Tuesday, January 29, 2013

ပါရီကလပ်နှင့် (၁၆)နာရီကြာ တစ်ဆက်တည်း မရပ်မနား ဆွေးနွေးညှိနှိုင်းပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံတကာကြွေးမြီ အမေရိကန်ဒေါ်လာ (၆.၁၉၂)ဘီလီယံခန့် လျှော်ပစ်နိုင်ခဲ့

မြန်မာနိုင်ငံက တင်ရှိနေတဲ့ ကြွေးမြီတွေ လျှော်ပစ်ရေးကိစ္စ ဆွေးနွေးညှိနှိုင်းဖို့ အတွက် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရောက်ရှိခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ မြီရှင်နိုင်ငံတွေဖြစ်ကြတဲ့ ပြင်သစ်၊ ဖင်လန်၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ နယ်သာလန်၊ အင်္ဂလန်၊ ဒိန်းမတ်၊ ကနေဒါ၊ သြစတြီးယား၊ ဂျာမနီနဲ့ အခြား လေ့လာသူနိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ ဘဲလ်ဂျီယံ၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ အမေရိကန်၊ IMF ၊ IDA ၊ ADB ၊ UNCTAD တို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေ၊ ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးရေးဆောင်ရွက်ချက်တွေနဲ့ လိုအပ်ချက်တွေ၊ ပါရီကလပ် က မြန်မာနိုင်ငံအပေါ်တင်ရှိနေတဲ့ ကြွေးမြီ၊ တိုးပွားလာတဲ့ပမာဏ၊ မြန်မာဘက်က ကနဦးတောင်း ဆိုချက်တွေကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

မြန်မာဘက်က ကြွေးမြီအားလုံးရဲ့ ၆၇% လျှော်ပစ်ဖို့၊ ကျန်ကြွေးမြီတွေကို ဆိုင်းငံ့ကာလ (၇)နှစ် အပါအဝင် ပြန်ဆပ်ကာလ (၂၃)နှစ် ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပါရီကလပ်ဘက်က ကြွေးမြီအားလုံးရဲ့ ၄၀% လျှော်ပစ်ဖို့၊ ကျန်ကြွေးမြီတွေကို ဆိုင်းငံ့ကာလ (၅)နှစ် အပါအဝင် ပြန်ဆပ်ကာလ (၁၅)နှစ် ခွင့်ပြုပေးဖို့ ပြန်လည် အဆိုပြုခဲ့ကြပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီကနေ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၃ နာရီအထိ တစ်ဆက်တည်း တောက်လျှောက် (၁၆)နာရီကြာ မရပ်မနား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးတော့ အဆုံးသတ် သဘောတူညီချက် ရရှိလာခဲ့ပါတယ်။

နော်ဝေ၊ ဂျပန်နိုင်ငံ(၂)နိုင်ငံက ယင်းတို့ကြွေးမြီ လျှော်ပစ်ရေး အစီအစဉ် တွေနဲ့ ပါရီကလပ်နိုင်ငံတွေ ရဲ့ ကြွေးမြီလျှော်ပစ်ရေး အစီအစဉ်တွေ ပေါင်းစုလိုက်ရင် မြန်မာနိုင်ငံအနေနဲ့ ကြွေးမြီအားလုံးရဲ့ (၆၀%)ခန့်၊ အမေရိကန်ဒေါ်လာ(၆.၁၉၂)ဘီလီယံခန့် သက်သာစေတဲ့ ရလဒ် ရရှိခဲ့ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန် အပါအဝင် ပါရီကလပ် တို့ရဲ့ ကြွေးမြီ ရှင်းလင်းရေးကိစ္စတွေကို စနစ်တကျ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို ရှေးယခင်ကတည်းက တင်ရှိခဲ့တဲ့ နိုင်ငံတကာကြွေးမြီ လျှော်ပစ်ရေးအစီအစဉ်တွေဟာ နိုင်ငံတော် သမ္မတကြီး ဆောင်ရွက်နေတဲ့ မက်ခရိုစီးပွားရေး၊ မိုက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးအစီအစဉ်တွေ အပါအဝင် နိုင်ငံရေး-စီးပွားရေး-လူမှုရေးအုပ်ချုပ်ရေး  ပြုပြင်ပြောင်းလဲ မှုတွေရဲ့ အကျိုးရလဒ်တွေပဲ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီး တဖြည်းဖြည်းချင်း လေ့လာသုံးသပ် ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အကျိုးရလဒ်တွေဟာ နေ့ချင်းညချင်းပုံစံမျိုး မဟုတ်ဘဲ တဖြည်းဖြည်းချင်း ထွက်ပေါ်လာနေတဲ့ အခြေအနေတွေကို မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း ။

Read More : http://www.ministryofinformation.gov.mm/index.php/news/local-news/2150-2013-01-29-03-53-44.html

No comments:

Post a Comment