Wednesday, January 16, 2013

ကချင်အရေးနှင့်စပ်လျဉ်း၍ EU မှ ကြေညာချက်ထုတ်ပြန်

ဘရပ်ဆဲ၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်

ဥရောပသမဂ္ဂ၊ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်၊ ဥရောပကော်မရှင် ဒုတိယဥက္ကဌ ကက်သရင်း အက်ရှတန်၏ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်းသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်အပြည့်အစုံတွင် "နိုင်ငံတစ်ဝှမ်းဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ယင်းလုပ်ငန်းစဉ်များအရ ရရှိထားပြီးဖြစ်သော အောင်မြင်မှု များကို ထိခိုက်စေနိုင်သည့် ကချင်ပြည်နယ် အတွင်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအပေါ် အီးယူအဆင့်မြင်ကိုယ်စားလှယ်အနေဖြင့် အထူးပင် စိုးရိမ်ပူပန်မိပါသည်။ လိုင်ဇာအား အမြောက်များဖြင့် ပစ်ခတ်မှု၊ အပြစ်မဲ့အရပ်သားပြည်သူ များ သေဆုံးခဲ့ရမှုတို့နှင့်စပ်လျဉ်းသော နောက်ဆုံးရ သတင်းများမှာ အထူးပင် အကျပ်အတည်း ဖြစ်စေ ပါ သည်။ အဆိုပါသတင်းများသည် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများကို ပိုမို ထိခိုက်စေမည့် ပဋိပက္ခများ တိုးမြင့်ဖြစ်ပေါ်လာနိုင်ကြောင်း ညွှန်းဆိုနေပါသည်။"

"အခြေအနေများ အမြန်ဆုံးတည်ငြိမ်စေရေးအတွက် ရန်လိုမှုများ အဆုံးသတ် ပြီး တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ရန် နှစ်ဖက်စလုံးအား အဆင့်မြင့်ကိုယ်စားလှယ်မှ တိုက်တွန်းလိုက်ပါသည်။"

"ရွှေ့ပြောင်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးနိုင်ရန် အတွက် ဟန့်တား ကန့်သတ်မှုများ မပြုဘဲ အရေးပေါ် ထောက်ပံ့ကူညီနိုင်ရေးအတွက် ဥရောပသမဂ္ဂမှ ဆက်လက် အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်" ဟူ၍ ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတက ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သော နှစ်သစ်ကူး သဝဏ်လွှာတွင် "လက်ရှိ အပစ်အခတ်ရပ်စဲထားသော အဖွဲ့များအပြင် ကချင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (KIO/KIA) ကိုလည်း ချန်လှပ် မထားဘဲ အပစ်အခတ် ရပ်စဲရုံသာမက နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်အောင် မိမိတို့ တံခါးဖွင့်ထားပါသည်" ဟူ၍ အတိအလင်း ဖော်ပြထားပြီး ဖြစ်သည်။ (Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/01/10/id-2281)

ထို့အပြင် ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန် ချက် (၁/၂၀၁၃)တွင် "နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။ ကေအိုင်အို /ကေအိုင်အေ နှင့်လည်း ငြိမ်းချမ်း ရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ် သွားမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရ သည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ၏ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်း ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တိုင်းရင်းသား ပြည်သူလူထုအားလုံး နှင့်အတူ လက်တွဲဆောင်ရွက်သွားရန် အစဉ်လက်ကမ်း ကြိုဆိုလျက် ရှိကြောင်း" လည်း ဖော်ပြထားသည်။ (Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/01/04/id-2234)

No comments:

Post a Comment