Wednesday, August 14, 2013

ဖိလစ်ပိုင် ရေပိုင်နက် သေဆုံး မြန်မာ သင်္ဘောသားများကို ဒေါ်လာ တစ်သန်းကျော် လျော်မည်

Wednesday, August 14, 2013

ဖိလစ်ပိုင်နိုင်ငံ ရေပိုင်နက်၌ သင်္ဘော နစ်မြုပ်မူတွင် သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သည့် မြန်မာ သင်္ဘောသား ၂၀ ကျော်အတွက် အမေရိကန် ဒေါ်လာ တစ်သန်းကျော်ကို သြဂုတ်လ ၁၄ ရက် ယနေ့တွင် ပေးလျော်မည် ဖြစ်ကြောင်း SSR သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သေဆုံးသူ အရာရှိ တစ်ဦးအတွက် ဒေါ်လာ ရှစ်သောင်း၊ ပျောက်ဆုံးနေသည့် အခြားအဆင့် သင်္ဘောသား တစ်ဦးအတွက် ဒေါ်လာ ခြောက်သောင်းနှုန်းဖြင့် ပေးအပ်မည် ဖြစ်ပြီး ယင်းသင်္ဘောသား များကို မှီခိုနေသည့် အသက် ၂၁ နှစ်အောက် သားသမီးများအတွက် တစ်ဦးလျှင် ဒေါ်လာ ငါးထောင်စီ အပြင် သင်္ဘောသားများ ပိုင်ဆိုင်ခဲ့သော ပစ္စည်းတန်ဖိုးအဖြစ် ဒေါ်လာ သုံးထောင် စုစုပေါင်း အမေရိကန် ဒေါ်လာ တစ်သန်းကျော် ပေးလျော်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စင်ကာပူနိုင်ငံသား ပိုင်ဆိုင်သည့် Ocean Sentinels ကုမ္ပဏီပိုင် Harita Bauxite သင်္ဘောသည် ယခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာသင်္ဘောသား တစ်ဦးသေဆုံးခဲ့ကာ ၁၄ ဦး ပျောက်ဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သင်္ဘောသားများကို နစ်နာကြေး ပေးလျော်မည် ဖြစ်ပြီး ဒဏ်ရာ မရရှိသူ ခုနစ်ဦးကိုလည်း လုပ်ခ ခြောက် လစာ ပေးမည် ဖြစ် ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ပြောကြားသည်။

နီကယ် တင်ဆောင်ပြီး အင်ဒိုနီးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ မောင်းနှင်လာသော Harita Bauxite သင်္ဘောသည် ဖိလစ်ပိုင်နိုင်ငံ ရေပိုင်နက်တွင် ရာသီဥတုဒဏ်ကြောင့် နစ်မြုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

သင်္ဘောသားများအတွက် လျော်ကြေး ပေးအပ်ပွဲကို ဗဟန်းမြို့နယ်ရှိ Dolphin စားသောက်ဆိုင်တွင် သြဂုတ်လ ၁၃ ရက်နေ့ ၁၂ နာရီတွင် Ocean Sentinels ကုမ္ပဏီနှင့် SSR ကုမ္ပဏီတို့ ပူးပေါင်းကာ ပြုလုပ်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရှိရသည်။

Harita Bauxite သင်္ဘောသည် ဖိလစ်ပိုင်နိုင်ငံ ပန်ဂီစီနန်ဒေရှိ ဘိုလီနောဝ် မြို့အနီးတွင် စက်အင်ဂျင် ချို့ယွင်းသွားခဲ့ပြီး လှိုင်း ပြင်းထန်မှုကြောင့် နစ်မြုပ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် ABS- CBN သတင်းဌာနက ဖော်ပြခဲ့သည်။

ပျောက်ဆုံး မြန်မာ သင်္ဘောသား ၁၄ ဦးကို တစ်နှစ်အတွင်း ရှာဖွေ မတွေ့ရှိပါက သက်ဆိုင်ရာ ကုမ္ပဏီ က သေဆုံးသူအဖြစ် သတ်မှတ်၍ လျော်ကြေး ပေးရမည်ဖြစ်ပြီး မြန်မာ့အာမခံ လုပ်ငန်းကမူ အခင်း ဖြစ်ပွားရာ နိုင်ငံတကာရေပြင် တည်နေရာအလိုက် ၂ နှစ်ပြည့်ပြီးမှ သေဆုံးသူအဖြစ် သတ်မှတ်ပြီး လျော်ကြေးပေးမည်ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသောင်းကြိုင်က ဖေဖော်ဝါရီလ အတွင်းက နိုင်ငံပိုင် သတင်းစာများတွင် ပြောဆိုထားသည်။

No comments:

Post a Comment