Tuesday, April 23, 2013

HRW အစီရင်ခံစာကြောင့် အမေရိကန် စိုးရိမ်မကင်းဖြစ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ကော်မရှင် အစီရင်ခံစာ ကို စောင့်မျှော်နေတဲ့အကြောင်းနဲ့ HRW ရဲ့ အစီရင်ခံစာပါ ဖော်ပြချက်တွေကြောင့်လည်း စိုးရိမ်မကင်း ဖြစ်ရတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၂ရက်မှာ ပြောဆိုလိုက်ပါတယ်။
မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်မှုတွေ နောက်ထပ်မပေါ်ပေါက်အောင် ဟန့်တားနိုင်ဖို့ သင်တော် တဲ့ခြေလှမ်းတွေကို လှမ်းပြီး ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာထောက်ထားရမယ့် အကူအညီတွေ အဟန့်အတားမရှိဘဲ ဆက်လက်ရရှိဖို့ လုပ်ဆောင်ပေးဖို့ တောင်းဆို တဲ့အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ယာယီလက်ထောက် ပြောခွင့်ရ ပက်ထရစ် ဗန်ထရဲလ်က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ချက်တွေကို ဆက်လက်အားပေးနေမှာဖြစ်ပြီး အကြမ်းဖက်မှု အခြေခံအကြောင်းရင်းတွေကို ရှာဖွေပြီး ဘာသာလူမျိုးကွဲပြားသူတွေကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ထောက်ခံအားပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့ HRW ရဲ့ စွပ်စွဲချက်နဲ့ အဲဒီသတ်ဖြတ်မှုတွေမှာ အာဏာပိုင်တွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေ ပါဝင်ပတ်သက်တယ်ဆိုတဲ့ ပြော ဆိုချက် ကို မြန်မာအစိုးရ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

No comments:

Post a Comment