Sunday, March 31, 2013

“၉၆၉၊ဦးဝီရသူ၊ဦးအောင်မင်း၊၂၀၁၅ ရွေးကောက်ပွဲ နှင့် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချရန် အလား အလာ ” …

မြန်မာပြည်သူတစ်ဦး၏ ခံစားချက် (၁၀)
“၉၆၉ ၊ ဦးဝီရသူ၊ ဦးအောင်မင်း၊ ၂၀၁၅ ရွေးကောက်ပွဲ နှင့် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချရန် အလားအလာ “
————————-
ရေးသူ၊ Ko Aungmyo Tun
မန္တလေးဘူတာကြီးရှိ စာပေရေချမ်းစင်တွင် ပဋိပက္ခအသွင်ဆောင်စေသည့် စာရွက်စာတမ်းများ လာရောက်ထားရှိခြင်းများကြောင့် ဘူတာမှ တာဝန်ရှိသူများက သက်ဆိုင်ရာသို့  အသိပေး အပ်နှံခဲ့ကြောင်း၊ ၄င်းတို့ မှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိကြောင်း ဘူတာဝန်ထမ်းတစ်ဦးက ပြောသည်။
မတ် (၂၇)ရက်၊ ည ၈း ၀၀ နာရီခန့် က မစိုးရိမ်ဆရာတော်ကြီး၏ အန္တိမ ဈာပနအတွက် ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းက အလှူငွေကျပ်ငါးသိန်းအား ဆရာတော်ဝီရသူထံ ပေးအပ် လှူဒါန်းစဉ် မေးမြန်းခဲ့ရာ၌ “ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းကြမယ်။
အဓိကရုဏ်းတွေ နောက်နောင်မဖြစ်ပွားအောင် ကာကွယ်ကြမယ်။
မန္တလေးမြို့ မှာ ဦးဇင်းရှိနေသ၍ အဓိကရုဏ်း ကူးစက်နိုင်မယ်လို့ မယူဆဘူး။ မန္တလေးမှာ ဖြစ်စရာအကြောင်းတွေရှိပေမယ့် ဘာလုပ်လုပ် ဦးဇင်းကို တိုင်ပင်ကြလို့  ဥပဒေဘောင်အတွင်းက မဖြစ်ပွားအောင် ထိန်းသိမ်းသွားမယ်။ လူမသိအောင် ဦးဇင်းထိန်းခဲ့တာတွေ အများကြီးရှိတယ်။ ဦးဇင်းရှိနေရင်တော့ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်” (မွန်းတည့်နေ ဂျာနယ် အတွဲ ၁၊ အမှတ် ၁၆)
ဒီသတင်းတိုလေးဖတ်ပြီး ခေါင်းထဲမှာ နဂိုရှိနေတဲ့ အချက်အလက်တွေဟာ ဖြိုးဖြိုးဖျပ်ဖျပ် လွန့် လူးတက်လာတယ်။ မြန်မာပြည်ရဲ့  ၂၀၁၃ ခုနှစ်အတွက် သေချာပေါက် Man Of The Year စာရင်းဝင်တော့မယ့် ဘုန်ကြီး ဦးဝီရသူနဲ့ စပ်လျဉ်းလို့  ဘာသာရေးရှုထောင့်ကသာ ချဉ်းကပ်သုံးသပ်ကြပေမယ့် နိုင်ငံရေးမျက်စေ့နဲ့  ခွဲခြမ်းကြည့်မိတဲ့ ရေးသားမှုမျိုးတွေ မဖတ်ရ သလောက်ဘဲ။
ဦးဝီရသူရဲ့ ရာဇ၀င်နဲ့ နောက်ခံဘိုင်အိုဂရပ်ဖီ အတော်များများကို အွန်လိုင်း ပရိသတ်တွေ တီးမိခေါက်မိကြပြီးပြီလို့  ယူဆရပါတယ်။ သူ့ ရဲ့ နိုင်ငံရေး ရပ်ခံမှုတိုင်းဟာ သူ့ ဘာ သာရေး အထိုင်ပေါ် ကသာ ဖြာကျစီးဆင်းလေ့ရှိတာကို “သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကာကွယ်ပါ” ဆိုတဲ့ ကြွေးကြော်သံတွေ ညံစီသွားပြီး မန္တလေးမြို့ လမ်းမတွေထက် အ၀ါရောင် လှိုင်းလုံးကြီးနဲ့  ပြည်သူအချို့ ကို ပြီးခဲ့တဲ့နှစ်မှာ မြင်လိုက်ရပြီးကတည်းက စတင်သတိပြုမိခဲ့တယ်။ ရခိုင်အရေးမှာ လူ့ အခွင့်အရေးကိုယ်စားလှယ်မစ္စတာကင်တားနားနဲ့  OIC အဖွဲ့ ကို လက်သင့်မခံကြောင်း ဆန္ဒပြပွဲမှာ ဦးဝီရသူရဲ့  အရှိန်သြဇာ ဘယ်လောက်တာသွားသလဲဆိုတာသိခဲ့ရတယ်။ သမ္မတနဲ့ သူ့ နိုင်ငံရေးအ၀န်းအ၀ိုင်းကလူတွေလည်း ဒီအချက်ကို မြင်ခဲ့ကြ လိမ့်မယ် ထင်ပါတယ်။
ဒီ့နောက်ပိုင်းမှာ အခြားဘာသာကို မထိခလုတ်ထိခလုတ် ဟောပြောမှုတွေကို ဦးဝီရသူနဲ့ တကွ သူ့ တွဲလက်များဟာ အရှိန်မြှင့်တင်ပြီး ဆက်လက်လုပ်ဆောင် လာပါတယ်။ အမြင့်မားဆုံးနဲ့  အထိုးဖောက်ဆုံးလှုပ်ရှားမှုအဖြစ် “၉၆၉ ကန်ပိန်း” ကို ငွေအား လူအား ပုံအောပြီး စနစ်တကျ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းများ ဦးဝီရသူရဲ့  နိုင်ငံရေးလောကထဲ အလွန်ဂယက်ထ လှုပ်ခတ်သွားစေတဲ့ ဟောပြောမှုတစ်ခုကို သူ့ ထုံးစံအတိုင်း ဘာသာရေးဘက်နဲ့ နွယ်ယှက်လို့  ပြောဆိုခဲ့တဲ့ပြန်ပါတယ်။ NLD ပါတီထဲမှာ မွတ်စလင်ဘာသာဝင် ပါတီ ၀င်တွေ များပြားလာနေပြီ၊ ထိပ်တန်းခေါင်းဆောင်ပိုင်းအထိ ထိုးဖောက် နေကြပြီ၊ ခွပ်ဒေါင်းတွေက မွတ်ဒေါင်းဖြစ်ပြီ၊ NLD ပါတီသာ အာဏာရခဲ့ရင် ဗုဒ္ဓဘာသာ မြန်မာတိုင်းပြည် အတွက် စိုးရိမ်စရာဘဲ.. စတဲ့ စကားတွေကြောင့် အွန်လိုင်းမှာရော၊ မီဒီယာတွေထဲမှာပါ ဆွေးနွေးစရာတစ်ခုနှယ် ပွတ်လောရိုက် ခဲ့ပါတယ်။ ဒါဟာ ဦးဝီရသူရဲ့  ဘာသာရေး ရှုထောင့်အထိုင်ပေါ် က နိုင်ငံရေးအပေါ် တိုက်ရိုက်ပက်သက်လာတဲ့ ဒုတိယမြောက် ဖောက်ခွဲမှုကြီးလို့  မြင်မိပါတယ်။
ယခုဖြစ်ပွားနေတဲ့ ဘာသာရေးအခြေခံ ရိုက်နှက်ဖျက်ဆီးလူသတ်မီးရှို့ မှုဖြစ်စဉ် အခြေခံနဲ့  နောက်ကွယ်ကလက်မည်းတစ်အုပ်အကြောာင်းလည်း အားလုံး သိသင့်သလောက် သိပြီးကြပြီမို့  အထူးပြောစရာမရှိပေမယ့် ဦးဝီရသူနဲ့ သူ့ နိုင်ငံရေးဘက်ပါမှုကို မေ့ဖျောက်ထားရစ်ခဲ့လို့  မဖြစ်နိုင်ပါ။ အစိုးရနဲ့ ဘုန်းကြီးဦးဝီရသူတို့  တိုက်ရိုက်ပက်သက်မှုတစ်ခုကို မိတ္ထီလာ အကြမ်းဖက် မှုကြီးနောက် ရက်တွေမှာ တွေ့ လိုက်ရပါတယ်။ မိတ္ထီလာမြို့ က ဒုက္ခသည်စခန်းတွေ ရှိရာသို့  ကုလသမဂ္ဂကိုယ်စားလှယ် သွားရောက်ကြည့်ရှုတဲ့နေ့ ရက်မှာဘဲ သမ္မတဦးသိန်းစိန်ရဲ့  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ လည်း မိတ္ထီလာဒုက္ခသည်တွေကို သွားရောက်ကြည့်ရှုကူညီခဲ့ကြတဲ့သတင်း ဓာတ်ပုံတွေ တွေ့ ခဲ့ရပါတယ်။ ၀န်ကြီး ဦးအောင်မင်းနဲ့ အတူ ဘုန်ကြီး ဦးဝီရသူကိုလည်း အနားမှာ ယှဉ်တွဲလျက်ပုံတွေကို မြင်လိုက်ရတဲ့အခါ ဒီတစ်ခါမှာတော့ဦးဝီရသူရဲ့  နိုင်ငံရေးဘက်ပါမှုဆိုတာထက် ဦးအောင်မင်းတို့ အစု အနေနဲ့ ဘာသာရေး အစွန်းရောက်ဘုန်းကြီးလို့  ဝေဖန်ခံနေရတဲ့သူကို ဘေးအနားမှာခေါ်ယူထားပြီး သတင်းဓာတ်ပုံတွေ အရိုက်ခံခဲ့တာဟာ ဘာရည်ရွယ်ချက်နဲ့ လုပ်ဆောင် ခဲ့သလဲဆိုတာ ဦးနှောက်စား အတွေးချဲ့ စရာ ပုစ္ဆာတစ်ပုဒ်ပါ။
ဦးအောင်မင်းအုပ်စုဟာ နာမည်ကြီး အတိုက်အခံနိုင်ငံရေးသမား (ပြည်တွင်း/ ပြည်ပ)အများစုနဲ့  ချိတ်ဆက်လှုပ်ရှားနေတဲ့၊ သမ္မတ ဦးသိန်းစိန်ကို ပုဂ္ဂိုလ်ရေး အရ ထဲထဲဝင်ဝင် တိုးပေါက် နီးစပ်လွန်းတဲ့သူတွေဖြစ်ပါတယ်။ “ဦးအောင်မင်းတို့ ဟေ့” ဆိုရင် ထိုးနေတဲ့လက်ညှိုးတွေ ကွေးညွတ်ပြီးဟ လာတော့မယ့်ပါးစပ်တွေ အာစေးမိသွားသလိုဘ၀မျိုးရောက်နေတဲ့ နိုင်ငံကျော်အတိုက်အခံတွေ အစီအရီ ရှိနေကြတယ်ဆိုတော့ “ကြည့်စမ်း.. ဦးအောင်မင်းတို့ ဘေးနားမှာ ၀ီရသူပါလား” ဆိုပြီး ပုဝင်သွားမယ့် ခေါင်းလေးတွေ မြင်သိ သွားကြဖို့ အတွက် နှစ်ပါးပြိုင်လို့ ကိုယ်ထင်ပြ လိုက်တာ ပါဘဲ။ နိုင်ငံရေးမှာ အင်မတန် ဖျံကျ ဂျင်ခြေလည်တဲ့ ဦးအောင်မင်းအုပ်စု အနေနဲ့  ပြည်သူတွေရဲ့ အမုန်းသံသယမီးတွေ ဟုန်းဟုန်းတောက်နေချိန်မှာ ဘုန်းကြီးဦးဝီရသူနဲ့  လူပုံအလည် တွဲထွက်သင့်/မသင့် အတော်ချင့်ချိန်ပြီးမှ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ အနည်းဆုံး အရင်းမရှုံး၊ ကျန်တာအမြတ် လို့  အပိုင် ရလဒ်ထွက်လာမှာမလို့ သာ ပွဲထွက်ခဲ့ပုံရပါတယ်။
ဦးဝီရသူဟာ အာဏာရပါတီနဲ့  အလွမ်းသင့် အဖွဲု့ ကျနေတဲ့ ဘုန်းကြီးဆိုရင် မှားမယ် မထင်ပါ။ မအူပင် မလက်တိုနဲ့  လက်ပံတောင်းတောင်အရေးတွေမှာ ဦးဝီရသူပြောဆိုခဲ့တဲ့ မှတ်ချက်တွေ က သူ့ ရဲ့ သမိုင်းနဲ့  သူ့ နိုင်ငံရေးဘက်ကို အထင်အရှား ပြသခဲ့ပြီးသားကို အားလုံးသိရှိကြပြီး ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးရည်မှန်းချက် အတိုင်းအတာတစ်ခု အောင်မြင်စွာ သီးပွင့်နိုင် ဖို့ အတွက် ဘာသာရေးနောက်လိုက်ပရိသတ် ပေါများလှတဲ့ ဦးဝီရသူဟာ အဖိုးတန် နိုင်ငံရေးသမားကြီးတစ်ဦးနှယ် ရှုမြင်ပြီး အသုံးချသွားလို့ ရတယ်ဆိုတာကို ဂုရုပါရဂူ ကျွမ်းကျင်အဆင့် တစ်ဆိုသူများ ကောင်းကောင်းသဘောပေါက်နှင့်ပြီလို့ ယူဆရပါတယ်။ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချလို့ ရတယ်ဆိုတာ ပုတီးကိုင် သန့် ရှင်းဖဆပလ ဥက္ကဌကြီးရဲ့  ၁၉၆၀ ခုနှစ် ပါလီမန် ရွေးကောက်ပွဲက သမိုင်း သက်သေပါဘဲ။ စစ်တပ်ဘက်ပင်းတဲ့ တည်မြဲအဖွဲ့  ရှုံးချက်နာကို သင်ခန်းစာယူပြီး မိမိတို့ အုပ်စုနိုင်ငံရေး ရလဒ်ကောင်းအောင် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတဲ့သူတချို့  ရှိနေပြီလားလို့  စိတ်ပျက်လက်ပျက် တွေးတောရင်း ဘုန်ကြီး ဦးဝီရသူရဲ့  စတုတ္ထမြောက်သံစဉ် ဘယ်လိုလာလိမ့်ဦးမလဲဆိုပြီး ရင်တ ထိတ်ထိတ် ဖြစ်နေမိပါတော့တယ်။

No comments:

Post a Comment