Wednesday, August 14, 2013

ကန့်ကွက်ခံနေရသည့် အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း ပြန်ပြင်

ရန်ကုန်၊ သြဂုတ် ၁၃

လူထုအခြေပြု အဖွဲ့အစည်း ၅၂ ဖွဲ့က ကန့်ကွက်ထားသော အသင်းအဖွဲ့ ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက ဖြေလျှော့မှုအချို့ ပြုလုပ်ကာ ပြန်လည် ပြင်ဆင် ဖြည့် စွက် ရေးဆွဲထားကြောင်း အဆိုပါ ကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦးက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် စတင် မဆွေးနွေးမီ အသင်းအဖွဲ့များက ထောက်ပြ ကန့်ကွက်မှုများ ရှိနေခြင်းကြောင့် ပြန်လည် ပြင်ဆင် ရေးဆွဲခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင် ဥပဒေကြမ်းတွင် ပါရှိသော မှတ်ပုံတင်ခြင်း မရှိဘဲ အသင်းအဖွဲ့ ဖွဲ့စည်းသူများကို ထောင်ဒဏ် ငါးနှစ်မှ သုံးနှစ်အထိ ချမှတ်နိုင်သည် ဟု ရေးဆွဲထားသည့် အချက်ကို ငွေဒဏ်နှင့် အသင်းအဖွဲ့ ရပ်တည်ခွင့်ကို ငါးနှစ်ထက် မပိုသော အချိန်ကာလတစ်ခု ပိတ်ပင်မည်ဟု ပြင်ဆင် ရေးဆွဲ ထားကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ဥပဒေကြမ်းတွင် အသင်းအဖွဲ့များ ဖွဲ့စည်းရေးနှင့် မှတ်ပုံတင်ရေး ကော်မတီတွင် အရပ်သား ကိုယ်စားလှယ်များ ပါဝင်ခွင့် ပေး ထားကြောင်း ၎င်းက ဆိုသည်။

တပ်မတော် အစိုးရက ရေးဆွဲထားသော အသင်းအဖွဲ့ဆိုင်ရာ ဥပဒေတွင် အသင်း တစ်ဖွဲ့လျှင် အဖွဲ့ မှတ်ပုံတင်ကြေး ကျပ် ငါးသိန်းဟု သတ်မှတ် ထားသော်လည်း ယခု အသစ် ပြန်ရေးသည့် ဥပဒေတွင် နိုင်ငံအဆင့် လှုပ်ရှားမည့် အဖွဲ့အစည်းများသည် မှတ်ပုံတင်ကြေး ကျပ် ငါးသောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် လှုပ်ရှားမည့် အဖွဲ့များကို မှတ်ပုံကြေး ကျပ်သုံးသောင်းသာ သတ်မှတ်ထားကြောင်း အဆိုပါ ကော်မတီ ထံမှ သိရှိရသည်။

“အဖွဲ့အစည်း လုပ်တဲ့သူတွေကို နှိပ်ကွပ်ချင်တဲ့ဆန္ဒ လုံးဝ မပါပါဘူး၊ အခြေခံ ဥပဒေရဲ့ ပေးထားချက် အရ ဒီဥပဒေကို ရေးဆွဲတာပါ၊ ဥပဒေ မရှိရင် အသင်းအဖွဲ့တွေ ပရမ်းပတာ ဖြစ်နေမှာ စိုးလို့ပါ” ဟု ဦးတင်မောင်ဦးက ဆိုသည်။

အဆိုပါ ပြင်ဆင်ချက်များသည် ယခင် တင်သွင်းထားသော အသင်းအဖွဲ့ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး လူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၂ ဦးနှင့် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံ ခန့်ခွဲမှု ကော်မတီနှင့် ဆွေးနွေးစဉ် အသင်းအဖွဲ့များ၊ အကြံပြုထားသော အချက်များဖြစ်ကြောင်း 3N ကွန်ရက်မှ ဥက္ကဋ္ဌ ဒေါ်ဇင်နွယ်ဝင်းက ပြောကြား သည်။

“အဲဒီ ဥပဒေကြမ်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ နိုင်ငံသား အခွင့်အရေးနဲ့ မကိုက်ညီတဲ့ အချက်တွေ တော်တော်များများ ပါတာ တွေ့ရ တယ်။ လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ အဲဒီအချက်တွေ ကို ထောက်ပြ ဆွေးနွေးသွားမယ်” ဟု ၎င်းဥပဒေအပေါ် ပွင့်ဖြူ မဲဆန္ဒနယ် မှ ဒေါက်တာ အောင်မိုးညိုက မှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ပြန်လည် ပြင်ထားသော်လည်း သြဂုတ်လ ၁၅ ရက်နေ့တွင် လူမှု အခြေပြု အဖွဲ့အစည်းများနှင့် ပြည်သူ့လွှတ်တော်မှတာဝန်ရှိသူအချို့နှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း  ဒေါ်ဇင်နွယ် ဝင်း က ဆိုသည်။

အဆိုပါ ဥပဒေကြမ်းကို သြဂုတ်လ ၆ ရက်နေ့တွင် ပြည်သူ့ လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်မှု ကော်မတီက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment