Sunday, March 31, 2013

"သွေးထိုးလှုံ့ဆော် ဝါဒဖြန့်မှုတွေကို ကိုယ်တိုင် ပြုလုပ်ခြင်းနဲ့ ခွင့်ပြုခြင်း "

မိတ္ထီလာ အရေးမှာ အစိုးရကို လက်ညှိုးထိုးတာ ဒါလောက်ကြောင့်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဒါက ဖြစ်လာပြီးမှ ပွားအောင် ကြီးအောင်လုပ်ယူတဲ့အပိုင်း။ မဖြစ်ခင်က ဖြစ်လာအောင် မွေးယူ ပျိုးယူ တဲ့ အပိုင်းလည်း ရှိသေးတယ်။

ရခိုင်အရေးအခင်းကတည်းက သမ္မတရုံးညွှန်ကြားရေးမှူး ကိုဇော်ဌေး ခေါ် မှူးဇော်က ဖဘကနေ ပြောင်ဆွပေး မြှောက်ပေးခဲ့တယ်။ အဲဒီအထောက်အထားတွေ သိမ်းထားပါတယ်။ အချိန်မရွေး ပြန်ထုတ်ပြလို့ ရတယ်။ အဲဒီနောက်မူစလင်ဆန့်ကျင်ရေး ဟောပြောတာတွေ၊ စည်းရုံးတာတွေ လှုံ့ဆော်တာတွေ နေရာ အနှံ့အပြားက ထွက်လာတယ်။ ကျယ်ကျယ်လောင်လောင် ထွက်လာတယ်။ မူစလင်စီးပွားရေးလုပ်ငန်းတွေကို အားမပေးဖို့ တိုက်တွန်းလှုံ့ဆော်တာတွေလည်း ထွက်လာတယ်။ ဒါတွေအားလုံးကို အစိုးရက လွှတ်ပေးထားတယ်။ ဒါဟာ အစိုးရက မွှေးတဲ့မီးပဲ။ အစိုးရမွေးထားတဲ့ မီးပဲ။ အစိုးရ ပျိုးယူထားတဲ့မီးပဲ။ တိုင်းပြည်တပြည်မှာ ဒီလို အမုန်းမီးကို မွေးထားတာဟာ တချိန်မှာ တတိုင်းတပြည်လုံးမှာ အလွန် ဆိုးဝါးကြေကွဲဖွယ် ထိခိုက်နစ်နာ ဆုံးရှုံးမှုမျိုးတွေ ဖြစ်တတ်တယ်။ ဒီလိုမီးကို ဆက်ပျိုးထားရင် အကြောင်းရင်းဖြစ်တဲ့ လူမျိုးရေး လှုံ့ဆော်တဲ့ ဟောပြော ရေးသားမှုတွေကို ဆက်အားပေးထားရင် ဒီ့ထက်ဆိုးတဲ့ ကြေကွဲစရာတွေ ဖြစ်လာနိုင်သေးတယ်။ ဒီအန္တရာယ်မျိုးကို အစိုးရ လုပ်တဲ့လူတွေ သိတယ်။ တိုင်းပြည်ကို ချစ်တဲ့ အမြှော်အမြင်ရှိတဲ့ ဘယ်အစိုးရမျိုးမှ မလုပ်ဘူး။ အခုလုပ်ရပ်တွေက သိရက်နဲ့ လုပ်ယူနေတာ။ အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းကပဲ။ အင်္ဂလိပ်အစိုးရက သူ့အုပ်ချုပ်ရေး ပြေလည်ဖို့အတွက် ဗမာတွေ အိန္ဒိယတွေကို တိုက်ပေးခဲ့တယ်။ ဒီလမ်းစဉ်ကို စစ်အာဏာရှင် တိုင်းရင်းသား အစိုးရက အတုခိုးကျင့်သုံးတာပဲ။ လိုရင်းကတော့ အာဏာတည်မြဲရေးပဲ။

အရင်တုန်းက ဗုဒ္ဓဘာသာနဲ့မူစလင်တိုက်ပေးတဲ့အခါမှာ မူစလင်ဘက်က ဆွတဲ့စာကို ဖြန့်ပြီး သုံးတာများတယ်။ အင်္ဂလိပ်ကမွေးထားပြီး ထုတ်သုံးတာက မော်လဝီနဲ့ ယောဂီစာအုပ်။ ဒီစာအုပ်ကို စစ်အစိုးရ အဆက်ဆက် အမွေခံပြီး ခဏခဏ ထုတ်သုံးခဲ့ကြသေးတယ်။ ဒီနေ့ခေတ်မှာ ဦးသိန်းစိန် အစိုးရက အသစ် မွေးထားပြီး လိုရင် ထုတ်သုံးတာက ကိုးခြောက်ကိုး။ တသက်လုံး ဘယ်တုန်းကမှ မရှိတဲ့ ဒီကိုးခြောက်ကိုး အတွေးအခေါ်တွေ လှုံ့ဆော်မှုတွေ ပြန့်ပွားလာတာ၊ ဒါတွေကို အစိုးရ တာဝန်ရှိသူတွေ မသိကျိုးကျွံပြုနေတာဟာ ပြဿနာရဲ့ အခြေခံလောင်စာပဲ။ ဒါတွေကို မသိကျိုးကျွံပြုတယ် ဆိုတာ သွေးရိုး သားရိုး မဟုတ်ဘူး။ မွေးထားတာ။ လိုရင် ထုတ်သုံးဖို့ ကြီးထွားလာအောင် မွေးမြူထားတာ။ သူက အစိုးရသစ် ဆိုသကိုးဗျ။ ဒီတော့ စာအုပ်အသစ် တံဆိပ်အသစ်တွေ မွေးယူတာပေါ့။ ဒါပေမဲ့ မလိုရင် ထိုးကျွေးပါလိမ့်မယ်။ ဒါကိုလည်း ၉၆၉ များ သတိပြုကြပါ။

နောက်အန္တရာယ်ရှိသူက မစိုးရိမ်ဆရာတော် ဦးဝီရသူ။ ဦးဝီရသူရဲ့ သင်္ကန်းမှာ သွေးစွန်းနေပြီ။ မိတ္ထီလာ အရေးမှာ ဦးဝီရသူ ပါရာဇိက ကံ ထိုက်သွားပြီလို့ ဆိုချင်တယ်။ မိတ္ထီလာမှာ အများအပြား သေကြေ ဆုံးရှုံးမှုတွေဟာ ဦးဝီရသူ ပယောဂ မကင်းဘူး။ စိတ်ကောင်းရှိရင် ဦးဝီရသူ နောင်တရဖို့သင့်ပြီ။ ဒါပေမဲ့ နောင်တရတဲ့ လက္ခဏာ မတွေ့ရဘူး။ သူ့ကြောင့် လူအများအပြား သေကြရပေမဲ့ နောင်တမရဘူး။

