Sunday, April 14, 2013

ငပလီတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါက်တာအေးမောင် ရုံးပိတ်ရက်အတွင်း အနားယူ

ယခင် နအဖအဖွဲ့ အကြီးအကဲဟောင်းဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်မိသားစုမှာ ယခုနှစ် ၂၀၁၃ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း မြန်မာနိုင်ငံ၏ နာမည်ကြီး ကမ္ဘာကျော် ငပလီအပန်းဖြေစခန်းရှိ အဏ္ဏ၀ါဧည့်ရိပ်သာတွင် လာရောက် အပန်းဖြေနေကြောင်း သတင်းရရှိပါတယ်။

ယင်းသတင်းအား သံတွဲမြို့ရှိ ဟိုတယ်လုပ်ငန်းများနှင့် နီးစပ်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ မှန်ကန်ကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။

အဏ္ဏ၀ါဧည့်ရိပ်သာသည် နိုင်ငံတော်အဆင့် ရိပ်သာတစ်ခုဖြစ်ပြီး နိုင်ငံတော်ဧည့်သည်များ တည်းခိုရန် စီစဉ်ထားသည့် အဆောက်အဦးဖြစ်ကြောင်း သိရှိရပြီး နိုင်ငံတော်အဆင့် နိုင်ငံတကာ ဧည့်သည်တော်ကြီးများ လာရောက်သည့်အခါ တည်းခိုလေ့ရှိတယ်လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပင် မွတ်စလင်မ်များအား လူမျိုးတုံး သတ်ဖြတ်မှုအတွက် နောက်ကွယ်မှ ကြိုးကိုင်နေသူတစ်ဦးအဖြစ် ကမ္ဘာတွင် လူသိများသည့် RNDP ပါတီဝင် ဒေါက်တာအေးမောင်သည်လည်း သံတွဲမြို့အနီး ငပလီကမ်းခြေရှိ ထူးကုမ္ပဏီပိုင် ဟော်တယ်တွင် သင်္ကြန်ကာလအတွင်း ရောက်ရှိ တည်းခိုနေကြောင်း သတင်းရရှိထားပါတယ်။

ရခိုင်ပြည်နယ် ဖြစ်စဉ်များအား သမ္မတ ဦးသိန်းစိန်မှ နောက်ကွယ်မှ ကြိုးကိုင်သူရှိသည်ဟု ဆိုထားသော်လည်း မည်သူ မည်ဝါဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားခြင်းမရှိသေးသလို၊ ရခိုင်ပြည်နယ်ဖြစ်စဉ်များ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာသည်လည်း မိတ္ထီလာ၊ နေပြည်တော်နှင့် ပဲခူးတိုင်းဖြစ်စဉ်များကြောင့် ထုတ်ပြန်ပေးရန် ရက်အား ရွှေ့ဆိုင်းထားခဲ့သလို၊ တစ်ဖက်မှာလည်း ဂျာနယ်အချို့တွင် အစိုးရ အရာရှိဝန်ထမ်းတချို့၏ ပြောကြားချက်များ၌ လက်ရှိဖြစ်စဉ်များသည် ရခိုင်များ၏ လက်ချက်၊ ရခိုင်များ၏ လှုံ့ဆော်မှုတို့ ပါဝင်နေသည်ဟူသော အရိပ်အငွေ့ပါ သည့် ပြောကြားမှုများ ရှိနေပါတယ်။

ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နှစ်သစ်ကူး အပမ်းဖြေခရီးစဉ်နှင့် ဒေါက်တာအေးမောင်၏ သံတွဲခရီးစဉ်မှာ ထူးခြားသည့် တိုက်ဆိုင်မှုလား။ တမင်သက်သက် တွေ့ဆုံရန် ရောက်ရှိခြင်းလားဆို တာကတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ယခု ၂၀၁၃ နှစ်သစ်ကူး ကာလများမတိုင်ခင်ကတည်းက ဘာသာရေး အကြမ်းဖက်မှု အတွက် ထောက် လှမ်းရေးပြုတ် ဗိုလ်ခင်ညွန့်နဲ့ ၀ီရသူတို့ 969 တွေရဲ့ အကြမ်းဖက် လှုံ့ဆော်ရေးတွေကလည်း မလျှော့သေးတဲ့အပြင် မွတ်စလင်မ်များက ဘုန်းကြီးဟန်ဆောင်၍ လုပ်ကြံမယ်လို့ သတင်းထွက်လို့ အစိုးရက ပိတ်ပင်လိုက်တယ်ဆိုတဲ့ သတင်းများကလည်း ထွက်ပေါ်နေပါတယ်။

ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်ကလည်း မွတ်စလင်မ်တွေက ဗလီတွေကို ဗုံးခွဲတိုက်ခိုက်ပြီး ဗုဒ္ဓဘာသာတို့အပေါ် အပြစ်ပုံချမယ်လို့ အရိပ်အမြွက်မဟုတ်ဘဲ တိုက်ရိုက် ပြောကြား ခဲ့သလို မိတ္ထီလာမြို့တွင် အကြမ်းဖက်ခံရစဉ် ကြောက်ရွံ့စွာဖြင့် ဘုရားနာမည် `အလ္လာဟ်ဟုအက္ကဗရ်´လို့ တသ အော်ဟစ်နေသော ကလေးများရဲ့အော်သံအား `ဗမာတွေရဲသွေးနဲ့ခြေဆေးမယ်´လို့ အဓိပ္ပါယ်ဖွင့် ဆိုပြီး မွတ်စလင်မ်ခေါင်းဆောင်များအား `အစိုးရက ဘာလုပ်မလဲဆိုတာ ကြည့်ထားကြ´ ဟူသော ခြိမ်းခြောက်ခံရမှုများလည်းရှိနေတယ်လို့ သိရပါတယ်။

>>>အလင်းမျက်ဝန်းမီဒီယာ<<<

No comments:

Post a Comment