April 7, 2013
ဘလ်ဂျီယံနိုင်ငံ (Belgium) ဘရပ်ဆဲလ်မြို့ (Brussels) မှာရှိတဲ့ ဥရောပသမဂ္ဂအဖွဲ့ ‘အီးယူ’ (European Union) ရဲ့ ပါလီမန်အမတ်တွေက လက်ရှိ မြန်မာနိုင်ငံမှာ ချိုးဖောက် ခံနေရဆဲဖြစ်တဲ့ လူနည်းစု အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ကာကွယ်ကိုင်တွယ်ဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ကြေငြာ ချက်တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။
ဥရောပသမဂ္ဂရဲ့ ပါလီမန်အမတ် (၄) ဦးပါတဲ့ အဖွဲ့ဟာ မကြာသေးမီက မြန်မာနိုင်ငံကို လာရောက်စဉ် တွေ့ရှိခဲ့ရတဲ့ လက်ရှိအခြေအနေတွေပေါ် အခြေခံပြီး ယခုလို ပြောကြားခဲ့ခြင်းဖြစ်တယ်လို့ ကူဝိတ်သတင်းဌာန ‘Kuwait News Agency’ က ဖော်ပြထားပါတယ်။
ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ဦးဆောင်ခဲ့သူ Ms. Barbara Lochbihler က “လက်ရှိ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ ရိုဟင်ဂျာလူမျိုးတွေ အပါအဝင် လူနည်းစုတွေကို ခွဲခြားမှုမရှိပဲ အကာအကွယ်တွေပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်၊ ဒါ့အပြင် အစိုးရအနေနဲ့ စီးပွါးရေးဆိုင်ရာ အကျိုးအမြတ်တွေကိုလည်း လူအုပ်စုတစ်စုသာ ကောင်းစားဖို့ လုပ်ဆောင်နေခြင်းမျိုးမဟုတ်ဘဲ လူများစု မြန်မာနိုင်ငံသားတွေရဲ့ အကျိုးဖြစ်ထွန်းမှုကို ရှေ့ရှုဖို့လည်း တိုက်တွန်းထားပါတယ်”လို့ ပြောဆိုသွားပါတယ်။
ဥရောပသမဂ္ဂရဲ့ ပါလီမန်အမတ်တွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူမှုရေး အဖွဲ့အစည်းတွေ ရဲ့ ပြုပြင်ပြောင်းလဲရေးကာလ လုပ်ဆောင်မှုတွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်မှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုကြောင်းလည်း ဒီထုတ်ပြန်ချက်အတွင်း မှာ ဖော်ပြထားပါတယ်။

No comments:
Post a Comment