Wednesday, September 4, 2013

Eleven Media သို့ အိပ်ဖောက်ပေးစာ

Eleven Media ခင်ဗျား။
ဗုဒ္ဓဘာသာ ကို ကမ္ဘာက အကြမ်းဖက်တယ်လို့ မမြင်စေရန် စစ်မှန်သော ဗုဒ္ဓဘာသာ ရဲ့ image ကို ပြန်လည် မြှင့်တင်တဲ့ အနေနဲ့ ကြိုးပမ်းနေတဲ့ ခင်ဗျားတို့ ရဲ့ လုပ်ဆောင်မှုကို လေးစားပါတယ်။ အားလဲပေးပါတယ်။ သို့ ပေမဲ့ ဗုဒ္ဓဘာသာ ရဲ့ image ကိုပြန်မြှင့်တင်ရာမှာ မွတ်စ်လင်မ်တွေကို အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံဆော်တယ်လို့ ရေးသားရုံနဲ့  ဘာမှ ထိရောက်မှာ မဟုတ်ပါဘူး။ ခင်ဗျားတို့ လုပ်နေတဲ့အကွက် က မြန်မာနိုင်ငံမှာ ဘာသာရေး ဆူပူအကြမ်းဖက်မှုတွေ ဖြစ် လာပြီးတဲ့နောက် မှာ အဓိက ဆူပူအောင် သွေးထိုးနေတာဟာ Facebook ပေါ်က မွတ်စ်စလင် အကောင့်တွေကြောင့်ဖြစ်တယ်ဆိုပြီး တပ်အပ်မပြောရုံတမယ်ပဲ ရှိပါတယ်။

ပထမပြောချင်တာက အကြမ်းဖက်သူနဲ့  အကြမ်းဖက်ခံရသူပဲ ဖြစ်ပါတယ်။ မွတ်စ်လင်မ် အကောင့်တွေကသာ သွေးထိုးလှုံဆော်တယ်ဆို အကြမ်းဖက်သူတွေက မွတ်စ်လင်မ်တွေပဲ ဖြစ်ရမှာပါ။ ဒါဟာ အင်မတန်မှ ရိုးရှင်းတဲ့ သီအိုရီပါ။ အခုတော့ အကြမ်းဖက်မှုဖြစ်ရာ မြို့ ရွာတွေမှာ ဒုက္ခသည်စာရင်း၊ သေဆုံးသူစာရင်း၊ ပျက်ဆီးဆုံးရှုံးမှုစာရင်းကို ကြည့်လိုက်ရင် မွတ်စ်လင်မ်တွေပဲ ခံခဲ့ရတယ်ဆိုတာ စာရင်းဇယားနဲ့ တကွ မြင်ရမှာပါ။ ဘယ်သူကအကြမ်းဖက်သူ၊ ဘယ်သူကအကြမ်းဖက်ခံရသူ၊ ဘယ်သူက အကြမ်းဖက်သူတွေကို သွေးထိုး လှုံဆော်သူဆိုတာ ခွဲခြားသိနိုင်ပါစေဗျာ။

ဒုတိယပြောချင်တာက မြန်မာနိုင်ငံအတွင်းမှာ ဖေ့စ်ဘုတ်ခ် အသုံးပြုသူက သိန်းဂဏန်းသာရှိပါတယ်။ သူးစွဲသူတွေဟာ သူတို့ လက်ဝယ်မှာ အချိန်တွေ ပိုနေလို့ ၊ ငွေကြေးတတ်နိုင်လို့ သုံးနေကြသူ များဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုများမှာ ပါဝင် ဖျက်ဆီး လုယက်သူအများစုက အလုပ်မရှိ၊ ငွေကြေးမရှိသူ လက်လုပ်လက်စား အခြေခံလူတန်းစား အများစုသာ ဖြစ်မယ် လို့ ယူဆရပါတယ်။ ဒီလိုလူမျိုးတွေ ဖေ့စ်ဘုတ်ခ်သုံးဖို့ ဆိုတာ မဖြစ်နိုင်လောက်တဲ့ အခြေအနေပါ။ အဲဒီတော့ ဖေ့စ်ဘုတ်ခ်ပေါ်က လှုံဆော်မှုတွေက အဲဒီလို တကယ်အကြမ်းဖက်တဲ့ အခြေခံလူတန်းစားတွေ အပေါ် ထင်သလောက် သက်ရောက်ခြင်းမရှိပါဘူး။ တစ်လမ်းဝင်တစ်လမ်းထွက် တစ်ရွာဝင်တစ်ရွာထွက်၊ တစ်မြို့ ဝင် တစ်မြို့ ထွက်ပြီး မုန်းတီးရေး စကားတွေကို လော်စပီကာနဲ့ လိုက်ပြောနေမှသာ အခြေခံလူတန်းစားတွေအပေါ် လွှမ်းမိုးသက်ရောက်မှု ရှိမှာပါ။ ဘယ်လိုလူမျိုးတွေ လုပ်နေတယ်ဆိုတာလဲ လူကြီးမင်းတို့ သိပါတယ်။

တတိယပြောချင်တာက လူကြီးမင်းတို့ ရဲ့ မီဒီယာကျင့်ဝတ်ပဲ ဖြစ်ပါတယ်။ လူကြီးမင်းတို့  ရဲ့ ဆောင်းပါးမှာ အောက်ပါ စာပိုဒ်ကို တွေ့ ရပါတယ်။

မွတ်စလင် အစွန်းရောက်များသည်လည်း ၎င်းတို့နှင့် ဆန့်ကျင်သော အမြင်ရှိသူဟု ယူဆရသည့် ထင်ရှားကျော်ကြား သူများကို အသရေဖျက်၊ ပုဂ္ဂိုလ်ရေး အပုပ်ချ တိုက်ခိုက်မှုများ ရှိခဲ့ပါသည်။ "အစွန်းရောက်တာကတော့ မကောင်းဘူးဗျာ။ ကျွန်တော်တို့က လူတွေကို ဘာသာရေးအရ မခွဲဘဲ အစွန်းရောက်တဲ့လူနဲ့ အစွန်းမရောက်တဲ့ လူကိုပဲ ခွဲရမှာပါ။ အစွန်းရောက်တာကို လုံးဝဆန့်ကျင်ပါတယ်။ သမ္မာသမတ်ကျတဲ့ အမြင်တွေနဲ့ ရေးသားတဲ့လူတွေ များများရှိဖို့ လိုပါတယ်။ အခုတော့ အွန်လိုင်းစာမျက်နှာတွေက ဟိုဘက်အစွန်းရောက်တဲ့လူနဲ့ ဒီဘက်အစွန်းရောက်တဲ့လူတွေ တိုက်နေတဲ့ တိုက်ပွဲလို ဖြစ်နေတယ်။ ကျွန်တော်လည်း အွန်လိုင်းမှာ သမ္မာသမတ်ကျကျ ရေးတတ်တဲ့ လူတွေကို လိုက်ကြည့်နေတယ်။ အဲဒီလို လူတွေစုဖွဲ့ပြီး များများရေးကြဖို့ လိုပါတယ်" ဟု ကိုနေဘုန်းလတ်က ဆိုသည်။

အဆိုပါစာပိုဒ်မှ ကိုနေဘုန်းလတ်ရဲ့ ပြောပြချက်သည် အစွန်းရောက်သည့် မည်သည့်ဘာသာဝင်ကိုမဆို ရည်ရွယ်ပါတယ်။ သို့ ပေမဲ့ လူကြီးမင်းတို့ က စာပိုဒ်အစမှာ မွတ်စ်လင်မ် အစွန်းရောက်ဆိုသည့် စကားလုံးနှင့် စထားပြီး ကိုနေဘုန်းလတ်က မွတ်စ်လင်မ်များကို ရည်ရွယ်ပြောဆိုနေသယောင် ထင်ယောင်ထင်မှား ဖြစ်စေရန် ပြုလုပ်ထားတာကို တွေ့ ရပါတယ်။ မီဒီယာကျင့်ဝတ်ဆိုတာ မီဒီယာသမားတွေ လိုက်နာဖို့  ချမှတ်ထားတဲ့ စည်းကမ်းဆိုတာ လူကြီးမင်းတို့ မီဒီယာသမားတွေ အသိဆုံး ဖြစ်မှာပါ။

နောက်ဆုံးပြောချင်တာက မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်မှုတွေ ဖြစ်လာအောင် လှုံ့ ဆော်တဲ့ မွတ်စ်လင်မ် အစွန်းရောက်တွေရှိတယ်လို့  လူကြီးမင်းတို့ ဂျာနယ်ထဲမှာ ထည့်ရုံနဲ့ ကမ္ဘာက ကျေကျေနပ်နပ် လက်ခံပြီး ဗုဒ္ဓဘာသာ ရဲ့ image က ချက်ချင်းကြီး ပြန်မြင့်တက်လာမှာ မဟုတ်ပါဘူး။ လူကြီးမင်းတို့ ပြောသမျှကို မှန်မမှန်ကို ကမ္ဘာ့ မီဒီယာတွေက ကိုယ်တိုင် ကိုယ်ကျ စစ်ဆေးကြဦးမှာပါ။ ဥပမာပြောရရင် ဦးဝီရသူပြောသမျှကို TIME မဂ္ဂဇင်း သတင်းထောက်က နားထောင်သွားတယ်။ Record လုပ်သွားတယ်။ ဒါပေမဲ့ ပြောသမျှစကားတိုင်းကို တစ်လုံးမကျန် ၏သည်မရွေး မထည့်ရေးပါဘူး။ အရင် မှန်မမှန်၊ ခိုင်လုံမှုရှိမရှိ အရင်စစ်ပါတယ်။ ပြီးမှ Investigated Journalism နဲ့ အညီ ကောက်ချက်ဆွဲပြီးရေးသွားခြင်းပဲဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် သတိထားစေချင်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောရရင် Facebook ပေါ်တွင် ဗုဒ္ဓဘာသာအား သေးသိမ်အောင် ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်နေသည့် မွတ်စလင် အစွန်းရောက်များလည်း ရှိနေသည်ဆိုတာကို မငြင်းပါ။ ဒါပေမဲ့ ရေတွက်ကြည့်ရင် လက်၁၀ချာင်းတောင် မပြည့်တာကို တွေ့ ရပါမယ်။ သို့ သော် Facebook ပေါ်တွင် အစ္စလာမ်ဘာသာအား မတရားစွတ်စွဲပြီး မုန်းတီးအောင် ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်နေသည့် ဗုဒ္ဓဘာသာဝင် အစွန်းရောက် အကောင့်အရေအတွက်က ပိုများတယ်ဆိုတာ လူကြီးမင်းတို့ လဲ သိလောက်မှာပါ။ လူကြီးမင်းတို့ ရဲ့ ဗုဒ္ဓဘာသာ ရဲ့ image ကို ပြန်လည်မြှင့်တင်ဖို့ ကြိုးပမ်းမှုကို အသိအမှတ်ပြု အားပေးပါတယ်။ သို့ သော် လူကြီးမင်းတို့ ကြောင့် ပိုမဆိုးသွားစေရန် သတိထားစေချင်ပါတယ်

No comments:

Post a Comment