Thursday, April 11, 2013

မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဥပဒေ ဇွန်လတွင် ပေါ်ထွက်လာဖွယ်ရှိ

Thursday, April 11, 2013 မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဥပဒေမှာ ဥပဒေကြမ်းအဆင့် ၈၀ ရာခိုင်နှုန်း ရေးဆွဲပြီးစီးနေပြီး လာမည့်ဇွန်လတွင် အပြီးသတ် ထွက်ပေါ်လာဖွယ် ရှိသည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင် က ပြောကြားခဲ့သည်။ မူပိုင်ခွင့်ဥပဒေဆိုင်ရာ ဥပဒေကြမ်းအား အဓိက တာဝန်ယူ ကိုင်တွယ်နေသည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အနေဖြင့် အခြားဆက်စပ် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အထူးကြိုးပမ်း ဆောင်ရွက်နေပြီး မကြာမီအချိန်တွင် အပြီးသတ် အတည်ပြုနိုင်မည် ဖြစ်သည်ဟု ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ဧပြီလ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံဥာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာအဖွဲ့ ညီလာခံတွင် ၄င်းက ပြောကြားခဲ့သည်။ အာဆီယံနိုင်ငံများမှ အဖွဲ့ဝင်များအပြင် နိုင်ငံတကာမှ လေ့လာသူများပါ တက်ရောက်ခဲ့သည့် အဆိုပါညီလာခံ၌ မြန်မာနိုင်ငံ ဥာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်ဖြစ် သူ ဒေါ်တင်ဥမ္မာထွန်းအား အာဆီယံ ဥာဏပစ္စည်း မူပိုင်ခွင့်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တရားဝင် ခန့်အပ်ခဲ့ပြီး နှစ်နှစ် သက်တမ်း တာဝန်ထမ်းဆောင် သွားရမည် ဖြစ်သည်။ “အာဆီယံနိုင်ငံတွေထဲမှာ မူပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်း ဖို့ မြန်မာတစ်နိုင်ငံတည်း ကျန်တော့တာပါ။ ပြဋ္ဌာန်းဖြစ်တော့မှာပါ။ အရမ်းလည်း အရေးကြီးပါတယ်။ ရင်းနှီးမြှုပ်နှံမယ့် စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပထမဆုံးမေးခွန်းကလည်း ဒီမေးခွန်းပါပဲ။ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်နေတဲ့ ကာလမှာ အာဆီယံရဲ့ အကူအညီကို ပိုပြီးရယူသွားမှာပါ။ အာဆီယံနိုင်ငံတိုင်းမှာ ရှိနေတဲ့ ဥာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ရုံးကိုလည်း မြန်မာနိုင်ငံမှာ ဖွင့်လှစ်သွားနိုင်ဖို့ ကြိုးစားသွားမှာပါ။ အာဆီယံနိုင်ငံတွေမှာ မြန်မာနိုင်ငံက အဖွဲ့ဝင် ၅၀ နဲ့ အများဆုံးပါပဲ။ ဒါပေမယ့် မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး လူထုအသိပညာပေးတွေ ပိုပြီး အများကြီး လုပ်ရဦးမယ်” ဟု ဒေါ်တင်ဥမ္မာထွန်းက ပြောကြားခဲ့သည်။ မူပိုင်ခွင့်ဥပဒေကြမ်းအား အပြီးသတ် အတည်ပြုနိုင်ရေး အတွက် ပညာရပ်ဆိုင်ရာ အကူအညီများ ပေးနိုင်ရန် လာမည့်မေလနှင့် ဇွန်လတို့တွင် ကမ္ဘာ့ဥာဏပစ္စည်း မူပိုင်ခွင့်အဖွဲ့ကြီးမှ ကျွမ်းကျင်ပညာရှင်များ လာရောက်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ထုတ် မြန်မာ တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment