ်လာ (၁၀)သန်းခန့်မျှ တန်ဖိုးကိုပင်မရ နိုင်ခဲ့သဖြင့် ၀င်ငွေ
မရှိသူတိုင်းထံသို့ အလှူငွေနှင့် ပစ္စည်းများကိုပေးပို့ရန် အခက်အခဲနှင့် ကြုံတွေ့နေရသည်။
မထင်မှတ်ဘဲ တူရကီဝန်ကြီးချုပ်၏ဇနီးဦးဆောင်သောအဖွဲ့က
လူမျိုးဘာသာ မခွဲခြားဘဲ အမေရိကန်ဒေါ်လာ (၅၀)သန်းအထောက်အကူပြုပစ္စည်းများကိုပါ လှူဒါန်း
ကြောင်း နေ့စဉ်ထုတ်သတင်းစာများအရ သိရှိရသည်။
လက်လုပ်လက်စားအနက် ရေလုပ်သားများအနေဖြင့်
ပင်လယ်ပြင်သို့ထွက်ကာ ငါးဖမ်းရန် အခက်အခဲရှိနေသဖြင့် ပင်လယ်စာများ ရှားပါးလာခြင်း၊
လက်လုပ်လက်စားများ စားဝတ်နေရေးအခက်အခဲကြုံလာခြင်းတို့ကို တွေ့ရှိရသည်။
တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည်ဆောက်ခြင်းမပြုနိုင်မီကာလအတွင်း
တဖက် က ထုတ်လုပ်ရောင်းချသော ပစ္စည်းကို အခြားတစ်ဖက်က၀ယ်ယူစားသုံးခြင်းမပြုနိုင်သဖြင့်
ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးကိစ္စကို သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင် များ အနေဖြင့်
မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရန် လိုအပ် လျက်ရှိပါသည်။
အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံကလည်း
စစ်တွေရေနက် ဆိပ်ကမ်း စီမံကိန်းဆောင်ရွက်နေရာ အရေးအခင်းကြောင့်ရပ်တန့်ထားသည့်အပြင်
ကျောက်ဖြူမြို့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့စီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ
ဆောင်ရွက်နေ သည့်ကိစ္စများမှာလည်း ညမထွက်ရအမိန့်အရရပ်တံ့နေခဲ့ရာ အလုပ်လက်မဲ့များနှင့်
ငတ်မွတ်သူများပြားလာ ခဲ့ပါသည်။
မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများကလည်း
လူမျိုး၊ ဘာသာမခွဲခြားသော အကူ အညီများကို တတ်အားသရွှေ့လာရောက် ပံ့ပိုးပေးသဖြင့်သာ ဆင်းရဲသားများအတွက်
အသက်ရှုရဖြောင့်ခဲ့ရကြပါသည်။နိုင်ငံရပ်ခြားမှ အကူအညီများကို နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးရရှိသည့်အချိန်အထိ
ရယူကြရန် အားလုံးကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
စစ်တွေမြို့ဈေးအတွင်းသို့ ကုလားမ၀င်ရဟူသော
အယူအဆ၊ မြေပုံမြို့ဈေးမှ ဆိုင်များမှ ကုလားများကို ပစ္စည်းမရောင်းရဟူသော လူမျိုးရေးအစွန်းရောက်
ပါတီ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ ဆောင်ရွက်ဟန့်တားနေမှုကို အချိန်မီဖော်ထုတ်အရေး
ယူဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
မီးလောင်ပျက်စီးမှုမရှိခဲ့သော မြို့နယ်အချို့တွင်
လူနည်းစုများနေထိုင်ရာ ဒေသသို့ ကုန်စည်စီးဝင်မှုမရှိသဖြင့် ကုန်ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်နေသဖြင့်
ထိုသို့အဖြစ်မျိုး မဖြစ်ပွား စေရန် ကာကွယ်စောင့်ရှောက်သည့် တာဝန်ကို မြို့နယ်အဆင့်
အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့များသို့လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးအပ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ
တာဝန်ယူ ဆောင်ရွက်သင့်ပါသည်။
၁၉၅၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်တွင်ကျင်းပသော
လွှတ်တော်အစည်း အဝေး၌ ရတညအမတ် ဦးဘမြိုင်က ၁၉၅၆ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (ပြင်ဆင်ချက်)
ဥပဒေကျမ်းကို အဆိုပြုတင်သွင်းခဲ့ရာတွင် ဖွဲ့စည်းပုံတွင် ရခိုင်ပြည်နယ်ဟု ထည့်သွင်း
ဖော်ပြလိုကြောင်းပါရှိခဲ့သည်။
ဦးဘမြိုင်၏အဆိုကို ဖဆပလအမတ် ဦးအဘုလ်ဘော်ရှေရ်က
ပြင်းပြင်းထန်ထန် ကန့်ကွက်တင်ပြခဲ့သည်။``ပြည်နယ်ဆိုတဲ့ ရေကန်ထဲမှာ ကျွန်တော်တို့အနေနဲ့
မနေချင် ဘူး။ သမုဒ္ဒရာနှင့်တူတဲ့ ပြည်မကြီးနှင့်သာ ပူးပေါင်းနေချင်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား
အကယ်၍သာအစိုးရက ပြည်နယ်အုပ်ချုပ်ရေးပေးလိုက်ပါလျှင်
လူမျိုးရေးအဓိ ကရုဏ်းဖြစ်လာမှာ ဧကန်မုချဘဲဖြစ်ပါသည်။´´အကယ်၍ အစိုးရက ရခိုင်တိုင်းကို
ပြည်နယ်ပေးမည်ဆိုလျှင် မောင်တော၊ ဘူးသီးတောင်နယ်ကို ရခိုင်ပြည်နယ်အတွင်း မထည့်သွင်းဘဲ
သီးခြားခရိုင်တစ်ခုအဖြစ် ပြည်မလက်အောက်တွင် ထားပေးဖို့ မေတ္တာရပ်ခံ ကြောင်းကိုလည်း ထည့်သွင်းတင်ပြခဲ့ပါသည်။
ဦးလှထွန်းဖြူတင်ပြသော ၁၉၅၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေ (ပြင်ဆင်ချက်) ကိုလည်း သံတွဲအမတ် ဦးကျော်ဝင်းနှင့် ၀န်ကြီးဦးဘစောတို့အပြင်
မစ္စတာအဘူခိုင်တို့ ကန့်ကွက်တင်ပြခဲ့ကြသည်။(၂၆-၉-၅၈)တွင် လွှတ်တော်အတွင်း နိုင်ငံရေးအကြပ်အတည်းကြောင့်
ဗိုလ်ချုပ်ကြီးနေ၀င်းက ကြားဖြတ်အစိုးရအဖြစ် အုပ်ချုပ်ခဲ့သည်။
(၁၅-၅-၁၉၆၁)နေ့တွင်
မွန်ဘာသာ၊ ပအို့ဝ်ဘာသာ၊ လားဟူဘာသာနှင့် ရိုဟင်ဂျာဘာသာတို့ကို
မြန်မာ့အသံတွဲဖက်အစီအစဉ် (တိုင်းရင်းသား အစီအစဉ်) မှ အသံလွှင့်ခွင့်ရရှိခဲ့သည်။ အစီအစဉ်မှူး
ဦးဘထွန်း(B.A..,B.L)က ဦးစီးအသံလွှင့်ခဲ့သည်။
တော်လှန်ရေးအစိုးရတက်လာပြီး နောက် (၁-၁၀-၆၅)တွင် မွန်၊ ပအို့ဝ်၊ လားဟူနှင့် ရိုဟင်ဂျာဘာသာ
အစီအစဉ်များကို အသံလွှင့်ခွင့်ရပ်ဆိုင်းခဲ့သည်။
(၁၉၇၄)ခုနှစ်တွင် တော်လှန်ရေးကောင်စီမှ ပြည်သူ့အစိုးရအဖြစ်သို့
ပြောင်းလဲ ခဲ့ရာတွင် ရခိုင်ပြည်နယ်ရရှိခဲ့သော်လည်း မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာဝင် အားလုံးရခိုင်
ပြည်နယ်အတွင်း ရွေးကောက်ပွဲတွင် ရွေးချယ်ခံပိုင်ခွင့် ရရှိခဲ့သည်။ မဲဆန္ဒပေးပိုင်ခွင့်
ရှိခဲ့သည်။
၁၉၈၂ခုနှစ်တွင် မြန်မာနိုင်ငံသားဥပဒေတစ်ရပ်ကို
ရေးဆွဲပြဋ္ဌာန်းရာတွင် ၁၉၄၇ ခု နှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ၁၉၇၄ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင်
မပါရှိ သော ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတို့ကို ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။
မြန်မာနိုင်ငံသားဥပဒေလုပ်ထုံးလုပ်နည်းကို
(၂၀-၉-၈၃)နေ့တွင် ထုတ်ပြန်ခဲ့ရာ ရခိုင်လူမျိုးပင်ဖြစ်လင့်ကစား အခြားနိုင်ငံအတွင်း ပင်ရင်းနိုင်ငံအဖြစ်အမြဲ
နေထိုင်ကြသူများ သည် တိုင်းရင်းသားမဟုတ်ကြောင်း၊ AD ၁၈၂၃ခုနှစ်နောက် ပိုင်းနိုင်ငံတော်အတွင်းသို့
ဝင်ရောက်နေထိုင်ကြသော အမည်တူမျိုးနွယ်တူများသည်လည်း တိုင်းရင်းသား (မွေးရာပါနိုင်ငံသား)
များ မဟုတ်ကြကြောင်း ပြဋ္ဌာန်းပါရှိသည်။
သို့ရာတွင် ၁၉၇၅ခုနှစ် ပတ်ဝန်းကျင်က ဘင်္ဂလားဒေ့ခ်ျနေ
လူ (၅၀၀၀၀၀)ခန့် မှာ ရခိုင်ပြည်တွင်းသို့ ၀င်ရောက်ပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ
ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးမှ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးထံသို့ ပေးပို့သည့်စာတွင်
ဝန်ခံထားသည်။ ဘူးသီးတောင်မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ အသိအမြင်ရှိ နယ်စပ်ဒေသနေ
ရခိုင်တိုင်းရင်းသားများ အမည်ခံ ဦးမြစိန်ထွန်းပါ (၅)ဦးတို့ ရန်ကုန်မြို့၊ ရခိုင်သဟာယအသင်းဥက္ကဋ္ဌနှင့်
ရခိုင်သဟာယသတင်းစာစောင်စာတမ်းအဖွဲ့ထံသို့ (၁၀-၁-၉၇)ရက်စွဲဖြင့် ပေးပို့သည့်စာတမ်းတွင်လည်း
လွန်ခဲ့သော နှစ်-၂၀/၂၅နှစ်ခန့်က ဘင်္ဂလီများ ပြည်တွင်းသို့ ခိုးဝင်လာခြင်းမရှိဘဲ ခိုးထွက်သူများသာရှိကြောင်း၊
ဝင်လာသူများမှာ ရခိုင်များသာဖြစ်ကြောင်း၊ ရခိုင် (၅)သိန်းခန့်ဝင်လာပြီး၊ ပြည်နယ်အနှံ့တွင်နေထိုင်ကြောင်း၊
အချို့ရခိုင်ပညာတတ်များမှတဖက်မှတတ်မြောက်လာသောပညာရပ်ဖြင့် အစိုးရအဖွဲ့အစည်းများ၌ အမှုထမ်း
နေကြဆဲဖြစ်ကြောင်းထည့်သွင်းဖော်ပြပါရှိသည်။
ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌဗိုလ်မှူးကျော်မောင်လက်ထက်တွင်
ရခိုင် ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာအရာရှိ၊
အရာခံများပင် စစ်ဆေးခံရခြင်း၊ ရာထူးသစ်များတွင် ရိုဟင်ဂျာများကိုခန့်ထားခြင်းမရှိတော့ခြင်းတို့ကြောင့်
နောက်နှစ်ပေါင်းများစွာကြာလာ သည့်အခါ ဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲ များတွင်ရိုဟင်ဂျာဟူ၍ပင်မရှိတော့သည် အထိဖြစ်ပါသည်။
ဦးမြစိန်ထွန်းပါ (၅)ဦးရေးသားတင်ပြသည့်စာတွင်
၁၉၄၂ခုနှစ် ကုလား၊ ရခိုင်အဓိ ကရုဏ်းတွင် ကုလား (၇)သောင်းခန့်အသတ်ခံရကြောင်း၊ ရခိုင်
(၃)သောင်းခန့်လည်း အသက်ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားပြီး၊ ထိုကိစ္စဖြစ်ရပ်မှန်များကို
ရခိုင်သမိုင်းပညာရှင် များက ဖြစ်ရပ်မှန်ကို ဖုံးကွယ်ပြီး မွတ်စလင်က ရခိုင်ကို သတ်ဖြတ်ဟန်ဖန်တီးရေးသား
ဖော်ပြထားသည်ကို တွေ့ရှိရသည်။
လွန်ခဲ့သော နှစ်(၅၀)အလျင်ကပင် ထုတ်ပေးထားသော
(၃)ခေါက်ချိုးအမျိုးသား မှတ်ပုံတင်ကတ်ပြားများကို လ၀က၀န်ထမ်းများက အတင်းအကြပ်သိမ်းယူပြီး၊
ယာယီနိုင်ငံ သားကတ်ပြားအဖြူရောင် ထုတ်ပေးခဲ့ကြသည်။ ၁၉၈၂ခုနှစ်၊ မြန်မာ နိုင်ငံသားဥပဒေတွင် မပါရှိသော ´´အဖြူကတ်´´ကို
နည်းဥပဒေများကို ရည်ညွှန်းထုတ်ပေးခြင်းဖြစ်သည်။ ၁၉၄၈ခုနှစ် ဥပဒေအရဆိုပါလျှင် ထိုယာယီ
သက်သေခံလက်မှတ်မှာ သက်တမ်း (၁)နှစ်သာရှိသော်လည်း ရိုဟင်ဂျာလူမျိုးများကိုမူ နည်းဥပဒေတွင်မပါသော
ချွင်းချက် ဖြင့်အချိန်ကြာမြင့်စွာ ကိုင်ဆောင်စေခဲ့ပါသည်။
၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်
နိုင်ငံသားဖြစ်မှုဥပဒေတို့ အရ ၁၉၄၇ခုနှစ် မတိုင်မီ (၁၀)နှစ်အတွင်းက ပြည်တွင်းတွင် အနည်းဆုံး
(၈)နှစ် နေထိုင်သူများသည် နိုင်ငံသားအဖြစ်ကို ရရှိကြပြီးဖြစ်သော်လည်း ရခိုင်ပြည်မှ
ရိုဟင်ဂျာလူမျိုးများကို ရရှိပြီးသည့် နိုင်ငံသားအခွင့်အရေးကို
နည်းမျိုးစုံဖြင့် ရုပ်သိမ်းရန်ကြိုးပမ်းခဲ့သည်။
ရိုဟင်ဂျာရွာများတွင် မူလတန်းပညာမသင်မနေရဆိုသည့်
ဆောင်ပုဒ်ကို အကောင်အထည်ဖော်ပေးခြင်းမရှိဘဲ မူလတန်းကျောင်းရှိသည့် ရွာများကို ရခိုင်
ဆရာ/ဆရာမများအနေဖြင့်လည်း တစ်လလျှင် တစ်ပတ်မျှပင် ကျောင်းသို့လာ ရောက်ခြင်းမရှိခဲ့ကြသဖြင့်
မြန်မာမှုကိစ္စများကို ရိုဟင်ဂျာများနားမလည်ခဲ့ကြပါ။ ရိုဟင်ဂျာ လူမျိုး ဆရာ/ဆရာမများ
ခန့်ထားရန် အထူး လိုအပ်ပါသည်။
စားခြင်း၊ သောက်ခြင်း၊ မေထုံမှီဝဲခြင်းတို့ကိုသာ
သိနားလည်သည့်တိရစ္ဆာန် ထက် အနည်းငယ်ပိုရုံသာ
ဗဟုသုတရှိသော လူသားများအဖြစ် ရပ်တည်လာခဲ့ကြခြင်းမှာ ၁၉၆၅ခုနှစ် နောက်ပိုင်းကစတင်ခဲ့သည်။မိန်းကလေးငယ်များ
အသက်(၁၄)နှစ် (၁၅)နှစ်အရွယ်တွင် ရောက်လာလျှင် လင်ယူသားမွေးသည့် အလုပ်မှအပ အခြားအလုပ်
မရှိ။ ပညာသင်ကြားခွင့် ရရှိသော ရခိုင်မိန်းကလေးများအနေဖြင့် အသက် (၂၀)၊ (၂၅)အရွယ်မှ
လင်ယူသားမွေးခဲ့ကြသည်ဖြစ်ရာ (၁၄)နှစ် (၁၅)နှစ် အရွယ်တွင် လင်ယူ သားမွေးခဲ့ကြသောသူများ၏
မွေးဖွားနှုန်းကို မှီနိုင်ရန်အကြောင်းမရှိတော့ဘဲ လူဦးရေကွဲလွဲမှု ဖြစ်လာသည်။ စားဝတ်နေရေးအဆင်မပြေသော်လည်း
ခလေးမွေးဖွားနှုန်းကို ထိန်းချုပ်မှု မရှိသဖြင့် စံချိန်မှီ ပညာရှင်များဖြစ်လာရန် မဖြစ်နိုင်တော့ဘဲ
ပတ်ဝန်းကျင်ရှိ အခြားလူမျိုး များနှင့် သဟဇာတမဖြစ်နိုင်တော့ပါ။
နိုင်ငံတော်က ထိုသို့အဆင့်အတန်းမမှီသော တိရစ္ဆာန်သာသာလူများအဖြစ်မွေးဖွားရန်
ဖန်တီးထားသကဲ့သို့ ဖြစ်နေသည်။
သားသမီးများအိမ်ထောင်ခွဲရာတွင်းလည်း လ၀က၏
နိုင်ငံမျိုးချစ်ဝန်ထမ်းများ က အိမ်ထောင်စုစာရင်းခွဲပေးခြင်းမရှိဘဲ အဘေး၊ အဘိုး၊ အဖေ၊
ညီအစ်ကိုမောင်နှမ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးနှင့် သမ္မတကြီးတို့ပြောဆိုသကဲ့သို့
မိသားစုအတွင်း လူဦးရေ (၈၀)ခန့်ရှိနေခဲ့သည်။ အခြားလူမျိုးများ၏မိသားစုတို့ ဘိုးဘေး
