၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး၊
လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဆွေးနွေးရေး
အဖွဲ့တို့သည် ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ (ဝ၉၀ဝ)အချိန်တွင်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့တွင်
တွေ့ဆုံဆွေးနွေးခဲ့ပြီး (၁၆၁၅) အချိန်တွင် ပြီးဆုံးခဲ့ပါသည်။
၂။ ယခုဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး
ဝန်ကြီးဌာနမှ သံအမတ်ကြီး Mr. Luo Zhaohi၊ ကရင်အမျိုးသားအစည်းအရုံး (KNU)
ဥက္ကဋ္ဌဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး
ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင် (၁)ဦး၊ ရှမ်းပြည်နယ်
ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့်
အဖွဲ့ဝင် (၂)ဦး၊ ဦးဟန်ညောင်ဝေနှင့် ဦးဗစ်တာဗျက်လျန်တို့ သက်သေများအဖြစ်
တက်ရောက်ခဲ့ကြပါသည်။
၃။ ယခုဆွေးနွေးပွဲတွင်
နှစ်ဖက်ဆက်သွယ်ရေးလမ်းကြောင်း ထားရှိရေး၊ နှစ်ဖက် စစ်ရေး တင်းမာမှုများ
လျှော့ချနိုင်ရေး၊ နောက်တစ်ကြိမ် အစည်းအဝေးအတွက် ပြင်ဆင်မှု၊ နောက် တစ်ကြိမ်
ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေအဖြစ် ပါဝင်နိုင်မည့် အဖွဲ့အစည်း
များအား ဖိတ်ခေါ်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
၎။ နောက်တစ်ကြိမ်
ဆွေးနွေးပွဲကို KIO အဖွဲ့အစည်းအနေဖြင့် UNFC နှင့် ညှိနှိုင်းပြီးနောက်
ဖေဖေါ်ဝါရီလ မကုန်မှီ ကျင်းပရန်နှင့် အစိုးရနှင့် KIO အကြား နိုင်ငံရေး
ဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားကြရန် သဘောတူကြပါသည်။
၅။
အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျှင်အမြန်
အကောင်အထည် ဖော်နိုင်ရန် ပဋိပက္ခ ဖြစ်ပွားသော နေရာများကို လေ့လာစောင့်ကြည့်
စီစစ်ရေး စနစ်ပေါ်ပေါက်ရန် ဆက်လက် ဆွေးနွေးဆောင်ရွက်ရန် သဘောတူညီသည်။
၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်။
ရွှေလီမြို့။
No comments:
Post a Comment