RB News
25.5.2013
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် နစက နယ်မြေ (၈) လက်အောက်ခံ မြင့်လွတ် ကျေးရွာ တွင် လွန်ခဲ့သော နှစ်လမှ စ၍ နစကမှ ဦးဆောင်ပြီး ရိုဟင်ဂျာ လူမျိုး များကို နည်းလမ်း မျိုးစုံဖြင့် ခြိမ်းခြောက်၍ ဘင်္ဂလီ ဇတ်သွင်း ကွန်ပျူတာ လက်ဗွေ ယူခြင်းများ ပြုလုပ်ခဲ့သည်။ ယခုလည်း မေလ (၂၁) ရက်နေ့ မှစ၍ ပြန် လည်စတင် လျက်ရှိကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၂၁ ရက်နေ့ ကနေစပြီး ပြန်စစ်တယ်။ ယာယီ ကဒ်ပြား ကိုင်ထားသူ တွေအားလုံးကို စစ်ဆေး နေတာပါ။ ရွာကလူ တစ်ဝက်လောက် နီးပါး အစစ် ခံနေရတယ်။ အစစ် မခံတဲ့ သူတွေကို စာရင်းတော့ မှတ်နေ တယ်။ ဒါပေမယ့် ဘာလုပ်မယ် ဆိုတာတော့ မသိသေးဘူး။ ရွာအုပ်ချုပ်ရေးမှူး ကိုတော့ အစစ်ခံ တဲ့သူတွေ ဆီက တစ်ယောက်ကို ငွေ တစ်ထောင်စီ ကောက်ခိုင်းတယ်” ဟု ရွာသား တစ်ဦးမှ RB News သို့ပြောသည်။
ယခုလ (၁၉) ရက်နေ့ ည (၁၁) နာရီတွင် နစက နယ်မြေ (၈) နယ်မြေမှူး ဗိုလ်မှူး ၀ဏ္ဏဇော်နှင့် နစက တပ်ဖွဲ့ဝင် (၅) ဦးတို့သည် သပြေတော ကျေးရွာနေ မော်လ၀ီ ဦးဆလီမ် အုလ္လာ (ဘ) ဦးဇဖရ်အဟမတ်နှင့် သပြေတော ဇုံကာရွာမှ ဦးဆယီဒူရာမန် (ဘ) ဦးဂျမာလ် တို့ကို အကြောင်း ပြချက် မရှိဘဲ လက်ထိပ်ခတ်၍ ခေါ်ဆောင် သွားကြောင်း သိရသည်။
“နှစ်ယောက်လုံးကို ဘာကြောင့် ဖမ်းတယ် ဆိုတာ မပြောဘဲ လက်ထိပ် ခတ်ပြီး ခေါ်သွားတယ်။ မေးတော့လည်း နယ်မြေရုံး ရောက်ရင် သိရမယ် ဆိုပြီး ပြောတယ်။ နောက်နေ့ မနက်ကျတော့ မိသားစုဝင် တွေက နစက နယ်မြေရုံး အချုပ်ခန်းကို လိုက်သွားတယ်။ အဲဒီမှာ တပ်ကြပ် အောင်ကိုဦးက လူကုန်ကူးမှုနဲ့ ဖမ်းတာ။ ငွေဆယ်သိန်းစီ မပေးနိုင်ရင် တရားစွဲပြီး ထောင်ချ လိုက်မယ်လို့ ခြိမ်းခြောက် ပါတယ်” ဟု ၎င်းရွာသား မှပြောသည်။
ဖမ်းဆီးခံ ရသူ နှစ်ဦးလုံးမှာ လူကုန်ကူးမှုနှင့် ပတ်သက်ခြင်း မရှိသော်လည်း အကြောင်း ပြချက် တစ်ခု ပြ၍ ငွေညှစ်ခြင်း သာဖြစ်ကြောင်း ဒေသခံ များက ပြောသည်။ ဖမ်းဆီး ခံရသူ မိသားစုဝင် များမှ ငွေရှစ်သိန်းခွဲ ပေးပြီး ဖမ်းဆီး ခံရသူများကို ပြန်လည် ရွေးလာ ခဲ့ကြောင်း သိရသည်။
“၂၃ ရက်နေ့က မိသားစုဝင် တွေက ငွေစုပြီး ဦးဆလီမ် အုလ္လာ အတွက် လေးသိန်းနဲ့ ဦးဆယီဒ်ဒူရာမန် အတွက် ငွေလေးသိန်းခွဲ ပေးပြီး ပြန်ရွေးလာတယ်။ ငွေကြေး မတတ်နိုင် ပေမယ့်လည်း ချေးငှားပြီးတော့ ပေးလိုက် ရတာ။ အဲဒီလို မပေးရင်လည်း နေ့တိုင်း ရိုက်နှက် နှိပ်စက် ခံနေရတာနဲ့ ဖမ်းခံ ရတဲ့သူတွေ သေဖို့ ရှိတယ်” ဟု အဆိုပါ ရွာသားမှ ဆက်လက် ပြောပါသည်။

No comments:
Post a Comment