အိပ်ရာ စောစောထသူ ဖြစ်အောင်လုပ်ပါ။ လူအများစုကတော့ နံနက်ခင်းမှာ
အိပ်ရာစောစောထဖို့ဟာ အတော်ခက်ခဲကြောင်း တွေ့ရှိကြသတဲ့။ ဇီးကွက်လို
လူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ စောစော ထနိုင်ဖို့ဆိုတာ အတော်လေး
အားထုတ်ကြရတယ်။ သင့်ကို အိပ်ရာစောစောထသူတစ်ယောက် ဖြစ်ချင် လာအောင်
တွန်းအားပေးနိုင်မယ့် အကြောင်းပြချက် ၅ခု ရှိပါတယ်။
၁။ ကျန်းမာရေး တိုးတက်ကောင်းမွန်လာတယ်
ပထမဆုံးအနေနဲ့၊ အိပ်ရာစောစောထခြင်းဟာ ကျန်းမာတဲ့ ဘ၀နေထိုင်မှုအတွက်
အခြေခံအချက်တစ်ခုဖြစ် ပါတယ်။ လူ့ခန္ဓာကိုယ်ဟာ သဘာဝနဲ့ လိုက်လျောညီထွေ
နေထိုင်နိုင်အောင် တည်ဆောက်ထား တာပါ။ နေထွက်တဲ့အချိန်မှာ ကျနော်တို့
နိုးထကြရပြီး နေ၀င်သွားတဲ့အချိန်မှာတော့ ကျနော်တို့ အိပ်ကြရပါတယ်။
သင့်ရဲ့ အိပ်ချိန်ဇယားကို ချက်ချင်းကြီး အပြောင်းအလဲလုပ်ဖို့ဆိုတာတော့
မလွယ်ကူနိုင်ပါဘူး။ ဒီတော့ သင်ဟာ နေ့စဉ်နေ့တိုင်း နည်းနည်းလေး ပိုစောပြီး
အိပ်ရာထခြင်းနဲ့ စ သင့်ပါတယ်။ အဲဒါကို ကျင့်သားရအောင်လုပ်ပါ၊ သင်
လုပ်နိုင်လာပါလိမ့်မယ်။ ဒီနည်းအားဖြင့် သင်ဟာ အိပ်ရာစောစောထတဲ့
အလေ့အကျင့်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ပါတယ်။
၂။ အချိန် စီမံခန့်ခွဲမှု
နေ့တိုင်း အိပ်ရာစောစော စ ထလိုက်ပြီဆိုတာနဲ့ သင်ဟာ လုံးဝ ပြောင်းလဲသွားတဲ့
လူတစ်ယောက်ဖြစ်လာတာကို မကြာခင်မှာပဲ သတိပြုမိပါလိမ့်မယ်။ သင့်ကိုယ်သင်
ပိုပြီးတော့ ယုံကြည်မှု ရှိလာတယ်။ ပိုပြီးတော့လည်း အလုပ်တွေ အများကြီး
ပြီးလာတယ်။ ပုံမှန် နံနက်ခင်း အချိန်ဇယားနဲ့အတူ အိပ်ရာစောစောထခြင်းဟာ
သင့်ကို တစ်နေ့တာလုံးအတွက် ခွန်အားကို ပေးပါလိမ့်မယ်။
နှိုးစက်မြည်မြည် ချင်း အိပ်ရာက ချက်ချင်းထပါ။ (တစ်မှေးအိပ်တဲ့ Snooze
ခလုတ်ကို မနှိပ်လိုက်နဲ့နော်။ အဲဒီခလုတ်ဟာ သင့်အတွက် အဆိုးဆုံး ရန်သူပဲ။)
မြန်မြန်ဆန်ဆန်လေး ရေချိုးလိုက်ပါ။ နံနက်ခင်းကော်ဖီလေး ကို သောက်ပြီးတော့
အလုပ်သွားပါ။ အခုဆိုရင် သင်ဟာ အောင်မြင်မှုအသစ်တွေအတွက်
အဆင်သင့်ဖြစ်နေပါပြီ။
၃။ အိပ်မက်တွေ အမှန်ဖြစ်လာ
လူတိုင်းမှာ လုပ်ချင်နေတဲ့အရာတစ်ခု ရှိကြတယ်၊ ဒါပေမယ့် အဲဒီအရာအတွက်
ဘယ်တော့မှ အချိန်မပေးနိုင်ခဲ့ကြဘူး။ အိပ်ရာစောစောထခြင်းအားဖြင့် သင်ဟာ
သင့်စိတ်ကူးတွေကို အကောင် အထည်ဖော်နိုင် ဖို့ အားလပ်ချိန် နာရီအနည်းငယ်လောက်
ရနိုင်တယ်။ နိုင်ငံခြား ဘာသာစကားတချို့ ကို လေ့လာနိုင်တယ်၊ သင့်ကိုယ်ပိုင်
Blog ရေးနိုင်တယ်၊ ဒါမှမဟုတ် သင် ဘယ်တုန်းကမှ အချိန်မပေးနိုင်ခဲ့တဲ့
ကျောင်းစာပြင်ပ သင့်ရဲ့ ၀ါသနာတစ်ခုခုကို လုပ်နိုင်တယ်။ သင့်ကိုယ်သင်အတွက်
တစ်ခုခုလုပ်ရတာဟာ ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲ။
၎။ ဒီနေ့ကို နေထိုင်ပါ
သင် အချိန်ဆွဲထားခဲ့တဲ့ အလုပ်တွေအကြောင်း စဉ်းစားကြည့်လိုက်ပါ။
မလုပ်မဖြစ်ပေမယ့် နောက် ဆုံးအချိန်ထိ အချိန်ဆွဲထားခဲ့မိတဲ့ အလုပ်တွေလေ။
အဲဒီအလုပ်တွေကို နံနက်ခင်း အချိန်တွေမှာလည်း လုပ်နိုင်တယ်။ ၀ိတ်ကျဖို့အတွက်
နက်ဖြန်ကစပြီး အားကစား လုပ်တော့မလို့လား? ဒါပေမယ့် အဲဒီမနက်ဖြန်က
ဘယ်တော့မှ မဆုံးနိုင်တော့တာမျိုး ဘယ်နှခါဖြစ်ဖူးပါသလဲ? ဒါဆိုရင် သင့်ရဲ့
နံနက်ခင်းကို အားကစားလုပ်ဖို့ အချိန်ပေးလိုက်ပါ။ သင်ဟာ မကြာခင်မှာ သင့်ရဲ့
ခန္ဓာကိုယ်ပုံစံကို ပြန်ရလာပါလိမ့်မယ်။ ဒါမှမဟုတ် သင်ဟာ အားကစားလုပ်ရတာကို
မကြိုက်ဘူးလား၊ ဒါဆိုရင်တော့ သင်ပိုကြိုက်တဲ့ အရာတစ်ခုခုကို
လုပ်နိုင်ပါတယ်။ သင့်ရဲ့ ခွေးလေးနဲ့ နံနက်ခင်းမှာ လမ်းလျှောက်ထွက်နိုင်တယ်။
လတ်ဆတ်တဲ့ လေထုထဲမှာ လမ်းလျှောက်ခြင်းဟာ သင့်ရဲ့ ကျန်းမာရေးအတွက်လည်း
ကောင်းပါတယ်။
ပြီးတော့ တခြား လုပ်စရာ ရှိတာတွေကိုလည်း နံနက်ခင်းမှာ လုပ်ထားခြင်းအားဖြင့် သိပ် စိတ်ပူစရာ မလိုတော့ဘူးပေါ့။
၅။ အရာတိုင်း ပါဝင်တယ်
အိပ်ရာစောစောထခြင်းအားဖြင့် သင် ရနိုင်တဲ့ အရာတွေကို တစ်ခုချင်း
စဉ်းစားကြည့်လိုက်ပါ။ အသေးအမွှားလေးပဲ ဖြစ်ဖြစ်ပေါ့။ ဥပမာ – နံနက်စောစော
ယာဉ်ကြောပိတ်ဆို့မှုတွေ မရှိဘဲ သွားလာနိုင်တယ်။ ဒါမှမဟုတ် သင်ဟာ
နေထွက်တာကို စောင့်ကြည့်ရတာကို သဘောကျသလား? ဒါမှမဟုတ် အကောင်းဆုံး
နံနက်ခင်းကော်ဖီတစ်ခွက်ဟာလည်း သင့်အတွက် ဆုလာဘ်တစ်ခုဖြစ်နိုင် ပါတယ်။
ဒါမှမဟုတ် သင့်အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာအုပ်တစ်အုပ်ကို
ဖတ်နိုင်တယ်။
ကျနော်တို့အနီးအနားမှာ ကောင်းတဲ့အရာတွေ အများကြီးရှိနေပါတယ်။ အဲဒါတွေကို မလွတ်စေဖို့ ဒီနေ့ကစပြီး အိပ်ရာစောစောထလိုက်ပါ။
Ref: 5 Reasons to Become an Early Riser by Donald Latumahina
No comments:
Post a Comment