Wednesday, March 13, 2013

သမ္မတ ဦးသိန်းစိန် သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ

Created on Wednesday, 13 March 2013 15:49

AddThis Social Bookmark Button
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံများသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မတ် ၁၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှ လေကြောင်းလိုင်းဖြင့် ထွက်ခွာသွားခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ၂၀၁၃ ခုနှစ် အတွင်း ဒုတိယမြောက် ပြည်ပခရီးစဉ် အဖြစ် သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ခြင်းဖြစ်ပြီး အဆိုပါ ခရီးစဉ်သည် ရက်သတ္တပတ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
သမ္မတဦးသိန်းစိန်သည် ယခုခရီးစဉ်ကို နယူးဇီလန် ၀န်ကြီး ချုပ်မစ္စတာဂျွန်ကီးနှင့် သြစတြေးလျ ဘုရင်ခံချုပ် မစ္စကွင်တင်း ဘရိုက်စ်တို့၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်း ဖြစ်သည်။
နိုင်ငံတော် သမ္မတသည် သြစတြေးလျနှင့် နယူးဇီလန် ခရီးစဉ်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကတည်းက သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ၂၀၁၂ ဒီဇင်ဘာ ၅ ရက်တွင် အကြောင်း မညီညွတ်သဖြင့် မသွားဖြစ်တော့ကြောင်း ကြေညာခဲ့သည်။
သမ္မတ ဦးသိန်းစိန် နောက်ဆုံး သွားရောက်ခဲ့သော ပြည်ပခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ နှင့် အီတလီ နိုင်ငံများသို့ ဥရောပ ငါးနိုင်ငံခရီးစဉ် သွားရောက်ခဲ့ပြီး မတ် ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခဲ့သည်။
ယင်းဥရောပ ခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နော်ဝေနိုင်ငံဝန်ကြီးချုပ်၊ နော်ဝေနိုင်ငံဘုရင်၊ ဖင်လန်နိုင်ငံ သမ္မတ၊ သြစတြီးယားနိုင်ငံသမ္မတ၊ ဥရောပသမဂ္ဂ ခေါင်းဆောင်များ ဖြစ်သော ဥရောပကော်မရှင် ဥက္ကဋ္ဌ၊ ဥရောပပါလီမန်ဥက္ကဋ္ဌ၊ အီတလီနိုင်ငံ သမ္မတ၊ အီတလီဝန်ကြီးချုပ် တို့နှင့် တွေ့ဆုံခဲ့ပြီး ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုများနှင့်လည်း တွေ့ဆုံခဲ့သည် ။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ဥရောပငါးနိုင်ငံ ခရီးစဉ်အပါအ၀င် နိုင်ငံခြားခရီးစဉ် ၁၈ ခု သွား ရောက်ခဲ့ပြီး ဖြစ်သည်။

No comments:

Post a Comment