စီးပွားရေး စီမံကိန်း မလုပ်ဖြစ်သော မြေများ နိုင်ငံပိုင် သိမ်းရန် လွှတ်တော်တင်
နေပြည်တော်၊ သြဂုတ် ၁၃
ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်
ပေးထားသော်လည်း မလုပ်ဖြစ်သော စီမံကိန်းမြေ များကို နိုင်ငံတော်ပိုင်အဖြစ်
သိမ်းဆည်းရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ
နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့
တင်ပြခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
သြဂုတ်လ ၁၃ ရက်နေ့တွင် ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ယင်း ကော်မရှင်က လယ်ယာမြေ သိမ်းဆည်းမှုများနှင့်
ပတ်သက်သည့် အစီရင်ခံစာ အပိုင်း (၃) တင်သွင်းစဉ် အမရပူရ မြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ယင်း ကော်မရှင် ကိုယ်စား ဖတ်ကြားသွားခြင်း
ဖြစ်သည်။
ယင်းကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၃) တွင် မြေလွတ်
မြေရိုင်းများတွင် အလဟဿ မဖြစ်စေရန် အတွက် စီးပွားရေး လုပ်ငန်းရှင်များကို
လုပ်ကိုင်ခွင့် ပေးသော်လည်း အပြည့်အဝ မလုပ်ဘဲ တစ်ဆင့် ပြန် လည် ရောင်းချခြင်း၊
သိမ်းဆည်းမြေများ အတွက် လျော်ကြေး ပေးရာတွင် တစ်ဆင့်ခံ ပေးခြင်းကြောင့် ရသင့်
ရထိုက်သည့်အတိုင်း အပြည့်အဝ မရရှိခြင်း၊ တပ်မတော် အငြိမ်းစားများက နိုင်ငံတော်
စီမံကိန်းနှင့် ရောနှောပြီး ကိုယ်ကျိုးအတွက် သိမ်းယူခြင်း အပါအဝင် ပြည်ထဲရေး
ဝန်ကြီးဌာနက ဝန်ထမ်း သက်သာ ချောင်ချိရေးအတွက် သိမ်းဆည်းထားသော မြေများ လုပ်ကိုင်ခြင်း
မရှိသည်ကိုပါ တွေ့ရသဖြင့် ယင်းမြေများကို နိုင်ငံတော် အစိုးရထံ အပ်နှံပြီး
ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် တောင်သူများထံ ပြန်လည်
လွှဲပြောင်းပေးရန် စသော အချက်များကို ဖော်ပြထားသည်။
နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်
တည်ဆောက်ရာ၌ အနာဂတ် စီမံကိန်းနှင့် လုံခြုံရေးအတွက် လိုအပ်သော မြေဧရိယာ
သတ်မှတ်မှုမှ လွတ်ကင်းသည့် အသိမ်းဆည်းခံ မြေ များကို တောင်သူများထံ ပြန်လည်
ပေးအပ်သင့်ကြောင်း ဦးသိန်းထွန်းက ပြောကြားသည်။
နိုင်ငံတော် စီမံကိန်းများ ဖြစ်သည့် လမ်းများ၊
ရထားလမ်းများ၊ ကားလမ်း များ ဖောက်လုပ်ခြင်းကြောင့် သိမ်းဆည်းထားသော မြေများကို
တောင်သူ များကို ကာလပေါက်ဈေးနှင့်အညီ လျော်ကြေး၊ နစ်နာကြေး ပေး သင့်ကြောင်း၊
တရားဝင် စိုက်ပျိုး မွေးမြူခွင့်ရပြီး ဆောင်ရွက်နေသူများ၏ လုပ်ငန်းခွင်တွင် အဓမ္မ
အကြမ်းဖက်ခြင်း၊ မင်းမဲ့စရိုက်ဆန်ဆန် နှောင့်ယှက် ဖျက်ဆီးခြင်းများ
ပြုလုပ်ခြင်းသည် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်
ပျက်ပြားစေရန် လုပ်ဆောင်သည့် အတွက် ဥပဒေ ဖောက်ဖျက် ကျူးလွန်သည့် တောင်သူများကို
နိုင်ငံတော် အစိုးရက ဥပဒေနှင့်အညီ အရေးယူပေးရန် ၎င်းက ထပ်လောင်း ပြောကြား သည်။
မြန်မာ တစ်နိုင်ငံလုံးတွင် လယ်ယာမြေများနှင့် အခြား
သိမ်းဆည်းခံ ရသည့် မြေဧကပေါင်း နှစ်သန်းခန့် ရှိသည်ဟု ပြည်ထောင်စု လွှတ်တော်တွင်
အထက်ပါ ကော်မရှင်က တရားဝင် ပြောဆိုထားသည်။
No comments:
Post a Comment