သား သမီး မြေး မြစ်များကို ပေါင်းကြည့်လျှင် လူဦးရေ (၈၀)ရှိမည်မှာ အမှန်ဖြစ်ပါသည်။
ရိုဟင်ဂျာများအား အခြားတိုင်းရင်းသားများကဲ့သို့
အခွင့်အရေးမပေးဘဲ သံသယ နိုင်ငံသားအဆင့်ကိုသာထားရှိသဖြင့်
အခြားပြည်နယ်နှင့်တိုင်းများသို့ လွတ်လပ်စွာ ခရီးသွားလာစီးပွားရှာဖွေလုပ်ကိုင်ခွင့်မရရှိသဖြင့်
၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာများတွင် ထွက်ပေါက်ကိုအမြဲရှာနေကြရသည်။ အဆင်ပြေလျှင် ပြည်ပနိုင်ငံများသို့
သွားရောက် အလုပ်လုပ်ကိုင်ကြသည်။ မိသားစုတိုင်းတွင် အနည်းဆုံး (၁) ဦးမှ (၄)ဦးအထိ ပြည်ပနိုင်ငံများသို့
သွားရောက်အလုပ်လုပ်ကိုင်နေကြသည်။ ခိုးဝင်လာသူမရှိသည့်အပြင်၊ ပြင်ပသို့ထွက်သွားသူများ
သာရှိနေကြသည်။
ဆရာဝန်နှင့် သူနာပြုများကို ဆေးပညာသင်ကြားပေးခဲ့စဉ်က
တဖက်ရန်သူစစ် သားတိုက်ပွဲတွင် ဒဏ်ရာနှင့်ဖမ်းမိသည်ဆိုလျှင်ပင် လုံလောက်စွာဆေးဝါး ကုသပေးပါမည်
ဟု ကျိန်ဆိုထားသူများဖြစ်ရာ အစွန်းရောက်အယူအဆများကို ဖယ်ရှားရန် လိုအပ်ပါသည်။ အချို့ဆေးရုံများတွင်
မူလကပင် တက်ရောက်ကုသနေသော ရိုဟင်ဂျာလူနာအချို့ကို တာဝန်ကျသူနာပြုများက ကူညီဆောင်ရွက်ပေးရန်
ပျက်ကွက် လစ်လျူရှုထားခဲ့ကြသဖြင့် လူနာအချို့ဆေးရုံက ဆင်းလာခဲ့ရသည်။ ကွယ်လွန်သေဆုံးခဲ့ရသည်။
အထက်ပါကိစ္စရပ်များကို အမျိုးသားရေးအဆင့်
စီမံချက်ဖြင့် ဆောင်ရွက်သင့်ပါ သည်။ ကျေးရွာအုပ်စုကြီးများတွင် လူဦးရေမည်မျှရှိပါက
တိုက်နယ်ဆေးရုံတည်ဆောက် ပေးမည်။ ဆရာဝန်နှင့် သူနာပြုများထားရှိမည်ဆိုသည့် ကိစ္စရပ်ကိုလည်း
စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်သင့်ပါသည်။
ဘာသာလူမျိုးမတူညီသော ဆရာ၊ ဆရာမများ၊ ဆရာဝန်များ၊
သူနာပြုများနှင့် အခြားဝန်ထမ်းများ၏ စားဝတ်နေရေးနှင့်အဆက်အနွယ်မရှိရေးကိုမူ ဒေသဆိုင်ရာ
အာဏာပိုင်အဖွဲ့အစည်းများက တာဝန်ယူပြီး ကျေးရွာအုပ်ချုပ်ရေးနှင့် ပြည်သူများအား အပြည့်အ၀တာဝန်ယူစေသည့်
စီမံချက်များ ချမှတ်ဆောင် ရွက်သင့်ပါသည်။
ဘူးသီးတောင်မောင်တော ဒေသအတွင်း ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက်
ရိုဟင်ဂျာအမျိုးသမီးသူနာပြုများ၊ ရှေးဦးသူနာပြုများခန့်ထားရေးကို စီမံကိန်းတွင်ထည့်သွင်း
ဆောင်ရွက်ပေးသင့်ပါသည်။ရခိုင်ပြည်နယ်အတွင်း ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမိစသည့် လူမျိုးစုများနှင့်
ရိုဟင်ဂျာများမှာ နှစ်ကာလရှည်ကြာစွာကပင် အတူတကွ လက်တွဲနေထိုင် လာခဲ့ကြရာ စစ်အစိုးရအုပ်ချုပ်သည့်
နှစ်(၄၀)ခန့်ကာလအတွင်း ရိုဟင်ဂျာများ၏ လူ့အခွင့် အရေးများ ကန့်သတ်ခံလာခြင်း ဌာနဆိုင်ရာဝန်ထမ်းများအား
အတင်းအကြပ် အငြိမ်းစားယူစေခဲ့ခြင်း အသစ်ခန့်ထားသည့် ၀န်ထမ်းများတွင် ရိုဟင်ဂျာလူမျိုးများကို
ခန့်ထားခြင်း မပြုတော့ခြင်းတို့ အကြောင်းပြု၍ လူမျိုးစုကြီး နှစ်မျိုးအတွင်း ကွာဟမှုကြီးမား
လာခြင်းဖြစ်သဖြင့် အမှိုက်ကစ ပြဿဒ် မီးလောင်ဆိုသကဲ့သို့ ဖြစ်လာခဲ့ရခြင်းသာဖြစ်၍ လူ့အခွင့်အရေးရှုထောင့်က ပြန်လည်ထိန်းညှိပေးသင့်ပါသည်။
အနောက်သားရခိုင်၊
မရမာကြီး၊ မြို့၊ ဒိုင်းနက်နှင် ခမိတို့မှာ ရိုဟင်ဂျာများ ပြောဆိုသော စကားအတိုင်းပင်
ပြောဆိုကြသူများဖြစ်ရာ ဘင်္ဂလီစကားဟု စွပ်စွဲခြင်းမပြုဘဲ ရခိုင်ပြည်နယ်နှင့်စစ်တကောင်းအရှေ့ဖက်ကမ်းတစ်ဝိုက်သီးခြားပြောဆိုသော
ဘာသာစကား တစ်မျိုးသာဖြစ်၍အထက်က တင်ပြခဲ့သော ရှေးရခိုင်ကြီးများ၏ စကား၊ ``ဝေသာလီခေတ်စကား´´
ပြောဆိုတတ်သူများဟု သုံးသပ်ကာ ညီအစ်ကိုမောင်နှမ အရင်းအခြာကဲ့သို့ ပြန်လည်ရင်ကြားစေ့ရေးကို
အကြံပြုတင်ပြအပ်ပါသည်။
ရခိုင်ဒေသ၌ မတည်မငြိမ်ဖြစ်နေသည့် အချိန်တွင်
ရိုဟင်ဂျာလူမျိုးများ၏ ဂုဏ်သိက္ခာကို လွန်စွာနစ်နာစေပြီး ရိုဟင်ဂျာလူမျိုးများနှင့်
