Showing posts with label စီးပွာရေးသတင်း. Show all posts
Showing posts with label စီးပွာရေးသတင်း. Show all posts

Thursday, October 31, 2013

စီးပွားရေးလုပ်ကိုင်ဖို့အခြေအနေ ကောင်းမွန်တဲ့နိုင်ငံတွေအနက် မြန်မာအဆင့် ၁၈၂ လိုက်

(ဓာတ်ပုံ - http://www.worldbank.org/)
ဗွီအိုအေ (မြန်မာပိုင်း)
ကမ္ဘာ့နိုင်ငံပေါင်း ၁၈၉ နိုင်ငံက စီးပွားရေးအတွက် ကောင်းမွန်တဲ့ ဝန်းကျင်ဖန်တီးမှု အခြေအနေ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ၁၈၂ နေရာမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေ တိုးတက်ဖို့အတွက် လက်ခံနိုင်လောက်တဲ့ အတိုင်း အတာနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC တို့ ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

၁၁ ကြိမ်မြောက်ထုတ်ပြန်တဲ့ Doing Business စီးပွားရေးလုပ်ခြင်း ဆိုတဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်နိုင်ဖို့ စည်းကမ်း သတ်မှတ်ချက် အခြေအနေတွေကို ပထမဆုံးအကြိမ် ဖော်ပြထားပါတယ်။ စုဆောင်းရရှိတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ စီးပွားရေးဆိုင်ရာ သတ်မှတ်ချက်ပိုင်း တိုးတက်လာစေဖို့ လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ ပြုပြင်ပြောင်းလဲမှုတွေ၊ အားထုတ်မှုတွေ လုပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်မန်နေဂျာ Kanthan Shankar က ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ထူထောင်ဖို့၊ တိုးတက်ဖို့အတွက် အစိုးရက  ချုပ်ကိုင်ထားတာတွေကို ဖယ်ရှားပြီး စီးပွားရေးလုပ်ငန်းတွေအတွက် လုပ်သာတဲ့ ဝန်းကျင်မျိုးတွေ ပိုပြီး ဖန်တီးနိုင်တယ်လို့လည်း သူက အကြံပြုပါတယ်။

စီးပွားရေးလုပ်ဖို့ကောင်းတဲ့ အခြေအနေမျိုး ရှိတယ်ဆိုရင် စွန့်ဦးတီထွင်သူတွေ ရင်းနှီးမြှုပ်နှံသူတွေ ဘက်က မြန်မာလူမျိုးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးနိုင်လိမ့်မယ်လို့လည်း IFC ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Charles Schneider က အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၈၉ နိုင်ငံက စီးပွားရေးလုပ်ငန်းတွေ စတင်နိုင်၊ လည်ပတ်နိုင်တဲ့ အခြေအနေ၊ နယ်စပ်ကုန်သွယ်ရေး အခြေအနေ၊ အခွန်ဆောင်တဲ့ အခြေအနေနဲ့ ဒေဝါလီခံတဲ့ အခြေအနေတွေကို အချက်အလက်တွေ စုဆောင်းပြီး ကမ္ဘာ့ဘဏ်နဲ့ IFC တို့က Doing Business အစီရင်ခံစာကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

အရှေ့အာရှနဲ့ Pacific ဒေသထဲမှာရှိတဲ့ ၂၅ နိုင်ငံထဲက ၁၅ နိုင်ငံဟာ စီးပွားရေးလုပ်တဲ့နေရာမှာ ပိုပြီး လွယ်ကူနိုင်တဲ့ စည်းကမ်း သတ်မှတ်ချက် အနည်းဆုံး ၁ ခုကို ပြီးခဲ့တဲ့ နှစ်ထဲမှာ အကောင်အထည် ဖော်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်အတွက် ကမ္ဘာပေါ်မှာ စီးပွားရေးလုပ်နိုင်ဖို့ အကောင်းဆုံးနိုင်ငံအဖြစ် စင်္ကာပူနိုင်ငံကို ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC တို့က ရွေးချယ်ပါတယ်။

Tuesday, September 3, 2013

မလေးရှားကုမ္ပဏီ ၆၀ ကျော် ကုန်စည်ပြပွဲ ပြုလုပ်မည်

ရန်ကုန်၊ စက်တင်ဘာ ၂

မလေးရှား-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်၍ မလေးရှားကုမ္ပဏီ ၆၀ ကျော်ပါဝင်မည့် ကုန်စည်ပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ စက်တင်ဘာလ ၅ ရက်မှ ၈ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ ပြပွဲကို စီစဉ်ကျင်းပမည့် Malaysia External Trade Development Corporation (Matrade) ထံမှ သိရသည်။

မလေးရှားနိုင်ငံမှ ကုမ္ပဏီ ၆၀ ကျော်က ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ နည်းပညာဆိုင်ရာ ထုတ်ကုန်များ၊ စက်မှုလုပ်ငန်းသုံး ထုတ်ကုန်များ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ အစားအသောက်နှင့် အဝတ်အထည်များ၊ လက်မှုပစ္စည်းများနှင့် လက်ဝတ်ရတနာများ ပြသကြမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းထံမှ သိရသည်။

“ပြည်ပကုန်စည်ပြပွဲတွေ နောက်ပိုင်းများလာတယ်။ အဓိကကတော့ သူတို့ဆီက ထုတ်ကုန်တွေကို ဒီမှာလာမိတ်ဆက်တာ။ သူတို့လို ပြန်လုပ်နိုင်အောင် ကြိုးစားရမယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ မလေးရှားကုန်စည်ပြပွဲကို ၂၀၁၂ ခုနှစ်ကလည်း Matrade က ဦးစီး၍ ကျင်းပခဲ့ဖူးသည်။

မြန်မာ-မလေးရှားနှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ ၂၀၁၃ ခုနှစ် မတ်လတွင် အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၃၅ သန်းအထိ ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

Wednesday, August 14, 2013

အစိုးရ၏ စီးပွားရေးလုပ်ငန်းများအတွက် ဘီလျံ ၄၁၀ ကျော်၊ လေးကျပ်တိုးဖြင့် ချေးယူ

မင်းမင်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၂၈ မိနစ်

ဝန်ကြီးဌာနလေးခု လက်အောက်ရှိ အစိုးရ၏ စီးပွားရေးလုပ်ငန်းများအတွက် အရင်းအနှီး မလုံလောက် သဖြင့် နိုင်ငံပိုင် ဘဏ် မှ လေးကျပ်တိုးဖြင့် ကျပ် ၄၁၀ ဘီလျံကျော် ချေးယူလိုကြောင်း ဘဏ္ဍာရေးဝ န်ကြီး ဦးဝင်းရှိန်က သြဂုတ် ၁၃ ရက် တွင် လွှတ်တော်၌ တင်ပြခဲ့ရာ လွှတ်တော်က ခွင့်ပြုခဲ့သည်။

အရင်းအနှီး မလုံလောက်သဖြင့် ငွေချေးလိုသော စီးပွားရေးအဖွဲ့အစည်းများမှာ ပြန်ကြားရေး၊ မွေးမြူရေးနှင့်
ရေလုပ်ငန်း၊ လျှပ်စစ်၊ စက်မှု စသည့် ၀န်ကြီးဌာန လေးခုအောက်မှ အဖွဲ့အစည်းများ ဖြစ်သည်။

ထိုဝန်ကြီးဌာနလေးခု၏ လက်အောက်မှ အစိုးရစီးပွားရေးလုပ်ငန်းများအနက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်မှ လုပ်ငန်းများအတွက် ချေးငွေမှာ အများဆုံးဖြစ်ပြီး စုစုပေါင်း ကျပ်သန်း ၃၇၃,၀၀၀ (သုံးသိန်း ခုနစ်သောင်း) ကျော် ဖြစ်သည်။ ထိုလုပ်ငန်းများအနက်မှ ရန်ကုန်မြို့ လျှပ်စစ်မီးပေးသည့်လုပ်ငန်း တစ်ခုတည်းအတွက် ပင် ကျပ်သန်းပေါင်း သုံးသောင်းကျော် ငွေချေးရန်လိုအပ်သည်ဟု ၀န်ကြီးဦးဝင်းရှိန် က လွှတ်တော်တွင် ပြောကြား ခဲ့သည်။

ချေးငွေယူမည့် ဌာနများအနက် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စီးပွားရေးလုပ်ငန်းများသည် ဒုတိယ ချေးငွေ အများဆုံးဖြစ်ပြီး စုစုပေါင်း ကျပ်သန်း ၃၃,၀၀၀ (သုံးသောင်း သုံးထောင်)ကျော် နိုင်ငံပိုင်ဘဏ်မှ ချေးယူမည်ဖြစ်သည်။

ထို့အတူ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ စီးပွားရေးလုပ်ငန်းများအတွက် စုစုပေါင်း ကျပ်သန်း ၄၀၀၀(လေးထောင်)၊ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စီးပွားရေးလုပ်ငန်းများအတွက် စုစုပေါင်း ကျပ်သန်း ၆၀ ကျော်တို့ အသီးသီး ချေးယူကြမည်ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်က စတင်သော ယခုဘဏ္ဍာနှစ်တွင် အစိုးရ၏ စီးပွားရေးလုပ်ငန်းများအတွက် အ သုံးစရိတ်ကို လွှတ်တော်က ကျပ်ငွေ ဘီလျံ ၃၇၀၀ ခန့် ချထားပေးခဲ့ပြီးဖြစ်သည်။ သို့သော် ထိုငွေများရပြီး ငါးလအကြာတွင် အရင်းအနှီးများ မလုံလောက်သဖြင့် အစိုးရက ကျပ်ငွေဘီလျံ ၄၁၀ ကျော်ကို ချေးယူရခြင်းဖြစ်သည်။

တည်ဆဲဘဏ္ဍာရေးအရ အသုံးငွေ ဥပဒေပုဒ်မ ၁၅(ဃ)တွင် အစိုးရသည် ၎င်း၏ စီးပွားရေးအဖွဲ့အစည်းများ လုပ်ကိုင်ရန် ငွေလိုလျှင် ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသဖြင့် အစိုးရက ယခုလို ငွေချေးနိုင်ခြင်းဖြစ်သည်။

ယခု ချေးယူထားသည့် ငွေများကို ယခုဘဏ္ဍာနှစ်အကုန်တွင် အတိုးနှုန်းလေး ရာခိုင်နှုန်း (လေးကျပ်တိုး) ဖြင့် ပြန်လည်ပေးဆပ်မည်ဟု ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်တွင် ကတိပြု သွားခဲ့သည်။

Wednesday, June 26, 2013

မြန်မာအစိုးရက သဘာဝရင်းမြစ်များ ရောင်းချရေး သဘောတူစာချုပ်များကို ပြန်လည်ဆွေးနွေးရန် စီစဉ်နေကြောင်းအမေရိကန် အခြေစိုက်ပညာရှင်အဖွဲ့ ပြောကြား

Wednesday, June 26, 2013

မြန်မာအစိုးရ အနေဖြင့် ဒေါ်လာဘီလျံများစွာ တန်ဖိုးရှိ သဘာဝရင်းမြစ်များ ရောင်းချရေး သဘောတူ စာချုပ်များကို ပြန်လည်ဆွေးနွေးရန် စီစဉ်နေကြောင်း အမေရိကန် အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သည့် Asia Society က ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

ပိုမိုတင်းကျပ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများ သတ်မှတ်ပြီး အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကို လုပ်ဆောင်နေစဉ် မြန်မာအစိုးရက ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြန်လည်သုံးသပ်မှုကို လုပ်ဆောင်ပါက မြန်မာနိုင်ငံ စစ်တပ်နှင့် တရုတ်ကုမ္ပဏီများ အနေဖြင့် ထိခိုက်နစ်နာမှု အများဆုံး ကြုံတွေ့ရနိုင်ပြီး ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး စနစ်ကိုလည်း ပြောင်းလဲသွားစေနိုင်မည်ဖြစ်ကြောင်း Asia Society ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အနေဖြင့် ရေနံ၊ သံဖြူ၊ သစ်နှင့် အဖိုးတန် ကျောက်မျက်ရတနာများကဲ့သို့ သဘာဝရင်းမြစ် အမြောက်အမြား ပိုင်ဆိုင်ထားသော်လည်း အကျင့်ပျက် ခြစားမှုများနှင့် ခရိုနီ အရင်းရှင် စီးပွားရေးသမား များက လက်ဝါးကြီးအုပ် လုပ်ကိုင်လျက် ရှိသည်။

Asia Society သည် လက်ရှိအစိုးရသစ်နှင့် သာမက ယခင်စစ်အစိုးရနှင့်လည်း နီးစပ်မှု ရှိခဲ့သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

"တရုတ် ကုမ္ပဏီတွေက မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို လွှမ်းမိုးထားလို့ သူတို့အနေနဲ့ အထိနာနိုင်ပါတယ်။ လက်ရှိ အစိုးရ အနေနဲ့ မူဝါဒ အသစ်တွေကို ပြဋ္ဌာန်းထားသလို နိုင်ငံတကာ စံနှုန်းတွေနဲ့ ပတ်သက်လို့လည်း လက်မှတ်ထိုးထားတဲ့အတွက် အရင်အစိုးရ လက်ထက်က ညှိနှိုင်းခဲ့တဲ့ စာချုပ်တွေကို ပြန်လည်သုံးသပ်ဖို့ လိုနေတဲ့အတွက် ဘယ်သူမှ လွှဲရှောင်နိုင်မယ်လို့ မထင်ပါဘူး" ဟု Asia Society ၏ ဒုတိယဥက္ကဋ္ဌနှင့် အစီရင်ခံစာကို ရေးသားသူ DiMaggio က AFP သို့ ပြောကြားသည်။

ပြန်လည်ဆွေးနွေးမည့် သဘောတူ စာချုပ်များ၏ တန်ဖိုးမှာ မြန်မာနိုင်ငံရေးရာ အခြားကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ဘီလျံများစွာ ရှိနိုင်ကြောင်း DiMaggio က ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်က ရပ်ဆိုင်းခဲ့သည့် တရုတ်နိုင်ငံနှင့် လုပ်ဆောင်သည့် ကချင်ပြည်နယ်၊ မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းသည် သဘောတူ စာချုပ်များ ပြန်လည်ညှိနှိုင်းရေးကို ဖြစ်စေသည့် ပထမဆုံး အကြောင်းအရာဖြစ်ကြောင်း DiMaggio က ပြောကြားခဲ့သည်။

မြန်မာအစိုးရ အနေဖြင့် သဘာဝရင်းမြစ်မှ ရရှိသော အကျိုးအမြတ်များကို ထိထိရောက်ရောက် သုံးစွဲရေးအတွက် ဒေသခံ လူထုနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း Asia Society က တိုက်တွန်းထားသည်။

နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတွင် စစ်တပ်၏ လွှမ်းမိုးမှုကို လျှော့ချရန် အစိုးရက လုပ်ဆောင်ရမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရ ကြုံတွေ့နေရသော အခက်အခဲ ၁၀ ခုကို ဖော်ပြထားသည့် ယင်းအစီရင်ခံစာတွင် နိုင်ငံ၌ အမြစ်တွယ်နေသည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကိုလည်း မဖြစ်မနေ လုပ်ဆောင်ရန် ဖော်ပြထားသည်။

အစိုးရ၏ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မတီကို ဖွဲ့စည်းရေးသည် ပထမဆုံး အရေးကြီး သည့် ခြေလှမ်းဖြစ်ကြောင်း DiMaggio က ပြောကြားခဲ့သည်။

Eleven Media Group

Thursday, June 20, 2013

ဗြိတိန်၊ တရုတ်၊ ကိုရီးယားနှင့် စင်ကာပူနိုင်ငံတို့ မြန်မာနိုင်ငံတွင် ထပ်မံမြှုပ်နှံ

Thursday, June 20, 2013

ဗြိတိန်၊ တရုတ်၊ ကိုရီးယားနှင့် စင်ကာပူနိုင်ငံတို့ အပါအ၀င် မလေးရှားနှင့် ဘရူနိုင်းနိုင်ငံတို့မှ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် မေလတစ်လအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၉၀ နီးပါး ထပ်မံမြှုပ်နှံခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ၀င်ရောက်မြှုပ်နှံ ခဲ့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၁၃ သန်းဖြင့် အများဆုံး ၀င်ရောက်မြှုပ်နှံ ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၆၁၅ သန်း၊ တရုတ်နိုင်ငံမှ ဒေါ်လာ ၀ ဒသမ ၇၆ သန်း၊ ကိုရီးယားနိုင်ငံမှ ဒေါ် လာ ၃၄ ဒသမ ၄၀၄ သန်း၊ စင်ကာပူနိုင်ငံမှ ဒေါ်လာ ၁၁၃ ဒသမ ၀၂ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၃ ဒသမ ၅ သန်းနှင့် ဘရူနိုင်းနိုင်ငံမှ ဒေါ်လာ ၁ ဒသမ ၂၃၃ သန်းဖြင့် အသီးသီး မြှုပ်နှံခဲ့ကြခြင်းဖြစ်သည်။

ယင်းကဲ့သို့ မြှုပ်နှံရာ၌ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၀၇ သန်းကျော်ဖြင့် အများဆုံးမြှုပ်နှံပြီး လက်ခစား စနစ်ဖြင့် ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်းနှင့် ဟိုတယ်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း ၈၀ မြှုပ်နှံပြီး အခြားကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃ သန်း မြှုပ်နှံခဲ့သည်။
ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၀၇ သန်းကျော်ဖြင့် အများဆုံးမြှုပ်နှံပြီး လက်ခစား စနစ်ဖြင့် ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်းနှင့် ဟိုတယ်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း ၈၀ မြှုပ်နှံပြီး အခြားကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃ သန်း မြှုပ်နှံခဲ့ . . . . .

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၀၁၃ ခုနှစ် ဧပြီလကုန်အထိ အမေရိကန်ဒေါ်လာ ၄၂၃၀၉ ဒသမ ၁၈၀ သန်းရှိရာမှ မေလကုန်တွင် အဆိုပါ နိုင်ငံများမှ ၀င်ရောက်မြှုပ်နှံ ခဲ့ခြင်းကြောင့် စုစုပေါင်းမြှုပ်နှံမှု တန်ဖိုးမှာ ၄၂၄၉၆ ဒသမ ၇၁၂ သန်းအထိ ရှိလာပြီး တစ်လအတွင်း ၁၈၇ သန်းကျော် တိုးလာခဲ့သည်။

ယခင်က မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရာ၌ ပြည်ပနိုင်ငံများ အနေဖြင့် သဘာဝ သယံဇာတများအား အခြေခံသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၊ လျှပ်စစ်စွမ်းအင် ကဏ္ဍနှင့် သတ္တုတူးဖော်ရေး ကဏ္ဍများတွင်သာ အလုံးအရင်းဖြင့် ၀င်ရောက်မြှုပ်နှံ ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေမည့် ကုန်ထုတ်လုပ်မှု ကဏ္ဍကဲ့သို့ ကဏ္ဍများတွင် ၀င်ရောက်မြှုပ်နှံမှုမှာ မရှိသလောက် နည်းပါးခဲ့ကာ ယခုအစိုးရသစ် လက်ထက်တွင် ကုန်ထုတ်လုပ်မှု ကဏ္ဍများအပြင် အခြားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍများတွင်ပါ ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လက်ခံရာတွင် အရက်၊ ဘီယာကဲ့သို့ လုပ်ငန်းမျိုးကို လုပ်ကိုင်ခွင့် ပြုခြင်းထက် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများနှင့် နည်းပညာများကို ပေးနိုင်သည့် လုပ်ငန်းများကို ခွင့်ပြုသင့်ကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။

EMG

Sunday, June 16, 2013

မြန်မာ့လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး ရရှိ

Sunday, June 16 , 2013

ယခုနှစ် ဧပြီ၊ မေနှစ်လအတွင်း မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ သိရသည်။

ဆန်နှင့် ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ နှစ်ရှည်သီးနှံ၊ သစ်သီးဝလံ၊ မီးဖိုချောင်အုပ်စုဝင် သီးနှံများ အစရှိသည့် မြန်မာ့လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုမှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၃၉၀ ဒသမ ၇၁၀ သန်းရှိကြောင်း သိရသည်။

အဆိုပါ နှစ်လတာ ကာလအတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၇၈၆၂၉ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၉ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ ပဲမျိုးစုံတန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅၆ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

ယခင် ဘဏ္ဍာရေးနှစ် (၂၀၁၂-၁၃) တစ်နှစ်လုံးတွင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း တန်ချိန် ၄၂ သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၂၄၀၀ ကျော် ရရှိခဲ့ကြောင်းလည်း သိရသည်။

Sunday, June 2, 2013

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများ ရှိသော်လည်း စွန့်စားလုပ်ကိုင်ရမည်ဟု မက်ကင်ဆေးသတိပေး

Sunday, June 02, 2013

ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံ အဖွဲ့ဖြစ်သော မက်ကင်ဆေး (Mc- Kinsey) က မြန်မာနိုင်ငံတွင် မကြာသေးမီက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီများ အနေဖြင့် စွန့်စား လုပ်ကိုင်ရမည့် အချက်များ ရှိနေကြောင်း ထောက်ပြခဲ့သည်။

မက်ကင်ဆေးမှ အကြီးတန်းပညာရှင် တစ်ဦးဖြစ်သော Heang Chhor က မြန်မာနိုင်ငံ အစိုးရအနေဖြင့် ပထမဦးဆုံး လုပ်ဆောင်ရမည့် အချက်မှာ နိုင်ငံရေး အခြေအနေ အေးချမ်းတည်ငြိမ်မှု ရရှိရန် သေချာရေးဖြစ်ကြောင်း၊ ယင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာအတွက် ပထမဆုံး ဦးစားပေး လုပ်ဆောင်ရမည့် အချက်တစ်ချက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မက်ကင်ဆေးသည် မြန်မာနိုင်ငံ၌ နှစ်ဝက်အတွင်း လွတ်လပ်စွာ လုပ်ဆောင်ခဲ့သည့် သုတေသနနှင့် အင်တာဗျူးများမှ အချက်အလက်များကို စုဆောင်းခဲ့သည်။

မက်ကင်ဆေးမှ ထုတ်ပြန်သော အချက်အလက်များအရ မြန်မာနိုင်ငံသည် အခြေခံ အဆောက်အအုံများ ခိုင်မာအောင် တည်ဆောက်ပြီး စီးပွားရေးအတွက် လုပ်ငန်းများ ကျယ်ပြန့်အောင် ချဲ့ထွင်နိုင်မှသာလျှင် မြန်မာနိုင်ငံ၏ စီးပွားရေး ပမာဏသည် ၂၀၁၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၄၅ ဘီလျံ ရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၂၀၀ ဘီလျံကျော်အထိ ရှိလာနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

