Sunday, May 12, 2013

မဟတ္တမဂန္ဓီ ကို လုပ်ကြံသတ်ဖြတ်ခဲ့တာ ဘယ်ဘာသာဝင်လဲ ? (သို့) မန္တလေးနေ့စဉ် သတင်းစာ အယ်တီတာချူပ်သို့ အိတ်ဖွင့်ပေးစာ

မေ-၁၂၊ ၂၀၁၃
M-Media
မောင်ပုည

၁၁.၅.၂၀၁၃ နေ့ထုတ် မန္တလေးသတင်းစာ၌ပါရှိသော နိုင်ငံတကာ သတင်းစာမျက်နှာမှာ မဟတ္တမဂန္ဓီကို လုပ်ကြံသတ်ဖြတ်သူကို မွတ်ဆလင် အစွန်းရောက်ဆိုပြီး ပုံပါအတိုင်း သုံးထားတွေ့ရ ပါသည်။ မြန်မာနိုင်ငံ မီဒီယာ အချို့တွင် မီဒီယာကျင့်ဝတ်မဲ့ စွာ သေချာလေ့လာမှုမရှိဘဲ အချက်အလက်များကို လက်လွတ်စပါယ် အသုံးပြုလာကြတာကို တွေ့ရသည်။ အထူးသဖြင့် အစ္စလာမ် ဘာသာဝင်တွေနဲ့ ပတ်သက်ပြီးတော့ပေါ့။

ယခုကဲ့သို့ မဟတ္တမဂန္ဓီကို လုပ်ကြံသတ်ဖြတ်သူမှာ မွတ်စလင်မ် တယောက်ဖြစ်ကြောင်း လွန်ခဲ့သည့် ၂ ကျော်ခန့်က ၂၇ – ၁၀ – ၂၀၁၀ နေ့ထုတ် စောင့်ကြည့် သတင်းဂျာနယ် (News Watch)အတွဲ(၆)၊ အမှတ်(၁၅) စာမျက်နှာ ၃၀ မှာ ဒေါက်တာစိန်စိန်သိန်း က ”ပေးဆပ်ခဲ့သူသာ အလေးမြတ်ပြုခံရ” ဆောင်းပါးမှ မဟတ္တမဂန္ဓီကြီးကို လုပ်ကြံသတ်ဖြတ်သူဟာ ”အလွန်အယူသည်းသော မွတ်စလင်လူငယ်တစ်ဦး”ဆိုပြီး သုံးနှုန်းရေးသားခဲ့ဘူးပါတယ်။

ယင်းကဲ့သို့ေ၇းသားချက်ကို စာရေးဆရာ မောင်သဲနီမှ ဒေါက်တာစိန်စိန်သန်းကို အိတ်ဖွင့်ပေးစာပေးပြီး ပြန်လည်ရေးသား တုံ့ပြန်ခဲ့ပါတယ်။ အိတ်ဖွင့်ပေးစာမှ ဖြေရှင်းချက် အချို့ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။
ဂန္ဓီကို ဘယ်သူသတ် သလဲဆိုတဲ့ သမိုင်းအထောက်အထားတွေကို ကျွန်တော်အမြောက်အများ တင်ပြနိုင်ပါတယ်။ ဒါပေမယ့် အခိုင်လုံဆုံး အထောက်အထား တစ်ခုနဲ့တင် လုံလောက် လို့ အဲဒီတစ်ခုကိုပဲ ကျွန်တော်တင်ပြပါရစေ။

ဂန္ဓီကြီး ကျဆုံးပြီး (၈)နှစ်ပဲကြာသေးတဲ့ ၁၉၅၆ ခုနှစ်မှာ ရန်ကုန်မြို့ မြန်မာနိုင်ငံဘာသာပြန်စာပေ အသင်း၊ စာပေဗိမာန်ရဲ့ ရုပ်ပြဗဟုသုတဘဏ်အဖြစ်ထုတ်ဝေတဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)၊ စာမျက်နှာ (၉၁-၉၄)မှာ ဖော်ပြထားတဲ့ မဟတ္တမဂန္ဓီကြီး အကြောင်းကို ဖတ်ကြည့်ဖို့ မူရင်းအတိုင်း ဖော်ပြပေး လိုက်ပါတယ်။

(၁၉၄၈ ခုနှစ်) ”ဇန္န၀ါရီ ၂၁ ရက်နေ့တွင် ဟိန္ဒူလူငယ်တစ်ဦးသည် ဟိန္ဒူမွတ်စလင် ငြိမ်းချမ်းရေးကို မလိုလားသော ဆန္ဒကိုပြသည်အနေနှင့် ဂန္ဓီ၏ နေအိမ်အနီး၌ ဗုံးဖောက်ခွဲသည်။ ဂန္ဓီသည် ထိုလူငယ်အား အပြစ်မှ ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံလေသည်။
ဇန္န၀ါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဂန္ဓီသည် ဒေလီမြို့ရှိ သူ၏နေအိမ် ဗီယာလာ နေအိမ်၌ ဘုရားဝတ်ပြုရန်အလာတွင် ဟိန္ဒူလူငယ်တစ်ဦးဖြစ်သော ဂတ်ဆေးဆိုသူသည် ဂန္ဓီကို ခြောက်လုံးပူး နှင့် သုံးချက်ပစ်သည်။ ဂန္ဓီသည် နာရီဝက်ခန့်ကြာသောအခါ အနိစ္စရောက်လေသည်။”

ဒါကြောင့် ဆရာမ စွပ်စွဲရေးသားထားသလို ဂန္ဓီကြီးကို သတ်တာ မွတ်စလင်လူငယ်မဟုတ်ပါဘူး။ ဟိန္ဒူ လူငယ်သာဖြစ်တယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ စာပေဗဟုသုတများကို ဆက်လက်လေ့လာပြီး အများအကျိုးပြု စာပေများ ရေးသားနိုင်ပါစေလို့ ဆန္ဒပြုလျက် -

အပြည့်အစုံဖတ်ရန်။ http://www.m-mediagroup.com/news/832

ဒါကြောင့် မန္တလေးနေ့စဉ်ထုတ် သတင်းစာ အယ်တီတာချူပ်အနေဖြင့် အမှားပြင်ဆင်ချက်ကို ထင်သာမြင်သာရှိအောင် အမြန်ဆုံး ထည့်သွင်းကြေညာပေးဖို့ တောင်းဆိုလိုက်ပါသည်။

No comments:

Post a Comment