Sunday, May 26, 2013

သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးနှင့် လူနည်းစု တိုင်းရင်းသား များနှင့် ပြန်လည် ရင်ကြားစေ့ရေး ဆက်လက်ဆောင်ရွက်ရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တိုက်တွန်းမည်

Sunday, May 26, 2013

မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် သမ္မတဦး သိန်းစိန်နှင့် နေပြည်တော်တွင် တနင်္ဂနွေနေ့ (ယနေ့) တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံရာတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးများနှင့် တိုင်းရင်းသား လူနည်းစုများနှင့် ပြန်လည်ရင်ကြားစေ့ရေး ဆက်လက် အကောင်အထည်ဖော်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဂျပန်မီဒီယာများတွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် စွမ်းအင်နှင့်ရေ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေ သုံးစွဲရန် ဂျပန်နိုင်ငံ အနေဖြင့် အဆင်သင့်ဖြစ်နေကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားမည်ဟုလည်း ဂျပန်မီဒီယာများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန်နှင့် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၄ ရက် ညပိုင်းက ရောက်ရှိလာခဲ့သည်။ ထို့အတူ ဂျပန်စီးပွားရေး လုပ်ငန်းရှင် အများအပြားလည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ လိုက်ပါလာခဲ့သည်။

သုံးရက်ကြာမြင့်မည့် ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ် တာကီယိုဖုကုဒသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

ရှင်ဇိုအာဘေးသည် အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် မေ ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ဂျပန်အစိုးရသည် မြန်မာနိုင်ငံ သို့ ပေးအပ်ခဲ့သော စီးပွားရေး အကူအညီ အထောက်အပံ့များကို ရပ်ဆိုင်းခဲ့သလို မြန်မာ-ဂျပန် ဆက်ဆံရေးသည်လည်း ပြောင်းလဲသွားခဲ့သည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ ၂၀၁၁ ခုနှစ် မတ်လတွင် တက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်လာ၍ ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့တွင် ကူညီထောက်ပံ့မှုများကို ပြန်လည်ပြုလုပ်လာခဲ့သည်။ ထို့ ပြင် မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကိုလည်း လျှော်ပစ်ခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် အစိုးရနှင့် လူနည်းစု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ရင်ကြားစေ့ရန် မြန်မာနိုင်ငံတွင် အမျိုးသား ရင်ကြားစေ့ရေးအတွက် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ရိုဟေးဆာဆာကာဝါအား ယခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က ခန့်အပ်ခဲ့သည်။


No comments:

Post a Comment