Tuesday, April 16, 2013

ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့ ယဉ်ကျေးမှု ထွန်းကားဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း



Tuesday, April 16, 2013

ဒီမိုကရေစီစနစ်ဆိုတာ မတူတဲ့သဘောထား အမြင်တွေ ကို လေးစားလက်ခံတဲ့စနစ် ဖြစ် တာကြောင့် လူ့အသိုင်းအဝိုင်းက မတူကွဲပြားတဲ့ အမြင်တွေကို လက်ခံနိုင်ပြီး ညှိနှိုင်းဆွေးနွေးတဲ့ ယဉ်ကျေးမှု ထွန်းကားလာအောင် မြန်မာ နိုင်ငံ သားတိုင်း ကြိုးစားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မှာပြောလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်းက ဂျပန်နိုင်ငံ ကျိုတိုမြို့မှာ မြန်မာနိုင်ငံသား မိသားစုတွေနဲ့ တွေ့ ဆုံဆွေးနွေး စဉ်  ဒေါ်အောင်ဆန်း စုကြည်က ထည့်သွင်းပြောခဲ့တာပါ။

"မတူတဲ့အမြင်တွေညှိယူနိုင်မှ ကျမတို့ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်လို့ပြောနိုင်တယ်၊ လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး၊ တွေးခေါ်ပုံ မတူကြဘူး၊ ဒီလိုမတူတဲ့ကိစ္စတွေကို ညှိနိုင်တယ်၊ ညှိနှိုင်းပြီးတော့ ပြေပြစ်အောင်လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်အရ ကျမတို့ဟာ နိုင်ငံရေး စနစ်ပေါင်း မြောက် များစွာထဲမှာ ဒီစနစ်ကိုရွေးတာပါ၊ ဒါကြောင့် ဒီစနစ်ဟာ ခြောက်ပြစ်ကင်း သဲလဲစင်လားဆိုတော့လည်း မဟုတ်ပါဘူး၊ သူလဲ သူ့ရဲ့အားနည်းချက်တွေရှိပါတယ်"

ဒါ့အပြင် မြန်မာ့လူ့အဖွဲ့အစည်းမှာ ညှိနှိုင်းဆွေးနွေးတဲ့ ယဉ်ကျေးမှု၊ အပေးအယူလုပ်ပြီး အဖြေရှာတဲ့ယဉ်ကျေးမှု အားနည်းနေတာကို တွေ့ရကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေဖြေရှင်းရမှာကို ကြောက်ရွံ့နေစရာမ လိုကြောင်း၊ ဖြေရှင်းပုံဖြေရှင်းနည်း မှန်ကန်ဖို့သာ အရေးကြီးကြောင်း၊ ပြဿနာတွေကို ကိုင်တွယ်ရာမှာ ဖြေရှင်းပုံမမှန်ကန်ရင် ရှုံးနိမ့်သူက သိက္ခာရှိရှိနဲ့ရှုံးခဲ့ရင် နိုင်သလိုတောင် ဖြစ်သွားနိုင်ကြောင်းလည်း ပြောခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျိုတိုတက္ကသိုလ်မှာ ကျောင်းသူဘဝက နေထိုင်ခဲ့တဲ့အဆောင်ကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီအဆောင်မှာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့အခန်းကို ကျိုတိုတက္ကသိုလ်အုပ်ချုပ်ရေးဌာနက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ပေးပြီး ဂုဏ်ပြုမှည့်ခေါ်ထားတယ်လို့ သိရပါတယ်

No comments:

Post a Comment