Thursday, April 11, 2013

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ကွက် ၃၀ ကို လေလံတင်


Thursday, April 11, 2013 မြန်မာနိုင်ငံ၏ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ကွက်ပေါင်း ၃၀ အား လေလံတင်ခြင်းကို ဧပြီလ ၁၀ ရက်နေ့တွင် စတင် ပြုလုပ်ခဲ့သည်။ နိုင်ငံခြား ကုမ္ပဏီကြီးမျာက စွမ်းအင် ရတနာသိုက်တခုမှ ဝေစု ရရေး မျှော်လင့်ချက်ဖြင့် ယင်းလေလံပွဲကို ဝင်ပြိုင်ကြမည်ဖြစ်ရာ ပြိုင်ဆိုင်မှု ပြင်းထန်မည်ဟု မျှော်မှန်းရသည်။
ယခု လေလံအောင်မြင်သူများကို ရေနက်ပိုင်း ရေနံရှာဖွေရေး လုပ်ကွက် ၁၉ ခုထဲမှ ၃ ခုအထိ လုပ်ကိုင်ခွင့်ပေးမည်ဟု စွမ်းအင် ဝန်ကြီးဌာန၏ ဝဘ်ဆိုက်တွင် ဖေါ်ပြထားသည်။
ကုန်းတွင်း ရေနံရှာဖွေရေး လုပ်ကွက်များအတွက် ပြည်တွင်း ရေနံကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်ရေးကို လိုအပ်ချက်အဖြစ် သတ်မှတ်ထားသည်။ သို့သော် ကုန်ကျစရိတ် အလွန် မြင့်မားမှုနှင့် နည်းပညာ လိုအပ်ချက် ရှိမှုတို့ကြောင့်ရေနက်ပိုင်း ရေနံရှာဖွေရေး လုပ်ငန်းကို လေလံ အောင်မြင်သူများက အပြည့်အဝ ထိန်းချုပ် လုပ်ကိုင်နိုင်မည် ဖြစ်သည်။
သို့သော် လေလံဆွဲသူများသည် အစိုးရ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE)နှင့် ထုတ်လုပ်မှုဝေစု ခံစားခွင့် ကန်ထရိုက် သဘောတူညီမှု ရှိထားရမည်ဟု ဆိုသည်။
“ကမ်းလွန်လုပ်ကွက်က ကုန်းတွင်းပိုင်း လုပ်ကွက်နဲ့ မတူပါဘူး။ ရေနက်ပိုင်း ရေနံရှာဖွေရေး လုပ်ကွက်ကငွေကြေး အမြောက်အများနဲ့ အဆင့်မြင့် နည်းပညာတွေ လိုအပ်ပြီး စွန့်စားရတဲ့ အနေအထား ကြီးပါတယ်” ဟု MOGE မှ တာဝန်ရှိသူ တဦးက AFP သတင်းဌာနကို ပြောသည်။
လေလံတင်မည့် ကမ်းဦးရေတိမ်ပိုင်းလုပ်ကွက် ၁၁ ခုအတွက် လေလံဆွဲမည့် ပြည်ပ ကုမ္ပဏီများသည် မြန်မာ အစိုးရပိုင် ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ရန် လိုပ်ကြောင်း သတ်မှတ်ထားဆဲ ဖြစ်သည်။ နိုင်ငံတကာရေနံ ကုမ္ပဏီကြီးများ ဖြစ်ကြသော BP၊ Woodside၊ Shell နှင့် Chevron တို့က လေလံဆွဲရန် စိတ်ဝင်စားနေကြကြောင်း ဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး ဦးအောင်ကျော်ထူး က AFP သို့ ပြောဆိုထား သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍသည် ပြည်ပပို့ကုန် စုစုပေါင်း၏ ၃၄ ရာခိုင်နှုန်း ဝန်းကျင်ရှိသည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။
ပိတ်ဆို့မှုများ ရပ်ဆိုင်းပြီးနောက် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍသို့ ဝင်ရောက်ရန် စိတ်ထက်သန်နေကြသော အနောက်နိုင်ငံ ကုမ္ပဏီကြီးများကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ အစိုးရက ကုန်းတွင်း ရေနံရှာဖွေရေးလုပ်ကွက် ၁၈ ခုအထိကို ဇန်နဝါရီလ အတွင်း၌ လေလံဖွင့်လှစ်ခဲ့သည်။
မဇ္ဈိမသတင်းဌာန

No comments:

Post a Comment