ဘင်္ဂါလီလူမျိုးများ လူမျိုးတူသကဲ့သို့ ရိုဟင်ဂျာလူမျိုးများ၏ နိုင်ငံသားဖြစ်မှုကိုပင်
ထိခိုက်နစ်နာစေပါသည်။ ထို့ကြောင့် ရိုဟင်ဂျာလူမျိုးများအနေဖြင့် သမိုင်းအထောက်အထားဖြင့်
တင်ပြဖြေရှင်းပေးရန် လိုအပ်လာ၍ ဖြေရှင်းပေးရတော့မည် ဖြစ်ပါသည်။
ရှားဘရိဒ်ခန်က
၁၆ ရာစုတွင် ရေးသားထားသော``ဟာနီဖာနှင့် ခိုင်ယာ
ပူရီ`` စာအုပ်တွင် မောင်တောမြို့ လဘောစားကျေးရွာသို့ အေဒီ-၆၈၈ ခုနှစ် မိုဟာမတ်ဟာနိဖ်
နောက်လိုက်ရဲဘော်များနှင့် ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် ခိုင်ယာပူရီ ဘုရင်မသည် မေယုတောင်တန်းတစ်လျှောက်
မင်းမူအုပ်စိုးနေခဲ့သည်။ ဘုရင်မ ခိုင်ယာပူရီနှင့်တကွ ဘုရင်မ၏ အခြွေအရံများအားလုံး တိုက်ခိုက်သိမ်းယူပြီး
အေးချမ်းစွာ အတူတကွ ပူးပေါင်း နေထိုင်လာခဲ့ကြောင်း ယနေ့အထိဖော်ပြပါ ´´မေယုတောင်တန်း´´ တွင် ``ဟာနီဖာတောင် ကီ´´ နှင့် ``ခိုင်ယာပူရီတောင်ကီ´´ဟူ၍ အထင်အရှားတွေ့မြင်နိုင်သည်။
၁၉၉၇-ခုနှစ်
မတ်လ စာမူခွင့်ပြုချက်အမှတ် ၃၄/၉၇(၃) ´´သာသနာရောင်ဝါထွန်း
စေဖို့´´ ကို ဒုတိယဗိုလ်မှူးကြီးဝင်းမောင် ဦးစီးအရာရှိ (ပထမတန်း) ပြန်လည်နေရာချထား
ရေး၊ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေသော စာအုပ် စာမျက်နှာ (၆၅)တွင်
အေဒီ ၇၀၀ နှင့် ၁၅၀၀ အကြားတွင် အနောက်တိုင်းမှ အာရဗ်ကုန်သည်၊ ပါရှန် ကုန်သည်နှင့် ရောမကုန်သည်တို့သည်
မိမိပင်ရင်းတိုင်းပြည်များမှ ရွက်သင်္ဘောများဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကိုလည်းကောင်း၊
ယင်းကိုကျော်လွန်ကာ အရှေ့ဘက် တရုတ်ပြည်ကမ်းခြေသို့ လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက်
ရောက်ရှိခဲ့ကြ သည်။ ရမ်းဗြဲကျွန်းအနီး ပျက်စီးသွားသော
အာရဗ်သင်္ဘောရှိ မွတ်စလင်တို့သည် ထိုအခါက ပင် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ကြောင်းတွေ့ရှိရပေသည်။
ရခိုင်ဘုရင် မဟာတိုင်စန္ဒြ လက်ထက် အေဒီ ၇၈၈-၈၁၀ တွင် ရမ်းဗြဲကျွန်းအနီး သင်္ဘောများစွာ
ပျက်စီးခဲ့ကြောင်း အီစ္စလာမ် ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင်
အတည်တကျ နေရာချထားပေးခဲ့ကြောင်း တွေ့ရ၏ဟု ဖော်ပြပါရှိသည်။
အေဒီ
၁၄၃၀ ခုနှစ်တွင် ဗိုလ်ချုပ်ဝလီခန်နှင့် ပါလာသော နောက်လိုက်ဗိုလ်ပါများနှင့် ဗိုလ်ချုပ်စန်ဒီခန်နှင့်
အတူပါလာသော နောက်လိုက်ဗိုလ်ပါများ ရခိုင်မြေသို့ ရောက်ရှိပြီး ရခိုင်ဘုရင် နရမိတ်လှ(ခ)
မင်းစောမွန် (၁၄၀၄-၁၄၃၄)အားနန်းတင်၍ မြောက်ဦးမြို့ တစ်ဝိုက် အခြေချနေထိုင်ခဲ့သည်။
မြောက်ဦးမြို့ရှိရှေးဟောင်းအမွေအနှစ် စန္ဒီခန်ဗလီမှာ
ထင်ရှားသော အမှတ်အသား လက္ခဏာလည်းဖြစ်ပါသည်။ အာရကန်တွင် ဗုဒ္ဓဘာသာကို အစဉ်တစိုက် လက်ခံယုံကြည်ကိုးကွယ်နေသူအနက်မှ
အချို့မှာ အီစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ် ယုံကြည်လာသူများရှိကြောင်းကိုလည်း ဓည၀တီဆရာတော်
ဦးဥာဏ က ရခိုင်ရာဇ၀င်ဒုတိယအတွဲ စာမျက်နှာ
(၁၆၁/၁၆၃)တွင် မင်းဘာကြီးလက်ထက် ပါရှန် အင်ပါယာ ဖတ်တာကာဒီ ဦးဆောင်သော သံအမတ် (၃)ဦး
ဘုရင်ထံရောက်လာကြောင်း၊ အိန္ဒိယမှ အီစ္စလာမ်တရားဟောသာသနာပြုဆရာများပါလာကြပြီး ရခိုင်ပြည်သူတို့အား
အီစ္စလာမ်တရားတော်ကို ဟောပြောသင်ကြားပြသရာ ရခိုင်အမျိုးသားအချို့
ယုံကြည်လာ ကြပြီး အီစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ်ကြသည်ဟု ဖော်ပြထားပါသည်။
ဗုဒ္ဓဘာသာဝင်များသည် အီစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြောင်း မြို့ဟောင်းမြို့သား ပဏ္ဍိတ
ဦးသာထွန်း ရေးသားသော ရခိုင်မဟာရာဇ၀င်စာအုပ်တွင် ထင်ထင်ရှား ရှား ရေးသားထားကြောင်း သိရှိရပါသည်။
ရခိုင်အမျိုးသား ခေါင်းဆောင်ကြီး နိုင်ငံတော် ကောင်စီဝင်ဟောင်း သတင်းစာဆရာ ဦးလှထွန်းဖြူက ရေးသားထားသော ´´အောင်ပန်း ကြီးငွေ စကားရည်လုပွဲ´´ စာအုပ်တွင် ဗုဒ္ဓဘာသာဝင်အချို့ အီစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြောင်း
ထောက်ခံ ရေးသားထားပါသည်။
ရန်ကုန်တက္ကသိုလ်ပညာရေး
မဟာဌာန ကထိက ဦးကြည်ဘီအေ (ရာဇ၀င်ဂုဏ်ထူး) ဘီအီးဒီ၊ ဘီအယ်လ်ရေး မြန်မာရာဇ၀င် သိအပ်ဖွယ်ရာ
အဖြာဖြာ စာအုပ်စာမျက်နှာ (၁၂၂) တွင် (၃)ရာစုလောက်ကစပြီး ဟိန္ဒူဘာသာရခိုင်ပြည်သို့ ရောက်လာသည်။
၁၅ ရာစုတွင် မူကား အီစ္စလာမ်ဘာသာရောက်လာပြီး များစွာသော ရခိုင်တို့သည် မွတ်စလင်ဘာသာ
ဝင်များ ဖြစ်လာကြသည်။ ထိုအချိန်မှစ၍ ရခိုင်မင်းများသည် ဗုဒ္ဓဘာသာကိုးကွယ်ကြသော် လည်း
သူတို့၏ ဘွဲ့များမှာမူကား မွတ်စလင်ဘွဲ့များဖြစ်သည်။ ဥပမာ ``ဘစောဖြူ´´ မင်းကို ``ကလီမားရှား``
ဟူ၍လည်းကောင်း၊ ``မင်းခမောင်း``ကို ``ဟူစိန်ရှား``ဟူ၍ လည်းကောင်း မွတ်စလင်ဘွဲ့များဖြင့်
ခေါ်ဆိုကြသည်။
၁၉၆၂ခု၊
ဧပြီလ (၃၀)ရက်ထုတ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပါတီစည်းရုံးရေး ဗဟိုကော်မတီဌာနချုပ်မှ
ထုတ်ဝေသော ``အခြေပြုမြန်မာနိုင်ငံရေးသမိုင်း´´ စာမျက်နှာ (၃၈၇) ``မင်းစောမွန်`` နောက်ဆက်ခံသော
မင်းဆက်များမှာ အောက်ပါအတိုင်းဖြစ် သည်-
၁။ မင်းခရီး (နရမိတ်လှကိုဆက်ခံသူ (အေဒီ ၁၄၃၄-၁၄၅၉)
(အလီခန်)။
၂။ ဘစောဖြူ (အေဒီ ၁၄၅၉-၁၄၈၂) (ကလီမားရှား)။
၃။ မင်းဒေါလျာ (အေဒီ ၁၄၂၈-၁၄၉၂) (မေနုရှား)။
၎။ ဘစောမင်းညို (အေဒီ ၁၄၉၂-၁၄၉၄) (မူဟာမက်ရှား)။
၅။ မင်းရန်အောင် (အေဒီ ၁၄၉၄) (နုရီရှား)။
၆။ စလင်္ကသူ (အေဒီ ၁၄၉၄-၁၅၀၀) (ရှိတ်အဗ္ဗဒုလ္လာရှား)။
၇။ မင်းရာဇာ (အေဒီ ၁၅၀-၂၃) အီလီသျာ (ဒီလိုင်ယပ်ရှား)။
၈။ မင်းစောအို (အေဒီ ၁၅၂၅) ဇလသျာ (ဂျလာလ်ရှား)။
၉။ သဇာတ (အေဒီ ၁၅၂၅-၃၁၀) အီလီသျာ (အလီရှား)။
အထက်ပါ မင်းတို့သည် ယင်းတို့နှင့် ယှဉ်တွဲဖော်ပြထားသည့်အတိုင်း
မူစလင် ဘွဲ့မည်များကို ခံယူထားသော်လည်း စင်စစ်ဗုဒ္ဓဘာသာဝင် ရခိုင်မင်းများသာဖြစ်ကြသည်။
မိမိတို့ပိုင်နက်အတွင်း အထူးသဖြင့် အီစ္စလာမ်ဘာသာဝင်များကို သိမ်းသွင်းစည်းရုံးထားနိုင်
စေရန် မဂိုဧကရာဇ်နှင့် တန်းတူရည်တူ ဘွဲ့မည်ခံယူထားနိုင်ကြောင်းကို ပြသရန်ဖြစ်ပေ သည်ဟု
ဖော်ပြပါရှိပါသည်။
၁၉၅၄ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်နေ့၊
ည၈နာရီအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်
ဦးနု၏ အသံလွှင့် မိန့်ခွန်းမှ
ကောက်နုတ်ချက်
ပြည်ထောင်စုရဲ့
အနောက်တောင်ဖက်မှာ ရခိုင်တိုင်းရှိတယ်၊ အဲဒီရခိုင်တိုင်းရဲ့ စစ်တွေ ခရိုင်ထဲမှာ ဘူးသီးတောင်နှင့်
မောင်တောဆိုတဲ့မြို့နယ် (၂)မြို့နယ် ရှိတယ်။ အဲဒီ မြို့နယ် (၂)မြို့နယ်ဟာ အရှေ့ပါကစ္စတန်နှင့်
နယ်ချင်းဆက်စပ်နေတယ်၊ ဒီဘူးသီးတောင် နှင့် မောင်တောမြို့နယ်အတွင်းမှာ
နေထိုင်ကြတဲ့ပြည်ထောင်စုသားများဟာ များသောအား ဖြင့် ``ရိုဟင်ဂျာ`` အမျိုးသားများဖြစ်ပြီး မွတ်စလင်များဖြစ်ကြပါတယ်ဟု အသံလွှင့်
မိန့်ခွန်း ရှင်းလင်းချက်စာအုပ်စာမျက်နှာ
(၃) တွင် ဖော်ပြထားပါသည်။
နိုင်ငံတော်ဒုဝန်ကြီးချုပ်နှင့်
ကာကွယ်ရေးဝန်ကြီး ဦးဗဆွေ၏
လူထုအစည်းအဝေးမိန့်ခွန်းကောက်နုတ်ချက်။
၁၉၅၉ခုနှစ်၊
နိုဝင်ဘာလ (၃-၄)ရက်နေ့များတွင် ဘူးသီးတောင် မောင်တောမြို့လူထု အစည်းအဝေး၌ အောက်ပါအတိုင်း
မိန့်ခွန်းမြွတ်ကြားခဲ့ပါသည်။
``ရိုဟင်ဂျာ`` လူမျိုးစုများသည် လူနည်းစုများဖြစ်ကြသော
ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်စသော တိုင်းရင်းသားလူမျိုးများနှင့်
တန်းတူဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာက ရာဇ၀င်အရ နေထိုင်လာခဲ့ကြကြောင်း၊
၎င်းတို့သည် သစ္စာသမာဓိနှင့် ပြည့်စုံကာ တိုင်းရင်းသားအခြားလူမျိုးများနှင့် ရင်းနှီးစွာ
ချစ်ကြည်ကြကြောင်း ရာဇ၀င်အထောက်အထားများနှင့် မိန့်ကြားသွားခဲ့ပါသည်။