မစိုးရိမ်ဆရာတော် ဦးဝီရသူဟာမူစလင်ဆန့်ကျင်ရေး တရားတွေ လှုံ့ဆော်ဟောပြောခဲ့ တယ်။ မူစလင်ဆန့်ကျင်ရေးကို ဖဘကနေ တွင်တွင်ကျယ်ကျယ် အစီအစဉ်ရှိရှိလုပ်တယ်။ ဒါတွေဟာ ရာဇဝတ်မှုမြောက်တဲ့ ဟောပြောချက်တွေပဲ။ ဘာသာနှစ်ခု လူ့အဖွဲ့အစည်းနှစ်ခုအကြားမှာ အဓိကရုဏ်း အကြီးအကျယ် ဖြစ်ပွားစေတဲ့ လှုံ့ဆော်မှုတွေပဲ။ ဒီလို သူတပါးဘာသာကို ထိခိုက်ဟောပြောတာမျိုးကို ဘယ်အစိုးရကောင်းကမှ ခွင့်မပြုဘူး။ ခုတော့ သမ္မတကြီး ထောက်ခံပွဲလုပ်ထားလို့လား မသိဘူး။ ဦးဝီရသူကို စိတ်ကြိုက်ဟောပြောခွင့် ပေးတယ်။ ဦးဝီရသူဟာ ဆန္ဒပြခွင့် ဥပဒေပေါ်လာပြီးနောက်မှာ တကြိမ်တည်းသာ လူတသောင်းအထိ ခွင့်ပြုဖူးတဲ့ ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သူပါ။ အဲဒီဆန္ဒပြပွဲကလည်း သမ္မတကြီးကိုထောက်ခံ ပြီး မူစလင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲပါ။ အဲဒီ ဦးဝီရသူက အဓိကရုဏ်းတွေ ဖြစ် လာတော့ သူကပဲ ကယ်တင်ရှင် လုပ်ပြန်တယ်။ ကယ်တင်ရှင်လုပ်ရင်းကနေပဲ ဖဘ ကနေ ဖွတဲ့ အလုပ်ကိုလည်း ဝတ္တရား မပျက် ဆက်လုပ်ပြန်တယ်။ ဒီလို အငြင်းပွားဖွယ် အဖြစ်ဆုံးပုဂ္ဂိုလ်ဟာ မစ္စတာ နမ်ဘီးယားနဲ့ အစိုးရဝန်ကြီးတွေ မိတ္ထီလာကို လာပြီး တိုင်းခန်းလှည့်လည်တဲ့အခါ ဗုဒ္ဓဘာသာ ခေါင်းဆောင် အဖြစ်ပါလာပြန်တယ်။ ဒီလုပ်ရပ်ဟာ အများကြီး စဉ်းစားတွေးတောစရာတွေ ဖြစ်ပေါ်စေပါတယ်။

ဖဘ ပေါ်မှာလည်း လေ့လာကြည့်ပါ။မူစလင်ဆန့်ကျင်ရေးကို အကြီးအကျယ်လုပ်တဲ့သူ အများစုဟာ တပြိုင်တည်းမှာပဲ အစိုးရထောက်ခံသူတွေ ဖြစ်ကြတယ်။ အစိုးရလူတွေအားလုံးဟာလည်းမူစလင်ဆန့်ကျင် သူတွေဖြစ်ကြတယ်။ ဖဘပေါ်မှာမူစလင်ဆန့်ကျင်ရေးလုပ်တဲ့ သူတွေရဲ့ စာတွေကို မှူးဇော်တို့ ဦးရဲထွတ်တို့က သူတို့ စာမျက်နှာကနေ ပြန်ဖြန့် ပြန်ဝေ လုပ်ပေးတယ်။ တချိန်က မှူးဇော် ကိုယ်တိုင်ရေးတာတွေဟာ ပြဿနာအကြီးအကျယ်တက်လာလို့ အခု တခြားနာမည်နဲ့ ရေးပြီး သူတို့ အကောင့်တွေကတဆင့် ပြန်ဖြန့်ပေး၊ ကြော်ငြာပေးနေသလားမှတ်ရတယ်။ သေချာတာ တခုကတော့ အစိုးရဘက်တော် သား အားလုံးဟာမူစလင်ဆန့်ကျင် မုန်းတီးသူတွေ ဖြစ်ပြီးမူစလင်ဆန့်ကျင် မုန်းတီးသူတွေ ထဲက အများစုဟာလည်း အစိုးရ ထောက်ခံသူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ။

အစိုးရ ဘက်တော်သားတွေအားလုံးက မူစလင်ကို ခါးခါးသီးသီး မုန်းတီးနေတဲ့အချက်နဲ့ လုံခြုံရေးတွေက အဓိကရုဏ်းကို ကြီးထွားအောင် လက်ပိုက်ကြည့်နေတဲ့အချက်ဟာ တိုက်ဆိုင်မှု မဟုတ်ဘူး။
____________________________________
Reference and Credit to -ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
မတ် ၂၆ ၊ ၂၀၁၃။

No comments:

Post a Comment