Monday, September 16, 2013

ရန်ကုန်ဆိပ်ကမ်းများတွင် ကုန်သေတ္တာ ကိုင်တွယ်ရမှု အေးရှားဝေါလ် ဆိပ်ကမ်းက ၄၅ ရာခိုင်နှုန်းဖြင့် အများဆုံး ရရှိထား

Monday, September 16, 2013

ရန်ကုန်ဆိပ်ကမ်းများတွင် ကုန်သေတ္တာ ကိုင်တွယ်ရမှု အများဆုံး ဆိပ်ကမ်းအဖြစ် အေရှားဝေါလ် ဆိပ်ကမ်းမှာ ၄၅ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး၊ ကုန်သေတ္တာ အများဆုံး ကိုင်တွယ်နိုင်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလ၀ါမှာ ကုန်သေတ္တာ ကိုင်တွယ်ရမှု မရှိသလောက် နည်းပါးနေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။

ရန်ကုန်ဆိပ်ကမ်းများတွင် ကုန်သေတ္တာ ကိုင်တွယ်နိုင်သော ဆိပ်ကမ်းများအဖြစ် ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ အေရှားဝေါလ် ဆိပ်ကမ်း၊ ထီးတန်း ဆိပ်ကမ်းနှင့် မြန်မာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလ၀ါဟူ၍ ဆိပ်ကမ်းငါးခုရှိကြောင်း သိရသည်။ အဆိုပါ ဆိပ်ကမ်းများတွင် အေရှားဝေါလ် ဆိပ်ကမ်းမှာ ကုန်သေတ္တာဈေးကွက် ရရှိမှုတွင် အခြားဆိပ်ကမ်းများထက် ပိုမိုများပြားကြောင်း သိရသည်။

"အေရှားဝေါလ် ဆိပ်ကမ်းမှာ ကွန်တိန်နာတင် သင်္ဘောတွေ အများဆုံး ဆိုက်ကပ်တဲ့အတွက် ကုန်သေတ္တာတွေ အများဆုံး ၀င်တယ်။ အခြားဆိပ်ကမ်းတွေမှာ သင်္ဘောကပ်တာ အေရှားဝေါလ် ထက်နည်းတော့ ကုန်သေတ္တာ အ၀င်နည်းတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဆိပ်ကမ်းအလိုက် ကုန်သေတ္တာ ကိုင်တွယ်ရမှုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ကောက်ယူခဲ့သည့် စာရင်းများအရ အေရှားဝေါလ် ဆိပ်ကမ်းမှာ ၄၅ ရာခိုင်နှုန်း၊ မြန်မာ့စက်မှု ဆိပ်ကမ်းမှာ ၂၆ ရာခိုင်နှုန်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှာ ၁၅ ရာခိုင်နှုန်း၊ ထီးတန်းဆိပ်ကမ်းမှာ ၉ ရာခိုင်နှုန်း၊ မြန်မာအပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းသီလ၀ါမှာမူ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါမှာ ကုန်သေတ္တာ ကိုင်တွယ်ရမှု အနည်းဆုံး ဆိပ်ကမ်းတွင် ပါဝင်နေသော်လည်း ကုန်သေတ္တာ ဆိပ်ကမ်းများ၌ ကုန်သေတ္တာ အများဆုံး ကိုင်တွယ်နိုင်စွမ်း အများဆုံးရှိသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလ၀ါသည် ပင်လယ်နှင့်နီးခြင်း၊ တစ်ပြိုင်နက် ဆိုက်ကပ်နိုင်သည့် တံတားငါးစင်းအထိ ရှိခြင်း၊ ဆိပ်ကမ်းဧရိယာ ကျယ်ပြန့်မှု၊ ကုန်များထားသိုနိုင်မှုနှင့် အခြားသော ကုန်သေတ္တာ ဆိပ်ကမ်းများတွင် ပါရှိရမည့် အချက်များနှင့် ပြည့်စုံမှုရှိကြောင်း သိရသည်။

ယင်းသို့ ကုန်သေတ္တာတင် ဆိပ်ကမ်းတစ်ခု၏ အင်္ဂါရပ်များနှင့် ပြည့်စုံသည့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလ၀ါ၌ ကုန်သေတ္တာများ ကိုင်တွယ်ရမှု နည်းပါးရခြင်းတွင် မြို့တွင်းမှ ဆိပ်ကမ်းအရောက် သယ်ဆောင်ရသည့် သယ်ဆောင်စရိတ် များပြားခြင်းနှင့် ဆိုက်ကပ်သည့် သင်္ဘောလိုင်း နည်းပါးခြင်းမှာ အဓိကအချက် အနေဖြင့် ပါဝင်နေကြောင်း သိရသည်။

အလားတူ အေရှားဝေါလ် ဆိပ်ကမ်းမှာ ဈေးကွက်ရရှိမှု အများဆုံး ဖြစ်သကဲ့သို့ အထွေထွေ ကုန်စည်ကိုင်တွယ် ရရှိမှုတွင်လည်း များပြားကြောင်း သိရသည်။

No comments:

Post a Comment