မြန်မာ့နိုင်ငံရေး
၁၉၅၈-၁၉၆၂ တတိယတွဲ ဦးကျော်ဝင်း၊ ဦးမြဟန်နှင့် ဦးသိန်းလှိုင်တို့ က ပြုစု၍ မြန်မာ့သမိုင်းဖြစ်ရပ်မှန်များ
ရေးသားပြုစုရေးအဖွဲ့ စီစဉ်ပြီး (၁၉၉၁)ခုနှစ်တွင် ထုတ်ဝေခဲ့ရာတွင်လည်း ရိုဟင်ဂျာလူမျိုးများနှင့်
ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ အသင်းမှ
ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ် ပေးသင့်မပေးသင့် ဆွေးနွေးခဲ့ကြောင်း ဖတ်ရှုရပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊
ပညာရေးနှင့် စိတ်ဓာတ်ရေးရာ ညွှန်ကြားရေးမှူးရုံး တပ်မတော်ခေတ်ရေး စာစောင်(၂)စောင်အနက်
(၈.၈.၆၁)နေ့ထုတ် အတွဲ ၁၂အမှတ် (၉) စာစောင်တွင် ``ပျောက်သောသူပြန်တွေ့သည့်ပမာ´´ ခေါင်းစဉ်ဖြင့် ဘူးသီးတောင် မောင်တောတွင်
ရိုဟင်ဂျာလူမျိုး (၉၇%)ရှိကြောင်း ဖော်ပြပါရှိပါသည်။
၁၉၆၄
ခုနှစ် စာပေဗိမာန်မှ ထုတ်ဝေသည့် မြန်မာ့စွယ်စုံကျမ်းအတွဲ (၉)စာမျက်နှာ ၈၉/၉၀တွင် မေယုနယ်ခြားခရိုင်အကြောင်းဖော်ပြထားရာ
(ဘူးသီးတောင် မောင်တော)တွင် လူဦးရေ (၄)သိန်း (၅)သိန်းခန့်ရှိရာ (၇၅%)မှာ ရိုဟင်ဂျာလူမျိုးများဖြစ်ကြောင်း
ဖော်ပြထား ပါသည်။
(၁၅.၅.၆၁)နေ့မှစ၍
ရိုဟင်ဂျာတိုင်းရင်းသားလူမျိုးစု၏ အစီအစဉ်တစ်ရပ်ကို တစ်ပတ်လျှင် (၃)ကြိမ်နှုန်းဖြင့်
ဒုတိယမြန်မာပိုင်းအစီအစဉ်မှ ရိုဟင်ဂျာဘာသာစကားဖြင့် အသံလွှင့်ခွင့် ရရှိခဲ့ပါသည်။ ထိုသို့
ရိုဟင်ဂျာဘာသာ အစီအစဉ်ဖြင့် အသံလွှင့်ခဲ့သည့်
ကိစ္စကို ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနထုတ် နှစ်(၃၀)မြန်မာအသံစာအုပ် စာမျက်နှာ
(၇၁)တွင် တရားဝင်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
မြန်မာ့အသံ
(၂၅)နှစ်မြောက် ငွေရတုသဘင်စာအုပ်အဖြစ် ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် သောတရှင်မဂ္ဂဇင်းကို
ထုတ်ဝေခဲ့ရာ ထိုစာအုပ် စာမျက်နှာ ၅၅တွင် ၁၉၄၇ခုနှစ်စ၍ တိုင်းရင်းသားဘာသာ စကားများဖြင့် စတင်အသံလွှင့်ခွင့်ပြုခဲ့သည့် ရက်စွဲများကို
ဖော်ပြရာ၌ ၁၉၄၇ ခုနှစ်တွင် အဓိက ရှမ်းနှင့် ကချင်ဘာသာ၊ ၁၉၄၉ခုနှစ်တွင်-စကောကရင်နှင့်
ပိုးကရင်ဘာသာ၊ ၁၉၅၉နှစ်တွင် ချင်းဘာသာ၊ ၁၉၆၁ခုနှစ်တွင် မွန်ဘာသာ၊ ပအို့စ်ဘာသာ၊ လားဟူဘာသာ၊
ရိုဟင်ဂျာဘာသာနှင့် ကယားဘာသာတို့ အသံလွှင့်ခဲ့ကြောင်း
ဖော်ပြထားပါသည်။
လူသားမျိုးနွယ်အချို့သည်
မူလက သမိုင်းစဉ်အရ ၎င်းတို့ ခေါ်ဝေါ်ခဲ့ကြသည့် လူမျိုး အမည်မှ ၎င်းတို့ကြိုက်နှစ်သက်ရာ လူမျိုးအမည်ကို
ပြောင်းလဲမှည့်ခေါ်လာခဲ့ကြကြောင်း အထင်အရှားတွေ့မြင်နိုင်ပါ။ ယင်းကဲ့သို့ မိမိတို့လူမျိုးအမည်
မိမိတို့ကြိုက်နှစ်သက်ရာ ပြောင်းလဲမှည့်ခေါ်သတ်မှတ်လာခဲ့ကြခြင်းကို အခြားလူတစ်စု လူမျိုးတစ်မျိုးက
ကန့်ကွက် ခွင့် ရှိမည်မဟုတ်ချေ။ လူတိုင်းလူတိုင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော လူသားတို့၏
မွေးရာပါ အခွင့်အရေးလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ယခင်က ``လ၀``လူမျိုးမှ
``၀``လူမျိုး၊ ``ကရင်နီ``မှ ``ကယား``လူမျိုး၊ ``တလိုင်း`` လူမျိုးမှ ``မွန်``လူမျိုးဟု
လည်းကောင်း အသီးသီး ပြောင်းလဲခေါ်ဝေါ်လာခဲ့ကြသည်။ သမိုင်းစဉ်အရ ငြင်းဆိုနိုင်မည်မဟုတ်ချေ။
ပြည်ထောင်စုမြန်မာသမ္မတနိုင်ငံတော်
ရှမ်းပြည်နယ်တွင် ``ရှမ်း´´၊ ``ပအို့ဝ်``၊ ``ကိုးကန့်``၊ ``၀``၊ ``ဓနု``၊ ``ပလောင်``
စသဖြင့် လူမျိုးနွယ်စုများ စုံလင်စွာ ရှိနေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ``ကိုးကန့်``၊
``၀``၊ ``ပအို့စ်``၊ ``ဓနု``၊ ``ပလောင်`` လူမျိုးများမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသီးသီးရရှိထားပြီးဖြစ်ပါသည်။ ရှမ်းလူမျိုးတို့က
