နိုင်ငံသားများ အကျိုးရှိပါက စာနယ်ဇင်းကောင်စီဘက်က ရပ်တည်ပေးမည်ဟု သူရဦးရွှေမန်း ပြောကြား
နေပြည်တော်၊ သြဂုတ် ၁၃
နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိပါက
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဘက်က ရပ်တည်ပေး မည် ဖြစ်ကြောင်း
ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း က ပြောကြားသည်။
သြဂုတ် ၁၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ
ဦးရွှေမန်းနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့ ပြည်သူ့
လွှတ်တော်တွင် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်
တစ်ဦးက “နိုင်ငံတော် နဲ့ နိုင်ငံသား အကျိုးဖြစ်ရင် ဘာမှမပူနဲ့။ သူ
(ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း) အမြဲ ရပ်တည်မယ်လို့ ပြောတယ်” ဟု
ယင်းတွေ့ဆုံပွဲ အထွက်တွင် ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း
ဥပဒေသည် ပြဋ္ဌာန်းပြီး ပြင်ဆင်ခြင်း က ကောင်းမွန်သည် မဟုတ်ဘဲ ကနဦး မပြဋ္ဌာန်းမီကပင်
ပြည်သူ အကျိုးရှိသော ဥပဒေ ဖြစ်သင့်ကြောင်း မှတ်ချက်ပြု သည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲသော
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ မူကြမ်းနှင့် မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲ ထားသော သတင်းမီဒီယာ ဥပဒေ မူကြမ်းတို့ကို
လွှတ်တော်တွင် အပြိုင် တင်ကြရန် သဘော တူညီခဲ့သော်လည်း သတင်းမီဒီယာ ဥပဒေပါ ၁၇ ချက်
ကို စာနယ်ဇင်းကောင်စီ (ယာယီ) က ပြန်လည် ပြင်ဆင်ပေးခြင်း မရှိပါက ပြန်ကြားရေး
ဝန်ကြီးဌာန အနေနှင့် လွှတ်တော်သို့ တင်သွင်းပေးမည် မဟုတ်ဟု ဆိုကာ သတင်းမီဒီယာ
ဥပဒေကို ချန်ထားခဲ့ခြင်း ဖြစ်သည် ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)
အဖွဲ့ဝင် တစ်ဦးက ပြောကြား သည်။
ယင်းဥပဒေကို အပြိုင် တင်နေကြခြင်းနှင့် ပတ်သက်၍ လည်း
ဒေါ်အောင်ဆန်းစုကြည်က “ဘယ်လိုပဲ ပြိုင်ပြိုင် ပြည်သူလူထု အနိုင်ရဖို့ အရေးကြီးတယ်”
ဟု ဆိုသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည်
နေပြည်တော်တွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးနှင့် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ ဆွေးနွေး
ခဲ့သည်။
စာနယ်ဇင်းကောင်စီက ရေးဆွဲထားသော မီဒီယာ ဥပဒေကြမ်း
ကိစ္စနှင့် ပတ်သက်ပြီး စာနယ်ဇင်း ကောင်စီနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့ ဆက်လက်
ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က
သြဂုတ်လ ၁၂ ရက်နေ့ က ပြောဆိုထားသည်။
စာနယ်ဇင်းကောင်စီက ရေးဆွဲထားသော မီဒီယာ ဥပဒေကြမ်းပါ
အချက် ၁၇ ချက်သည် နိုင်ငံတကာ စံနှုန်းနှင့် မကိုက်ညီသဖြင့် ယင်းအချက်များ ကို
ပြန်လည် ပြင်ဆင်ခြင်း မပြုပါက ပြန်ကြားရေး ဝန်ကြီးဌာနက အဆုံးတိုင် ကန့်ကွက်သွားမည်
ဖြစ်ကြောင်း ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားထားသည်။
No comments:
Post a Comment