''မြန်မာနိုင်ငံမှာ အလားအလာကောင်းတွေ ရှိပါတယ်။ ဒေသတွင်းမှာ ကြီးမားတဲ့ ဈေးကွက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနဲ့ ထိုင်းနိုင်ငံအကြားမှာ ရှိနေခြင်းကလည်း အားသာချက်တစ်ခု ဖြစ်နေပါတယ်။ ဒီဒေသဟာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းရှိတဲ့အတွက် ကြီးမားတဲ့ ဈေးကွက်အလားအလာတွေ ရှိပါတယ်။ တစ်ခုရှိတာက ဒစ်ဂျစ်တယ် နည်းပညာစနစ်တွေ တိုးတက်လာပြီး အဓိကကဏ္ဍ ၇ ခုဖြစ်တဲ့ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်နဲ့သတ္တုကဏ္ဍ၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းတွေကို ကောင်းမွန်အောင် အကောင်အထည် ဖော်ခဲ့နိုင်မယ်ဆိုရင် မြန်မာ့စီးပွားရေးဟာ တိုးတက်လာမှာပါ'' ဟု Mckinsey & Company Singapore,Pte Ltd မှ အကြီးတန်းပညာရှင် Heang Chhor က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်း ရှိလာစေရန်အတွက် လာမည့်ဆယ်စုနှစ် နှစ်ခုအတွင်း အခြေခံ အဆောက်အအုံ သက်သက်အတွက်ပင် အမေရိကန်ဒေါ်လာ ၃၂၀ ဘီလျံ ရင်းနှီးမြှုပ်နှံရန် လိုအပ်ပြီး ပညာရေး အခြေခံ အဆောက်အအုံ အတွက်လည်း ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်လိမ့်မည်ဟု မက်ကင်ဆေးက ဆိုသည်။ ကျေးလက်နေ ပြည်သူများ လိုအပ်သည့် ကျွမ်းကျင်မှုများ ရရှိလာရန်နှင့် လုပ်ငန်းငယ်များကို မြှင့်တင်ပေးရန်တို့ အတွက်လည်း လုံလောက်သော သင်တန်းအစီအစဉ်များ ချမှတ်လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက သတိပေးခဲ့သည်။

မြန်မာနိုင်ငံတွင် တိုးတက်ဖွံ့ဖြိုးရန် အလားအလာများ ရှိနေသော်လည်း အခြားအာရှနိုင်ငံများ၏ အတွေ့အကြုံပေါ်တွင် အခြေခံကြည့်ပါက စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလျံ ၆၅၀ လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစောပိုင်းကာလတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေးနိုင်ရန် နိုင်ငံခြား မတည်ငွေနှင့် ကုန်သွယ်မှုအပေါ် မှီခိုအားထားရန်လည်း လိုအပ်ကြောင်း၊ စုစုပေါင်း နိုင်ငံခြား မတည်ငွေ ဒေါ်လာ သန်း ၁၇၀ ကျော်သုံးစွဲရန်လည်း လိုအပ်ကြောင်း၊ ယခု အချိန်တွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော အရေးယူ ပိတ်ဆို့မှုများကြောင့် စီးပွားရေး ဖွံ့ဖြိုးမှု ရပ်တန့်နေခဲ့သည့်အတွက် ကုန်သွယ်မှုပမာဏ နိမ့်ကျနေကြောင်း၊ ထို့အတူ ကုန်သွယ်ဖက်များ တိုးချဲ့ရန် လိုအပ်နေကြောင်း မက်ကင်ဆေး၏ ဒါရိုက်တာဖြစ်သူ Richard Dobbs ကလည်း သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အခွင့်အလမ်းကောင်းများ ရှိနေသော်လည်း ကြီးမားသည့် မသေချာ မရေရာမှုများလည်း ရှိနေသေးကြောင်း၊ ပေါ်ပေါက်နေဆဲဖြစ်သည့် တိုင်းရင်းသား လူမျိုးစု ပဋိပက္ခများနှင့် လူအုပ်စုအလိုက် အကြမ်းဖက်မှုများကို ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေးနှင့် လူမှုရေး တည်ငြိမ်မှုရရှိရန် ထိန်းသိမ်းရန်သည် တိုးတက်မှု အရှိန်အဟုန် ဆက်လက်ဖြစ်ပေါ်ရန်အတွက် အဓိကအချက်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုများကို မဖြေရှင်းနိုင်ပါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာမည်ဖြစ်ကြောင်း Heang Chhor က ပြောကြားခဲ့သည်။

Monday, May 20, 2013

ဒေါ်လာဈေး မြင့်တက်မှုကြောင့် စက်သုံးဆီနှင့် အခြေခံစားကုန်များ ဈေးတက်

ဒေါ်လာဈေး မြင့်တက်မှုကြောင့် စက်သုံးဆီနှင့် အခြေခံစားကုန်များ ဈေးတက်
Monday, May 20, 2013

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းထားတွင် ဒေါ်လာတန်ဖိုး တရိပ်ရိပ် မြင့်တက်လာမှုကြောင့် ပြည်ပမှ တင်သွင်းသော စက်သုံးဆီ အပါအ၀င် သွင်းကုန်များ၏ ဈေးနှုန်းများ မြင့်တက်လာပြီး တခြားသော အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်နှင့်ဆီ ဈေးနှုန်းများပါ လိုက်ပါ မြင့်တက်လာကြောင်း သိရှိရသည်။

ကုန်စည် သယ်ယူပို့ဆောင်ရေးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် အဓိက အားထားနေရသော ပြည်ပမှ သွင်းကုန်တခု ဖြစ်သော စက်သုံးဆီ ဈေးနှုန်းများမှာ ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ရက်ပိုင်းအတွင် ဈေးတက်လာကြောင်း၊ စက်သုံးဆီ အသုံးပြုရသည့် လုပ်ငန်းများ၊ တင်သွင်းရသည့် လုပ်ငန်းများ၊ ကုန်ပစ္စည်းများမှာ ဈေးနှုန်း မြင့်တက် လာရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ မောင်မောင်လေးက ပြောသည်။

“စက်သုံးဆီ ဈေးတက်လာတာ၊ ဒေါ်လာဈေးတွေ အတက်အကျ ကြမ်းလာတာကို သတိထားမိတယ်။ အမှန်ဆို ဒီလို အတက်အကျ ကြမ်းတာကြောင့် ဈေးနှုန်းသတ်မှတ်ရတာတွေ ခက်လာမယ်၊ အခုလို သွင်းကုန်ကို အားကိုးနေရတဲ့ အချိန်တွေမှာ စက်သုံးဆီတွေ ဈေးတက်သွားတဲ့ အတွက် သွင်းကုန်တွေနဲ့ တခြား ကုန်စည်တွေပါ ဈေးတက်လာတယ်။ အခုလို ဈေးတက်တာကလည်း ခေတ္တ ယာယီသဘောလောက်ပဲ ထင်ပါတယ်။ ဈေးကွက်နဲ့ ဝယ်လိုအားကြောင့်သာ ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်” ဟု ဒေါက်တာမောင်မောင်လေးက ရှင်းပြသည်။

လက်ရှိတွင် အစိုးရက စက်မှုဇုန်များ အားလုံးကို လျှပ်စစ်မီး ၂၄ နာရီ ရက် အကန့်အသတ်မရှိ ဖြတ်တောက်ထားကြောင်း၊ စက်မှု လုပ်ငန်းရှင်များသည် စက်သုံးဆီများကိုသာ အသုံးပြု၍ အဓိက လုပ်ငန်း လည်ပတ်နေရကြောင်း၊ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက် လာမှုကြောင့် ထုတ်လုပ်မှု စရိတ်ပါ မြင့်မားလာကြောင်း စက်မှုလုပ်ငန်းရှင် အများစုက ဆိုကြသည်။

ဒီဇယ်ဆီ တပေပါလျှင် ကျပ် ၁ သိန်း ၉ သောင်းကျော် ရှိရာမှ ကျပ် ၅ သောင်းခန့် ထပ်မံ မြင့်တက်သွားကြောင်း၊ စက်သုံးဆီ ဈေးနှုန်း မြင့်တက်နေမှုကြောင့် စက်မှုလုပ်ငန်းတချို့ လုပ်ငန်းရပ်နားထားကြောင်း သိရှိရသည်။

“ဈေးကြီးပေးပြီး စက်သုံးဆီတွေကို ဝယ်နေရတဲ့ ပိုက်ဆံတွေက ကျနော်တို့ရဲ့ အမြတ်တွေပေါ့။ အခုတော့ အမြတ်ထဲကနေ စက်သုံးဆီတွေကို ဈေးကြီးပေးပြီး ဝယ်နေရသလို ဖြစ်နေတယ်။ အခုလို တဒေါ်လာကို တထောင်ကျပ် မပြည့်သေးတဲ့ အချိန်မှာတောင် ဒီလို ဂယက်တွေ ဖြစ်နေတယ်။ တဒေါ်လာ တထောင်ကျော်ပြီးတော့ ဒီထက် များလာမယ်ဆိုရင် ဘယ်လိုတောင် ဖြစ်လာမလဲ မသိဘူး။ တချို့လုပ်ငန်းရှင် တွေဆိုရင် မီးစဖြတ်ကတည်းက လုပ်ငန်းနားလိုက်ကြတယ်။ တချို့ကြတော့လည်း မနားဘဲ တင်းခံပြီးလုပ်နေကြပေမယ့် အခုလို ဈေးနှုန်းတွေ တက်လာတော့ မတောင့်ခံနိုင်ကြတော့ဘူး။ ကျနော့်အသိတွေထဲက တချို့တွေဆို လုပ်ငန်း ခဏ နားထားရတယ်” ဟု ဒဂုံတောင် စက်မှုဇုန် ၁ ရှိ SNW အထွေထွေ စက်မှုလက်မှု လုပ်ငန်းမှ လုပ်ငန်းရှင် ဦးစိုးနိုင်ဝင်းက ပြောသည်။

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်နှင့် တခြား စရိတ်များပါ မြင့်တက်လာရာ နောက်ဆက်တွဲ အနေဖြင့် ဈေးကွက်တွင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲတို့၏ ဈေးနှုန်းများ မြင့်တက် လာကြောင်း သိရှိရသည်။

စားအုန်းဆီ ဈေးနှုန်းသည် တပိဿာ ကျပ် ၁၄၀၀ ဝန်းကျင်မှ ၁၅၂၅ ကျပ်အထိ မြင့်တက်လာပြီး ဆန်ဈေးနှုန်း များမှာလည်း တရိပ်ရိပ် မြင့်တက်လာနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ဆန်ဈေးတွေက ၁၁ ရက်နေ့လောက်အထိကို ပေါ်ဆန်းတအိတ်ဆိုရင် ၃ သောင်းဝန်းကျင်ပဲ ရှိနေပေမယ့် အခုဆိုရင် ၃ သောင်း ၄ ထောင်ကျော်နေပြီ၊ ဖျာပုံဆိုရင် ၂ သောင်း ၉ ထောင်၊ မြောင်းမြရှယ်ဆိုရင် ၃ သောင်းအထိ တက်လာတယ်။ ရောင်းတဲ့သူတွေ ကတော့ အခုကတည်းက ဝယ်လှောင်နေကြပြီ။ ရှေ့ဆက် ဒီထက်ပိုပြီး ဈေးမတက်ခင် ဝယ်ထားကြတာ ပိုများလာတယ်” ဟု ဘုရင့်နောင်မှ ဆန်ကုန်သည် ကိုထွန်းထွန်းက ပြောသည်။

အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာသည်နှင့် အမျှ စက်သုံးဆီနှင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ဆက်လက်မြင့် တက်မည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်တချို့က သုံးသပ်ပြောဆိုသည်။

ယနေ့ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်သည့် ဈေးကွက်တွင် အမေရိကန်တဒေါ်လာကို မြန်မာငွေ ၉၄၇ ကျပ်အထိ ဈေးနှုန်း အမြင့်ဆုံး မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။


ရန်ကုန်မြို့မှ စက်သုံးဆီဆိုင် တဆိုင်ကိုတွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဧရာဝတီ
Monday, May 20, 2013

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်း ထားတွင် ဒေါ်လာတန်ဖိုး တရိပ်ရိပ် မြင့်တက် လာမှုကြောင့် ပြည်ပမှ တင်သွင်းသော စက်သုံးဆီ အပါအ၀င် သွင်းကုန်များ၏ ဈေးနှုန်း များ မြင့် တက်လာပြီး တခြားသော အခြေခံ စားသောက် ကုန်များ ဖြစ်သည့် ဆန်နှင့်ဆီ ဈေးနှုန်းများပါ လိုက်ပါ မြင့်တက်လာကြောင်း သိရှိရသည်။

ကုန်စည် သယ်ယူပို့ဆောင်ရေးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် အဓိက အားထားနေရသော ပြည်ပမှ သွင်းကုန်တခု ဖြစ်သော စက်သုံးဆီ ဈေးနှုန်းများမှာ ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ရက်ပိုင်းအတွင် ဈေးတက်လာကြောင်း၊ စက်သုံးဆီ အသုံးပြုရသည့် လုပ်ငန်းများ၊ တင်သွင်းရသည့် လုပ်ငန်းများ၊ ကုန်ပစ္စည်းများမှာ ဈေးနှုန်း မြင့်တက် လာရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ မောင်မောင်လေးက ပြောသည်။

“စက်သုံးဆီ ဈေးတက်လာတာ၊ ဒေါ်လာဈေးတွေ အတက်အကျ ကြမ်းလာတာကို သတိထားမိတယ်။ အမှန်ဆို ဒီလို အတက်အကျ ကြမ်းတာကြောင့် ဈေးနှုန်းသတ်မှတ်ရတာတွေ ခက်လာမယ်၊ အခုလို သွင်းကုန်ကို အားကိုးနေရတဲ့ အချိန်တွေမှာ စက်သုံးဆီတွေ ဈေးတက်သွားတဲ့ အတွက် သွင်းကုန်တွေနဲ့ တခြား ကုန်စည်တွေပါ ဈေးတက်လာတယ်။ အခုလို ဈေးတက်တာကလည်း ခေတ္တ ယာယီသဘောလောက်ပဲ ထင်ပါတယ်။ ဈေးကွက်နဲ့ ဝယ်လိုအားကြောင့်သာ ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်” ဟု ဒေါက်တာမောင်မောင်လေးက ရှင်းပြသည်။

လက်ရှိတွင် အစိုးရက စက်မှုဇုန်များ အားလုံးကို လျှပ်စစ်မီး ၂၄ နာရီ ရက် အကန့်အသတ်မရှိ ဖြတ်တောက်ထားကြောင်း၊ စက်မှု လုပ်ငန်းရှင်များသည် စက်သုံးဆီများကိုသာ အသုံးပြု၍ အဓိက လုပ်ငန်း လည်ပတ်နေရကြောင်း၊ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက် လာမှုကြောင့် ထုတ်လုပ်မှု စရိတ်ပါ မြင့်မားလာကြောင်း စက်မှုလုပ်ငန်းရှင် အများစုက ဆိုကြသည်။

ဒီဇယ်ဆီ တပေပါလျှင် ကျပ် ၁ သိန်း ၉ သောင်းကျော် ရှိရာမှ ကျပ် ၅ သောင်းခန့် ထပ်မံ မြင့်တက်သွားကြောင်း၊ စက်သုံးဆီ ဈေးနှုန်း မြင့်တက်နေမှုကြောင့် စက်မှုလုပ်ငန်းတချို့ လုပ်ငန်းရပ်နားထားကြောင်း သိရှိရသည်။

“ဈေးကြီးပေးပြီး စက်သုံးဆီတွေကို ဝယ်နေရတဲ့ ပိုက်ဆံတွေက ကျနော်တို့ရဲ့ အမြတ်တွေပေါ့။ အခုတော့ အမြတ်ထဲကနေ စက်သုံးဆီတွေကို ဈေးကြီးပေးပြီး ဝယ်နေရသလို ဖြစ်နေတယ်။ အခုလို တဒေါ်လာကို တထောင်ကျပ် မပြည့်သေးတဲ့ အချိန်မှာတောင် ဒီလို ဂယက်တွေ ဖြစ်နေတယ်။ တဒေါ်လာ တထောင်ကျော်ပြီးတော့ ဒီထက် များလာမယ်ဆိုရင် ဘယ်လိုတောင် ဖြစ်လာမလဲ မသိဘူး။ တချို့လုပ်ငန်းရှင် တွေဆိုရင် မီးစဖြတ်ကတည်းက လုပ်ငန်းနားလိုက်ကြတယ်။ တချို့ကြတော့လည်း မနားဘဲ တင်းခံပြီးလုပ်နေကြပေမယ့် အခုလို ဈေးနှုန်းတွေ တက်လာတော့ မတောင့်ခံနိုင်ကြတော့ဘူး။ ကျနော့်အသိတွေထဲက တချို့တွေဆို လုပ်ငန်း ခဏ နားထားရတယ်” ဟု ဒဂုံတောင် စက်မှုဇုန် ၁ ရှိ SNW အထွေထွေ စက်မှုလက်မှု လုပ်ငန်းမှ လုပ်ငန်းရှင် ဦးစိုးနိုင်ဝင်းက ပြောသည်။

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်နှင့် တခြား စရိတ်များပါ မြင့်တက်လာရာ နောက်ဆက်တွဲ အနေဖြင့် ဈေးကွက်တွင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲတို့၏ ဈေးနှုန်းများ မြင့်တက် လာကြောင်း သိရှိရသည်။