အဆိုပါ ကိစ္စများအပေါ် တစ်စုံတစ်ရာ ကန့်ကွက်မှုမရှိသည့်အပြင် ကြိုဆို လက်ခံထားလျက်ရှိသည်ကို
မြင်တွေ့နိုင်ပါသည်။
ကမ္ဘာ့မီဒီယာ၊
မြန်မာ့မီဒီယာများအား အလွန်ယုံကြည်လေးစားကြပါသည်။ နိုင်ငံ တကာ သတင်းဌာနအချို့နှင့်
မြန်မာဂျာနယ်အချို့သည် ရိုဟင်ဂျာကိစ္စကို သာသာ ထိုးထိုးနှိမ့်ချရေးသားကြသည်ကို ဖတ်မိသော
ပရိတ်သတ်များ သို့လော သို့လော ဖြစ်ကုန် ကြပါသည်။ မိမိဂျာနယ်မှာ ရေးသားသော သတင်းမှန်သည်
မှားသည်တစ်ဘက် စောင်းသည် မီးလောင်ရာလေပင့်သလို ဖြစ်နေသည်ကို မစဉ်းစားဘဲ သတင်းဖော်ပြရန်သာ
ဆန္ဒစောနေကြပါသည်။ ရိုဟင်ဂျာလူမျိုးများ သတင်းမှန်ရင်
ဖော်ပြခွင့်မရှိပါ၊ ဂျာနယ် များက မဖော်ပြချင်တာလည်း ဖြစ်နိုင်ပါသည်။ သတင်းဘယ်လောက်မှန်တယ်
မှားတယ်ဆိုတာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က
တားယူရသည့်အထိ ဖြစ်ခဲ့ပါသည်။
တစ်ဖက်နှင့်တစ်ဖက်
ဖြစ်ပြီဆိုရင် နှစ်ဖက်ကို မျှတအောင်မေးမြန်းသင့်ပါသည်။ ရိုဟင်ဂျာသတင်း ရိုဟင်ဂျာကို
မေးမြန်းမှ သင့်တော်မည်။ တစ်ဖက်လူကိုလည်း မေးမြန်းပါ။ တစ်ဖက်စွပ်စွဲချက်များနှင့် ရိုဟင်ဂျာတို့အပေါ် စွဲချက်မတင်သင့်ဘူးလို့ ရိုးသားစွာ
ယုံကြည် ပါသည်။
ရိုဟင်ဂျာဘယ်တုန်းကမှ
မြန်မာနိုင်ငံမှာ မရှိခဲ့ဘူးလို့ ပြောနေကြသည့် ပုဂ္ဂိုလ်ကျော် ကြီးများကို ပြောချင်တာက
ရိုဟင်ဂျာသည် လူသားမျိုးနွယ်စုတစ်စုပါ။ ရိုဟင်ဂျာများသည်
မဆလပါတီခေတ်ကတည်းက လူသားဆန်သော ဆက်ဆံမှုမျိုး ယနေ့တိုင် မျှော်လင့်စောင့် စားနေပါသည်။
ခေတ်သစ်ဒီမိုကရေစီဖြစ်သည့်အတွက် စိတ်သစ်၊ လူသစ်နှင့် လူသား မျိုးနွယ်စု တစ်စုလို အမြင်ကြည်လင်စေချင်ပါသည်။
ခေတ်အဆက်ဆက်နိုင်ငံတော်အစိုးရ များမှ အသိအမှတ်ပြုမှုများပင်
လက်ရှိအချိန်၌ နောက်ကြောင်းပြန် အာဏာသက်ရောက်စေ ပြီး ပယ်ဖျက်ခံရသကဲ့သို့ ခံစားနေရပါသည်။
တိုင်းရင်းသားလူမျိုး
(၁၃၅)မျိုးတွင် ရိုဟင်ဂျာမပါဘူးလို ပြောဆိုခြင်းသည် မဆလ တစ်ပါတီအာဏာရှင်များနှင့် ရခိုင်ပြည်နယ်မှ
နိုင်ငံရေးသမားအချို့ ကန့်ကွက်ခဲ့ကြလို့ တိုင်းရင်းသားလူမျိုး (၁၃၅)စာရင်းထဲ ပါဝင်ခွင့်ကို
အခုအမြင်အတိုင်း ရိုဟင်ဂျာလူမျိုးများ မဆလပါတီ အုပ်ချုပ်စဉ်က ပါဝင်ဆွေးနွေးခွင့်မရရှိဘဲ
တရားမျှတမှု ကင်းမဲ့စွာ ပစ်ပယ်ခံခဲ့ ကြရပါသည်။ ရိုဟင်ဂျာသည် ခိုးဝင်လာသူများဖြစ်သည်ဟု
မဆလ အာဏာရှင်ခေတ်မှစ၍ ယနေ့အထိ ပြောဆိုခြင်းသည် မဆလပါတီကို လွမ်းနေသူများပြောဆိုနေသည်ဟု
ခံစားမိပါ သည်။ မဆလ ပါတီက တိုင်းရင်းသားလူမျိုး (၁၄၄)မျိုးမှ (၁၄၃)မျိုးဟု (၁၉၇၃)ခုနှစ်တွင်
ကြေငြာခဲ့ခြင်းဖြစ်ပါသည်။
ယင်းကဲ့သို့
တိုင်းရင်းသားလူမျိုး (၁၄၄)မျိုးမှ တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးဟု မည်သည့် အစိုးရလက်ထက်
မည်သည့်လွှတ်တော်အစည်းအဝေးက အတည်ပြုသည်ကို အတိအလင်းမတွေ့မြင် မသိရှိရပါ။ ၁၉၇၃-ခုနှစ်
နိုင်ငံခြားသားစာရင်းတွင် ပါရှိခဲ့သော ဒိုင်းနက်လူမျိုးသည် ယခုအခါ တိုင်းရင်းသားလူမျိုးစာရင်းတွင်
ပါဝင်လာခဲ့ရာ မည်သည့်အ စိုးရလက်ထက် မည့်သည့်လွှတ်တော်အစည်းအဝေးက အတည်ပြုခဲ့သည်ကိုလည်း
မတွေ့ မြင်မသိရှိရပါ။
ရိုဟင်ဂျာမျိုးနွယ်စုဝင်များ
ကွယ်ပျောက်ရန်အန္တရာယ်ရှိနေခြင်းကြောင့် သမိုင်းပညာ ရှင်များ၊ ဥပဒေပညာရှင်များ၊ နိုင်ငံတော်အကြီးအကဲများနှင့်စုံစမ်းရေးကော်မရှင်တို့က
နှစ်ပေါင်း(၅၀)နီးပါး သမိုင်းစာမျက်နှာမှ ပျောက်နေခဲ့သော ရိုဟင်ဂျာမျိုးနွယ်စု၏ သမိုင်း
ကြောင်း အစစ်အမှန်တို့ကို တရားမျှတစွာ လေ့လာဖော်ထုတ်ပေးပြီး လူမျိုးစုငယ်များအား ဥပဒေများဖြင့် ကာကွယ်စောင့်ရှောက်ပေးသင့်ပါကြောင်း
အကြံပြု တင်ပြလိုက်ပါသည်။
မေယု-မျိုးအောင်
စာရေးဆရာ
၁၂/မဂဒ(နိုင်)
၀၉၈၃၃၈
၂၅၊
(၄)လွှာ(ဒီ)၊ (၁၃၆)လမ်း
မအူကုန်း၊
တာမွေ
ဖုန်း-0943189687
No comments:
Post a Comment