Sunday, May 26, 2013

ရာသီဥတု ပြောင်းလဲမှုကြောင့် သက်ရောက်နိုင်ခြေ အမြင့်မားဆုံး အာရှစီးပွားရေး မြို့များတွင် ရန်ကုန်မြို့ နံပါတ် (၄) နေရာ၌ ရှိနေ

Sunday, May 26, 2013

အာရှဒေသတွင်း ရာသီဥတု ဖောက်ပြန်မှုကြောင့် ထိခိုက်သက်ရောက်နိုင်ခြေ အမြင့်မားဆုံး မြို့များတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့သည် နံပါတ် (၄) နေရာ၌ ရှိနေကြောင်း သိရသည်။

အာရှဒေသတွင်းရှိ အနာဂတ်ကာလ ကမ္ဘာ့စီးပွားရေးအတွက် အရေးပါမှုနှင့် အဆိုပါ နိုင်ငံများ၏ လက်ရှိအနေအထားများအရ မြို့ ၅၀ ရွေးချယ်ရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒါကာ၊ ဖိလစ်ပိုင်နိုင်ငံရှိ မနီလာ၊ ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ မြန်မာနိုင်ငံရှိ ရန်ကုန်၊ အင်ဒိုနီးရှားရှိ ဂျကာတာ၊ ဗီယက်နမ်ရှိ ဟိုချီမင်း၊ အိန္ဒိယရှိ ကိုလ်ကတ္တားတို့သည် အပူချိန်ပြောင်းလဲခြင်း၊ မိုးလေ၀သ ပြောင်းလဲခြင်း စသည်တို့ကြောင့် လာမည့်နှစ်များအတွင်း သက်ရောက်နိုင်ခြေ အမြင့်ဆုံးအဖြစ် အသီးသီး ပေါ်ထွက်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ရာသီဥတု ပြောင်းလဲမှုအပေါ် ခုခံနိုင်မှု အားနည်းခြင်းဆိုင်ရာ ညွှန်းကိန်းဖော်ပြမှုတွင် ခန့်မှန်းထားသည်။

ကမ္ဘာတစ်ဝန်း ပေါ်ထွက်လာနေသော ဈေးကွက်များ၏ အခွင့်အလမ်းသစ်များအပေါ် သက်ရောက်နိုင်သည့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ နိုင်ငံရေး စသည်တို့အား စောင့်ကြည့်လေ့လာလျက် ထုတ်ပြန်မှု ပြုလုပ်နေသည့် ဗြိတိန်နိုင်ငံရှိ Maplecroft က ဖော်ပြခဲ့ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် ရန်ကုန်မြို့၊ ၂၀၁၁ ခုနှစ်တွင် ဘန်ကောက်မြို့၊ ၂၀၁၂ခုနှစ်တွင် မနီလာမြို့တို့၌ သဘာဝဘေးဒဏ်ကို ခံရခြင်းကဲ့သို့သော ဖြစ်ရပ်များသည် နောင်တွင် အကြိမ်ရေပိုများကာ ပို၍လည်း ပြင်းထန်လာနိုင်ခြေရှိကြောင်း . . . . .

အဆိုပါမြို့ ခုနစ်မြို့သည် သက်ရောက်နိုင်ခြေ အမြင့်ဆုံးဖြစ်ပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှု၊ နေထိုင်သူများ၏ ထိခိုက်လွယ်သည့် အနေအထား၊ ဖွံ့ဖြိုးမှု၊ သဘာဝ အရင်းအမြစ်၊ စိုက်ပျိုးရေး လုပ်ငန်းအပေါ် မှီခိုအားထားရမှု၊ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အစိုးရ၏ အုပ်ချုပ်မှုမှ ပြည်သူအပေါ် အကျိုးရှိခြင်း၊ ပညာရေးအဆင့်အတန်း စသည်တို့အပေါ် အခြေခံ၍ တွက်ချက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ယင်းသို့ သက်ရောက်နိုင်ခြေ မြင့်မားသော မြို့များသည် အနာဂတ်တွင် မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာ ဖြစ်ရပ်များကို အကြိမ်ရေ ပို၍တွေ့ကြုံ လာရမည်ဖြစ်ကြောင်း၊ ဥပမာ ၂၀၀၈ ခုနှစ်တွင် ရန်ကုန်မြို့၊ ၂၀၁၁ ခုနှစ်တွင် ဘန်ကောက်မြို့၊ ၂၀၁၂ခုနှစ်တွင် မနီလာမြို့တို့၌ သဘာဝဘေးဒဏ်ကို ခံရခြင်းကဲ့သို့သော ဖြစ်ရပ်များသည် နောင်တွင် အကြိမ်ရေပိုများကာ ပို၍လည်း ပြင်းထန်လာနိုင်ခြေရှိကြောင်း Maplecroft က ဆိုထားသည်။

ကာလရှည် ပြောင်းလဲမှုများ အနေဖြင့် အခြေခံ အဆောက်အအုံများ၊ လူထု၏ ကျန်းမာရေး၊ ဂေဟစနစ် စသည်တို့အပေါ်တွင် သက်ရောက်နိုင်သည့် အပူချိန် ပြောင်းလဲခြင်း၊ မိုးရရှိမှု ပြောင်းလဲခြင်းတို့ကို ကြုံတွေ့နိုင်သည်ဟု သိရှိရသည်။

ရန်ကုန်မြို့သည် ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းကြောင့် သက်ရောက်ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပြီး သက်တမ်းရင့် အပင်များ အပါအ၀င် သစ်ပင်များစွာ ဆုံးရှုံးပျက်စီးမှုသည် ရာသီဥတု ပူနွေးပြောင်းလဲခြင်းကို ဖြစ်ပေါ်စေကာ စက်မှုလုပ်ငန်း များပြားမှု၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်သည့် ရင်းမြစ်များပြားမှု စသည်တို့သည် နှစ်စဉ် နွေရာသီကာလ၌ ပူပြင်းခြောက်သွေ့မှုကို တွေ့ကြုံလာစေသည်။

ရန်ကုန်မြို့သာမက မြန်မာနိုင်ငံ တစ်ဝန်းတွင် ရာသီဥတု ပြောင်းလဲမှုသည် ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် သိသာလာခဲ့ပြီး မိုးရွာသွန်းသောရက် နည်းပါးခြင်း၊ ပူပြင်းခြောက်သွေ့သော ကာလရှည်ကြာခြင်း၊ အေးမြသည့်ရက်ကာလ တိုတောင်းလာခြင်း၊ သဘာဝ ဘေးအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့ ရင်ဆိုင်လာရခြင်း စသည်တို့ဖြစ်သည်။

No comments:

Post a Comment