စားအုန်းဆီ ဈေးနှုန်းသည် တပိဿာ ကျပ် ၁၄၀၀ ဝန်းကျင်မှ ၁၅၂၅ ကျပ်အထိ မြင့်တက်လာပြီး ဆန်ဈေးနှုန်း များမှာလည်း တရိပ်ရိပ် မြင့်တက်လာနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ဆန်ဈေးတွေက ၁၁ ရက်နေ့လောက်အထိကို ပေါ်ဆန်းတအိတ်ဆိုရင် ၃ သောင်းဝန်းကျင်ပဲ ရှိနေပေမယ့် အခုဆိုရင် ၃ သောင်း ၄ ထောင်ကျော်နေပြီ၊ ဖျာပုံဆိုရင် ၂ သောင်း ၉ ထောင်၊ မြောင်းမြရှယ်ဆိုရင် ၃ သောင်းအထိ တက်လာတယ်။ ရောင်းတဲ့သူတွေ ကတော့ အခုကတည်းက ဝယ်လှောင်နေကြပြီ။ ရှေ့ဆက် ဒီထက်ပိုပြီး ဈေးမတက်ခင် ဝယ်ထားကြတာ ပိုများလာတယ်” ဟု ဘုရင့်နောင်မှ ဆန်ကုန်သည် ကိုထွန်းထွန်းက ပြောသည်။

အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာသည်နှင့် အမျှ စက်သုံးဆီနှင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ဆက်လက်မြင့် တက်မည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်တချို့က သုံးသပ်ပြောဆိုသည်။

ယနေ့ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်သည့် ဈေးကွက်တွင် အမေရိကန်တဒေါ်လာကို မြန်မာငွေ ၉၄၇ ကျပ်အထိ ဈေးနှုန်း အမြင့်ဆုံး မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Tuesday, May 14, 2013

ပို့ကုန် သွင်းကုန် တင်ကြို အခွန်ဆောင် ရမယ်

Tuesday, May 14, 2013

မြန်မာ နိုင်ငံက လုပ်ငန်းရှင် တွေဟာ ပို့ကုန် သွင်းကုန် လုပ်ရင် ကြိုတင် ပြီးတော့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင် ရတော့မှာ ဖြစ်ပါ တယ်။

အဲဒီလို စနစ်ကို မြန်မာ နိုင်ငံနဲ့ ကုန်သွယ် နေတဲ့ နယ်စပ် ဒေသ ကုန်သွယ်ရေး စခန်းတွေ၊ ဆိပ်ကမ်း တွေ၊ လေဆိပ်တွေ မှာ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်ရင် လုပ်ငန်း ရှင်တွေဟာ တပြေးညီ ပေးဆောင် ရမှာ ဖြစ်ပါတယ်။

အခု ကောက်မယ့် ကြိုတင် ခွန်က ဒေါ်လာနဲ့ ကောက်မှာ မဟုတ်ဘဲ မြန်မာ ကျပ်ငွေနဲ့ ကောက်မှာ ဖြစ်ပါတယ်။ ပြည်တွင်း အခွန်များ ဦးစီး ဌာနက တာဝန်ရှိသူ တစ်ဦး ကတော့ အခွန် ရှောင်တွေ များလို့ ဒီလို ကြိုကောက်တာ ဖြစ်သလို တစ်ဖက် ကလည်း မြန်မာ နိုင်ငံမှာ ပို့ကုန် သွင်းကုန် လုပ်နေတဲ့ ကုမ္ပဏီ တွေမှာ အခွန် ရှောင်တဲ့ ကုမ္ပဏီနဲ့ အခွန်ဆောင် တဲ့ ကုမ္ပဏီ တစ်ပြေးညီ ယှဉ်ပြိုင်မှု ဖြစ်လာ နိုင်အောင် ဒီစနစ် သုံးရတာ ဖြစ်တယ်လို့ ဘီဘီစီ ကိုပြောပါတယ်။

မြန်မာ နိုင်ငံ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်တဲ့ ကုမ္ပဏီတွေ အခွန် ရှောင်တာ ဒီနှစ် ထဲမှာ များလာ တယ်လို့ ပြောရမှာပါ။ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်ရင် ဘဏ်ကို ငွေ သွင်းစရာ မလိုတဲ့ ကြေးနန်း နဲ့ ငွေလွှဲ တဲ့ တီတီ စနစ် အစိုးရက ဒီနှစ် ထဲမှာ လျှော့ပေး လိုက်ပြီး နောက်ပိုင်းမှ ဒီလို အခွန် ရှောင်တာတွေ ပိုများ လာတယ် လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

လုပ်ငန်း လုပ်ရင် ဘဏ်မှာ ငွေမသွင်းဘဲ လုပ်နိုင်တော့ ဘဏ်စာရင်းမှာ ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်ကြောင်း အထောက် အထား ရှာမရ ဖြစ်ပြီး နှစ်ကုန် လို့ ရှိရင် အစိုးရက စစ်ဆေးရင် အခွန် မရဖြစ် တာပါ။

ဒီစနစ် အတိုင်း ဆိုရင်တော့ ပို့ကုန် သွင်းကုန် လုပ်ငန်း တွေဟာ ၂ ရာခိုင်နှုန်း ကြိုပြီးတော့ သွင်း နေရမယ့် သဘော ရှိပြီးတော့ နှစ်ကုန်ရင် ပြန်ပြီး စာရင်းရှင်း တဲ့ အခါ ပိုရင် ပြန်ထုတ်၊ လိုရင် ထပ်ဆောင်း ရမှာဖြစ်ပါတယ်။ ပို့ကုန် သွင်းကုန် လုပ်တဲ့ သူတွေဘက် ကတော့ ၂ ရာခိုင်နှုန်း ဆောင်ရ မှာကို လက်မတွန့် ကြပေ မယ့် နဂိုကတည်းက အဆင့်တွေ များပြီး ကြန့်ကြာ မှုတွေ ရှိနေတဲ့ ပို့ကုန် သွင်းကုန် လုပ်ငန်းတွေ မှာ ကြိုတင် အခွန်ဆောင် ရမယ့် စနစ်ကြောင့် ပိုပြီး ကြန့်ကြာ လာမှာကို စိုးရိမ် နေကြ ပါတယ်။