RB News
25.5.2013
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ နစက နယ်မြေ (၇) လက်အောက်ခံ အလယ်သံကျော် တိုက်နယ်တွင် စစစ ထောက်လှမ်းရေးမှ အရာရှိ တစ်ဦး ဖြစ်သူ ဦးအောင်ကျော်ဇင်မှ နည်းလမ်း မျိုးစုံဖြင့် ဒေသခံ ရိုဟင်ဂျာ များထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
“အလယ်သံကျော်မှာ ရှိတဲ့ ဈေးဆိုင်တွေက တစ်ဆိုင်ကို တစ်ပတ်မှာ ငွေကျပ် တစ်ထောင်စီ ဆက်ကြေးလို SB က ဦးအောင်ကျော်ဇင်ရဲ့ ရုံးခန်းမှာ သွားသွင်း ရတယ်။ အလယ်သံကျော်ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာတွေ အားလုံးလည်း အဲဒီလူရဲ့ နှိပ်စက်တဲ့ ဒဏ်ကို ခံနေရတယ်” ဟု ဒေသခံ ရွာသား တစ်ဦးမှ RB News သို့ ပြောပါသည်။
ယမန်နေ့ (မေလ ၂၄ ရက်) က နစက နယ်မြေ (၈) လက်အောက်ခံ ဥဒေါင်း ကျေးရွာ အုပ်စု၊ အနောက်ရွာနေ ဦးဟက်ဇူရာမန် (ဘ) ဦးရှော်ဘီကုရ် ရာမန် အား အလယ်သံကျော်ရှိ ယောက္ခမ ဖြစ်သူ၏ နေအိမ်တွင် တရားမ၀င် နေထိုင်သည်ဟု စွပ်စွဲ၍ ဦးဟက်ဇူရာမန်၏ အစ်ကိုဖြစ်သူ မော်လ၀ီ ဦးအဒူရှကူရ်ကို ဖမ်းဆီး၍ ခေါ် ဆောင်သွား ခဲ့သည်။
“စွပ်စွဲခံ ရတာက တစ်ယောက်ပါ။ ဖမ်းသွားတာက စွပ်စွဲခံ ရတဲ့သူရဲ့ အစ်ကို။ ဆန်စက်မှာ အလုပ်လုပ် နေရင်းနဲ့ ဖမ်းသွားတာ။ လမ်းတစ်ဝက်မှာ ငွေကျပ် တစ်သိန်း ငါးသောင်း ယူပြီး၊ နွားသတ် လိုင်စင်ရ ဦးမောင်ဇူရာမန် (ယခင် ရယက ဥက္ကဌဟောင်း) ကိုအာမခံ ခိုင်းပြီး ပြန်လွှတ် လိုက်တယ်။ အဲဒီလိုဘဲ မဟုတ်တာ တွေကို အကြောင်းပြပြီး၊ ဖမ်းပြီး ငွေညှစ် နေတာ နေ့စဉ် နေ့တိုင်း လိုလို ဖြစ်နေတယ်” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောပါသည်။
ထို့အပြင် ယမန်နေ့ ကပင် ဥဒေါင်း ကျေးရွာ အုပ်စု ဇုံမ္မာရွာနေ ဦးရဟီးမုလ္လာ (ဘ) ဦးနာဂူးအား ပွင့်လင်း ရာသီတွင် မလေးရှား နိုင်ငံသို့ လူကုန်ကူး သည်ဟု အကြောင်း ပြပြီး ဖမ်းဆီးရန် ၎င်း၏ နေအိမ်သို့ သွားရောက် ရှာဖွေ ခဲ့ကြောင်း သိရသည်။ သို့သော်လည်း နေအိမ်တွင် ဦးရဟီးမုလ္လာ အားမတွေ့သော ကြောင့် ဇနီးဖြစ်သူ အား ခြိမ်းခြောက်၍ မဖွယ်မရာများ ပြောပြီး ပြန်လာ ခဲ့ကြောင်း သိရသည်။
“ဦးအောင်ကျော်ဇင်က အခုလက်ရှိ ဥဒေါင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ရဲ့ ယောက္ခမ ဖြစ်တဲ့ ဦးမောင်မြနဲ့ ပူးပေါင်း ပြီးတော့ ရွာထဲမှာ ဘယ်သူတွေရဲ့ ငွေကြေး အခြေ အနေ ဘယ်လို ရှိတယ် ဆိုတာ သတင်း ယူတယ်။ ပြီးတော့ ပါးစပ်ထဲ ရှိတဲ့ အမှုနဲ့ ဖမ်းပြီး ငွေညှစ် နေတာ” ဟု ရွာသားမှ ပြောပါသည်။

No comments:
Post a Comment