Friday, May 24, 2013

မင်းပြားမြို့နယ်တွင် မီးရှို့အကြမ်းဖက်မှု တိုင်တန်းသူ တရားလို များအား ဖမ်းဆီးနေ

23.5.2013 

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်း ကျေးရွာ အုပ်စု၊ သရက်အုပ် ကျေးရွာရှိ ရိုဟင်ဂျာ မွတ်စလင် များ၏ နေအိမ် (၂၂၉) အိမ်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ရခိုင် အကြမ်းဖက် သမား များက အကြမ်းဖက် မီးရှို့ ခဲ့သည်။ 

ထိုကဲ့သို့ အကြမ်းဖက် မီးရှို့မှုနှင့် ပတ်သက်၍ သရက်အုပ် ကျေးရွာမှ ရိုဟင်ဂျာ မွတ်စလင် များက ပန်းမြောင်း ရဲစခန်းသို့ အကြမ်းဖက် မီးရှို့ခဲ့သည့် ရခိုင် အကြမ်းဖက် သမားများ အားလုံးအား အရေးယူ ပေးပါရန် အမှုဖွင့်၍ တိုင်ကြား ခဲ့သည်။ အမှုဖွင့် တိုင်တန်း ခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိသည့် အပြင် ယမန်နေ့ (မေလ ၂၂) ရက်နေ့က အမှုကို ရုတ်သိမ်း ပေးရန် ရဲစခန်းမှ တောင်းဆို လာပြီး၊ ထိုကဲ့သို့ တောင်းဆိုမှုကို မလိုက်နာ ပါက တရားလို ပြု၍ အမှုဖွင့် ထားသည့် ရိုဟင်ဂျာ မွတ်စလင် များကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက် လာကြောင်း သိရပါသည်။ 

ထို့အပြင် သရက်အုပ် ကျေးရွာမှ ရိုဟင်ဂျာ မွတ်စလင် တစ်ဦး ဖြစ်သူ ဦးနော်ဂျူမုလ္လာ (ဘ) ဦးမူဆာအလီ (အသက် ၃၅ နှစ်) အားဖမ်းဆီး၍ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ထားပြီး၊ ရခိုင် အကြမ်းဖက် သမားများ အတွက် ပန်းမြောင်း ရဲစခန်းတွင် အမှုဖွင့် ထားခြင်းကို ရုတ်သိမ်း မပေးပါက နောက်ထပ် ရိုဟင်ဂျာ မွတ်စလင် (၁၅) ဦးကို ဖမ်းဆီး၍ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် အရေးယူမည်ဟု ပန်းမြောင်း ရဲစခန်းမှ ခြိမ်းခြောက် ပြောဆိုသည်။ 

သရက်အုပ် ကျေးရွာမှ ရိုဟင်ဂျာ မွတ်စလင် တစ်ဦး ဖြစ်သူ ဦးဇိုက်နော်ဒိန်က “ကျွန်တော် တို့ရဲ့ အိမ်တွေ အားလုံး ၂၂၉ အိမ်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလက ရခိုင် အစွန်းရောက် တွေလာပြီး မီးရှို့ ဖျက်ဆီး ခဲ့တယ်။ ကျွန်တော်တို့က ရာဇ၀တ်မှု လို့သဘော ထားပြီး အဲဒီ အကြမ်းဖက် သမားတွေကို ဥပဒေနဲ့ အညီ အရေးယူ ပေးဖို့ ပန်းမြောင်း ရဲစခန်းကို တိုင်ကြား ခဲ့တယ်။ အခု အမှု ရုတ်သိမ်း ပေးဖို့ ဖိအား ပေးပြီး ကျွန်တော်တို့ ထဲက တစ်ယောက်ကို ဖမ်းပြီး အမှုဖွင့် ထားတယ်။ နောက်ထပ် ၁၅ ယောက် ဖမ်းမယ်လို့ လည်း ခြိမ်းခြောက် နေတယ်။ တရား ဥပဒေ ဆိုတာ ကျွန်တော်တို့ အတွက် မရှိပါဘူး” ဟု ပြောသည်။

No comments:

Post a Comment