Sunday, April 14, 2013

မြန်မာတိုင်းရင်းသားရေးရာ သဘောထားထုတ်ပြန်ချက်

၁။ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံတွင် တိုင်းရင်းသားဖြစ်ခြင်း အဓိပ္ပါယ်ကို မှန်မှန်ကန်ကန် ဖွင့်ဆိုရန် လိုအပ်နေသည်”ဟု ပြောကြားခဲ့ပါသည်။

၂။ နှစ်တစ်ထောင်ကျော်သက်တန်းရှိပြီး ၁၉၄၈ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ တွင် အစ္စလာမ်သာသနာဝင် တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား (၁၄၄)မျိုးရှိသည်။ ၁၉၆၂ခုနှစ်မှ စတင်သော မဆလ၊ နဝတ၊ နအဖသမိုင်းသည် လိမ်ညာလှည့်ဖျားမှု၊ အာဏာအလွဲသုံးစားမှု များနှင့် ပြည့်လျှမ်းနေသော စစ်အာဏာရှင်သမိုင်းဖြစ်သဖြင့် နှစ်ငါးဆယ် စစ်အာဏာရှင်သမိုင်းကို ဂုဏ်ရောင်ပြောင်၊ အစဉ်အလာကြီးသော နှစ်တစ်ထောင်ကျော် မြန်မာ့သမိုင်းဟု တာဝန်ရှိသော မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များက လွဲမှားစွာ မမှတ်ယူသင့်ချေ။

၃။ နိုင်ငံတော် လုံခြုံရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အသက်တမျှ အရေးပါသော တိုင်းရင်းသားဖြစ်ခြင်းနှင့် မဖြစ်ခြင်းကို ပြည်သူလူထု၏ သဘောထားမပါဘဲ လက်တစ်ဆုပ်စာ စစ်အာဏာရှင်အုပ်စုက ထင်သလိုသတ်မှတ်ခြင်း၊ ငြင်းပယ်ခြင်းပြုလုပ်နေခဲ့သည်မှာ ကာလရှည်ကြာ ခဲ့ပေပြီ။

၎။ ၁၉၈၈တွင် အာဏာထပ်သိမ်းခဲ့သော ဗိုလ်ချုပ်မှူးကြီးစောမောင်က တိုင်းရင်းသားလူမျိုး (၁၄၄)မျိုးစာရင်းမှ အစ္စလာမ်ဘာသာကိုးကွယ်သော မြန်မာမွတ်စလင်၊ ရိုဟင်ဂျာ၊ ပသျှူး(မလေး)၊ မြေဒူး တို့အပါအဝင် တိုင်းရင်းသားအချို့ကို မိမိသဘောနှင့် ဖယ်ထုတ်ချန်လှပ်ထားပြီး တိုင်းရင်းသား(၁၃၅)မျိုးဟု မာရှယ်လောနှင့် ထုတ်ပြန်ကြေငြာခဲ့သည်။ မူလဘူတ တိုင်းရင်းသားများ၏ ပိုင်ခွင့်ကို ပယ်ဖျက်နိုင်သော အခွင့်အာဏာသည် စစ်အာဏာသိမ်းအစိုးရ မဆိုထားဘိ၊ မည်သည့်ဒီမိုကရေစီ အစိုးရမျိုးတွင်ပင် မရှိပါ။ ဥပဒေမဲ့ ပြုကျင့်မှုဖြစ်၏။

၅။ ပြည်သူကရွေးချယ်ထားသော လွှတ်တော်များရှိနေသော ယနေ့ကာလမျိုးတွင်ပင် လွှတ်တော်များ ကို ဘေးချိတ်ပြီး အစိုးရလုပ်သူက မိမိစိတ်ကြိုက် တိုင်းရင်းသားလူမျိုး (၁၀၁)မျိုးဟု ထပ်မံပြင်ဆင် သတ်မှတ်လိုက်ခြင်းမှာလည်း အလျဉ်းမသင့်လျှော်ရုံမက မိမိတွင်မရှိသော အမိန့်အာဏာကို ကျော်လွန်၍ တရားမဲ့ကျင့်သုံးလိုက်ခြင်းဖြစ်သဖြင့် တရားမဝင်ပါ။

၆။ ထိုမျှမက ဇိုမီးလူမျိုးကို တိုင်းရင်းသား(၁၀၁)မျိုးတွင် မပါ၍ လက်မခံဟုဆိုပြီးနောက် ဇိုမီးကို တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်လိုက်ရပြီးနောက်တွင်လည်း တိုင်းရင်းသား(၁၀၂)မျိုး ဖြစ်လာရမည့် အစား (၁၀၁)မျိုးဟုသာ ဆက်လက်ပြောဆိုနေသဖြင့်လည်းကောင်း၊ တိုင်းရင်းသား(၁၀၁)မျိုးကို အစိုးရက လွှတ်တော်များကို တင်ပြခြင်းမပြုဘဲ မည်သည့်အခွင့်အာဏာကိုသုံး၍ ပြောင်းလဲ သတ်မှတ်နိုင်သည် ကိုလည်းကောင်း၊ တိုင်းရင်းသား(၁၀၁)မျိုးသည် မည်သူများဖြစ်ကြောင်း လွှတ်တော်များအပါ အဝင် ပြည်သူလူထုက မသိရှိရသေးခြင်းကြောင့်လည်းကောင်း လက်ရှိအစိုးရသည် မိမိလုပ်ပိုင်ခွင့်ဘောင် ကိုကျော်၍ လုပ်ဆောင်နေကြောင်း ထင်ရှားသည်။

၇။ ကျွန်ုပ်တို့သည် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ ပြည်သူလူထု၏ အကျိုးစီးပွါးသည် အစ္စလာမ်သာသာဝင် မြန်မာတိုင်းရင်းသားများ၏ အကျိုးစီးပွါးဖြစ်ပြီး၊ အစ္စလာမ်ဘာသာဝင် မြန်မာ တိုင်းရင်းသားများ၏ အကျိုးစီးပွါးသည် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ ပြည်သူလူထု၏ အကျိုးစီးပွါးနှင့် ထပ်တူဖြစ်သည်ဟု သမိုင်းစဉ်ဆက် အစဉ်တစိုက် ယုံကြည်သူများဖြစ်သည်။ ကျွန်ုပ်တို့သည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို လိုလားသူများလည်းဖြစ်ကြ၏။

၈။ ထို့ကြောင့် တိုင်းရင်းသားဖြစ်ခြင်း၏ အနက်အဓိပ္ပါယ်ကို မှန်မှန်ကန်ကန် ဖွင့်ဆိုရေး၊ တိုင်းရင်းသားများ အမည်စာရင်းကို တရားဝင် တိတိကျကျ သတ်မှတ်ရေး၊ တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် တာဝန်များကို သတ်သတ်မှတ်မှတ် ပြဌာန်းရေးနှင့် မြန်မာမွတ်စလင်(ပသီ)၊ ရိုဟင်ဂျာ၊ ပသျှူး(မလေး)၊ မြေဒူး၊ ရှမ်းနီအပါအဝင် တိုင်းရင်းသားများတို့၏ မူလအခွင့်အရေးများ ပြန်လည်ရရှိရေးတို့အတွက် သမိုင်းပညာရှင် များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပေါင်းစုံ လူထုလူတန်းစားအဖွဲ့အစည်းများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလည်များပါဝင်သော ကွန်ဖရင့်ကြီးကို နိုင်ငံတော်အစိုးရက တာဝန်ခံ၍ ၂၀၁၅ရွေးကောက်ပွဲ မတိုင်မီ ကျင်းပပြုလုပ်ပေးပါရန် လေးနက်စွာ တောင်းဆိုသည်။

မြန်မာမွတ်စလင် အစည်းအရုံး
ဧပြီလ (၁၃) ၂၀၁၅

No comments:

Post a Comment