Saturday, April 20, 2013

ကမ္ဘာ့ ရွှေဈေး ကျဆင်းမှုကြောင့် မြန်မာ့ ရွှေဈေး ထိုးကျ

ဆိုက်ပရပ်စ် ဗဟိုဘဏ်မှ IMF-EU ၏ Bailout အစီအစဉ် အရ အပေါင် တင်ထားသည့် ရွှေ ၁၄ တန်အား ထုတ်ရောင်းမည့် သတင်း ထွက်ပေါ်မှုနှင့် အတူ ကမ္ဘာ့ ရွှေဈေးမှာ ဧပြီ ၁၂ ရက်က တစ်အောင် စလျှင် အမေရိကန် ဒေါ်လာ ၁၃၃၈ ဒေါ်လာ အထိ ကျဆင်းခဲ့ကြောင်း သိရသည်။
ဧပြီ ဒုတိယပတ် အထိ တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၅၈ဝ ကျော်အထိ ရှိနေရာမှ ထိုးဆင်းခဲ့ခြင်း ဖြစ်သည်။ ဧပြီ ၁၈ ရက်က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၃၉၄ ဒသမ ၅၆ အထိ ပြန်လည်မြင့် တက်လာ ခဲ့သော်လည်း အကျဈေးတွင်သာ ဆက်လက်တည်ရှိ နေသေးသည်။ ကမ္ဘာ့ရွှေဈေး အပေါ် မူတည်၍ ဈေးဖွင့်သည့် မြန်မာ့ရွှေဈေး အနေဖြင့် ကမ္ဘာ့ ရွှေဈေးနှင့် အတူ လိုက်ပါ ကျဆင်းခဲ့သည်။

''ဒီလိုရက်ပိုင်း အတွင်း တစ်အောင်စကို ဒေါ်လာ ၂ဝဝ လောက် ကျတာက တော့ဒီဘက် ဆယ်နှစ် အတွင်းမှာ အများဆုံးလို့ ပြောလို့ ရပါတယ်။ စုဆောင်းကြတဲ့ သူတွေကတော့ ဒီဈေး နှုန်းကို ကြိုက်နှစ် သက်ကြပြီး တော်တော် များများ ဝယ်ယူတာ တွေ့ရ ပါတယ်။ ဒီလိုပဲ ရွှေတူးဖော် ထုတ်လုပ်တဲ့ သူတွေကလည်း သင်္ကြန်လွန် ကာလမှာ ငွေဖော်ရမယ့် လုပ်ငန်း ကိစ္စတွေရှိတဲ့ အတွက် ထုတ်ရောင်းကြလို့ ဈေးကွက်မှာ အတော်များများ ဝယ်ရောင်း အလုပ်ဖြစ် နေကြတာ တွေ့ရပါတယ်''ဟု ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြား သည်။

သင်္ကြန်ကာလ မတိုင်မီက တစ်ကျပ်သားလျှင် ငွေကျပ် ၇၃၉၅ဝဝ ဖြင့် ဈေးပိတ် သွားခဲ့သော ပြည်တွင်း အခေါက် ရွှေဈေးမှာ ဧပြီ ၁၈ ရက် ရွှေဈေး ပြန်ဖွင့်သည့် အချိန်တွင် ငွေကျပ် ၆၆၈၅ဝဝ ဖြင့် သာ ဈေးဖွင့်နိုင်သည် အထိ ကျဆင်းခဲ့သည်။ ၄င်းနေ့ ညနေပိုင်းတွင် အနည်းငယ် ပြန်လည် မြင့်တက်ခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ် ၆၉၁ဝဝဝ ဖြင့် ဈေးပိတ် ခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment