နေပြည်တော် ဖေဖော်ဝါရီ ၁၅
မြန်မာအစိုးရက စေလွှတ်လိုက်သော အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး
ဦးနိုင်ထွန်း ဦးဆောင်သည့် ညှိနှိုင်းဖြေရှင်းရေးအဖွဲ့သည် ကမ်ဖယ်ဖစ်
မိခင်နှင့်ကလေးစောင့်ရှောက်ရေးဂေဟာမှ ထွက်ခွါခဲ့ရာ ကမ်ဖယ်ဖစ်ခရိုင်ရဲစခန်းသို့ ယနေ့ ညနေပိုင်းတွင် ရောက်ရှိသည်။
ကမ်ဖယ်ဖစ်ခရိုင်ရဲစခန်းတွင် ရဲအုပ်ကြီး ဝမ်းချိုင်းနှင့် တွေ့ဆုံကာ
အလုပ်ရှင် ထိုင်းလင်မယားအား တရားဥပဒေကြောင်းအရ ဆောင်ရွက်ထားမှု
အခြေအနေများကို အသေးစိတ်မေးမြန်းကြသည်။
အာမခံဖြင့်
ထိုင်းလင်မယားအား လွှတ်ပေးထားရခြင်းမှာ အဆိုပါ လင်မယားက
ပြစ်မှုကျူးလွန်ကြောင်း ဝန်မခံသောကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့်
ဆွဲချရှေ့နေများနှင့် အမှုများ ပြန်လည် တည်ဆောက်နေခြင်း ဖြစ်ကြောင်း၊
လောလောဆယ် ဖြားယောင်းမှု၊ မတရား ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊
အဓမ္မလုပ်အားခိုင်းစေမှု၊ အသက် ၁၅ နှစ်အောက် ကလေးငယ်ကို လူကုန်ကူးမှု၊
တရားမ၀င် အလုပ်သမားလက်ခံမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု စသည့် ပြစ်မှု (၇) ခုဖြင့် စွဲချက်တင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရဲအုပ်ကြီးဝမ်းချိုင်းက ရှင်းလင်းပြောကြားသည်။
မြန်မာအစိုးရ ညှိနှိုင်းရေးအဖွဲ့က ဤဖြစ်စဉ်ကို
နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် စိတ်မကောင်းဖြစ်၍ အထူး
အာရုံစိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အဖွဲ့ အမြန်ဆုံး ရောက်ရှိလာ
ခြင်းဖြစ်ကြောင်း၊ ကာယကံရှင်များအား တရားခွင်တွင် စစ်မေးရာ၌လည်း
မိမိတို့အစိုးရဘက်မှ ကိုယ်စားလှယ် များ စေလွှတ်သွားလိုကြောင်း၊ ဥပဒေနှင့်အညီ
အပြစ်ပေး အရေးယူနိုင်ရေးကို လိုလားလျက် ရှိကြောင်း ပြောကြားသည်။
ရဲအုပ်ကြီးဝမ်းချိုင်းက ဤအမှုနှင့်ပတ်သက်၍ မီဒီယာများ စဉ်ဆက် မပြတ်
ရောက်ရှိလာနေသည်ကို တွေ့မြင်နိုင်ကြောင်း၊ စောင့်ရှောက်ရေးဂေဟာသို့လည်း
ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊
ပြည်နယ်လွှတ်တော်အမတ်များကိုယ်တိုင်
လာရောက် တွေ့ဆုံခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ဤအမှုမှာ လွန်စွာ ကြီးလေးသော
ပြစ်မှု ဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ကြီးလေးသော ပြစ်ဒဏ်များ
ချမှတ်နိုင်မည်ဟု ထင်မြင်ယူဆကြောင်း ပြန်လည်ရှင်းလင်း ပြောကြားသည်။
တစ်ချိန်တည်းမှာပင် ဘန်ကောက်ရှိ မြန်မာသံရုံး သံအမတ်ကြီးကလည်း
မြန်မာအစိုးရကိုယ်စား ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့
ဤဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြစ်မှု ကျူးလွန်သူများကို ပြင်းပြင်းထန်ထန်
အရေးယူပေးရန် တောင်းဆိုသည့် စာလွှာ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
ညှင်းပမ်းနှိပ်စက်ခြင်းခံခဲ့ရသည့်
အသက် ၁၂ နှစ်အရွယ် ကရင်အမျိုးသမီးငယ်မှာ မအဲ ဟု အမည်ရပြီး မိဘများမှာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှ ဦးတင်အောင်နှင့် ဒေါ်မူးအွါသိန်းတို့
ဖြစ်သည်။
ဘန်ကောက် မြန်မာသံရုံး၊ ထိုင်းရောက်မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များအနေဖြင့်
ဤအမှုနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၏ ဖြေရှင်းဆောင်ရွက်ချက်များကို
မျက်ခြည်မပြတ် အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်ပြီး ကာယကံရှင်များအား
စစ်မေးခြင်း၊ တရားစီရင်ခြင်း စသည်တို့တွင် ကိုယ်စားလှယ်များ စေလွှတ်သွားမည်
ဖြစ်ကြောင်း၊ အခါအားလျော်စွာ ကိုယ်စားလှယ်အဖွဲ့ လာရောက်၍
ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုလေ့လာကာ နေပြည်တော်သို့ ပြန်လည် တင်ပြရမည်
ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment