Wednesday, April 10, 2013

အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုအချို့ သေဆုံး

Wednesday, April 10, 2013

အညာနွေအပူချိန် မြင့်မားလာမှုကြောင့် နွားထိုးကြီးမြို့တွင် သက်ကြီးရွယ်အိုအချို့ အပူဒဏ်ကြောင့် သေ ဆုံးမှုများရှိနေကြောင်း နွားထိုးကြီးမြို့ မေတ္တာမွန်နာရေးကူညီမှုအသင်းမှ ဦးစိုးမြင့်ကပြောသည်။

ဧပြီလ ၆ ရက်တွင် နွားထိုးကြီးမြို့ အမှတ်(၄)ရပ်ကွက်နေ ဒေါ်မာဦး(၇၄)နှစ်သည် နေပူထဲ မှပြန်လာပြီး ရေစိုနေသော ဖျာပေါ်အိပ်စက်ပြီးနောက် သေဆုံးခဲ့ရာ ဧပြီလအတွင်းမှာပင် အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုများ သေဆုံးမှု လေးဦးရှိလာသည်။

“ဒေသတွင်း အပူချိန်မြင့်နေတာရယ် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းကလည်း အမြင့်ဆုံး အချိန်ရောက်နေတော့ သက်ကြီးရွယ်အိုတွေအနေနဲ့ အပူလွန်ကဲပြီး ရုတ်တရတ်သေဆုံးတတ်တဲ့ (Head Stroke)ရောဂါ ဖြစ်လေ့ရှိတယ်။ ဒီအချိန်မှာ သက်ကြီးရွယ်အိုတွေ ဂရုစိုက်သင့်တယ်”ဟု မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်ကပြောသည်။

နွားထိုးကြီးမြို့တွင် နေ့လယ်ဘက် အပြင်မထွက်ကြရန် မြို့ရှိ တာဝန်ရှိလူကြီးများက အသံချဲ့စက်များဖြင့် လိုက်လံသတိပေးထားပြီး နာရေးကူညီမှုအသင်းကလည်း သေဆုံးသူလူနာများကို ပုံမှန်နေ့ခင်း ၁ နာရီ သဂြိုဟ်မည့်အစား မနက် ၉ နာရီနှင့် ညနေ ၅ နာရီသို့ အချိန်ပြောင်းထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment