ရန်ကုန်၊ ဇူလိုင် ၁၀
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တပ်မတော် တပ်ရင်း (၃၇၅) မှ ကျည်ဆန်များကို ခိုးထုတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ရှိ တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းများကို သုံးကြိမ်မြောက် ရောင်းချရန် ကြံစည်ခြင်းဖြစ်ကြောင်း ဖမ်းဆီး ရမိထားသော တပ်ကြပ် တစ်ဦးနှင့် အရပ်သား သုံးဦး တို့ကို စစ်ဆေး မေးမြန်းချက်ကို ကိုးကား၍ ကျောက်တော် မြို့နယ် မြို့နယ်မှူး ရဲမှူး ခင်မောင်က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ရှိ တရားမဝင် လက်နက်ကိုင် တပ်ဖွဲ့များကို ကျည်ဆန် ၅၀၀ တောင့်စီဖြင့် နှစ်ကြိမ် ရောင်းချထားပြီးဖြစ်ပြီး ယခုတစ်ကြိမ် ထပ်မံ ပို့ဆောင်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကျောက်တော်မြို့နှင့် တစ်ဖက်ကမ်း လမ်းမတော် ကျေးရွာတွင် နေထိုင် သည့် ဒေါ်အေးကြည်ကို ဇူလိုင်လ ၇ ရက်နေ့က ကျောက်တော်မြို့သို့လာစဉ် စစ်ဆေးခဲ့ရာ ကျည်ဆန် ၃၀၀ တောင့်နှင့်အတူ ဖမ်းဆီးခဲ့ရာမှ ယင်းအမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ကျည်ဆန်များကို (၃၅၇) တပ်ရင်းမှ တပ်ကြပ် ကျော်ဝေမှ တစ်ဆင့် ရရှိသည် ဟုဆို၍ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအမူတွင် ပါဝင် ပတ်သက်သူ နှစ်ဦး ကို ထပ်မံ ဖမ်းဆီးထားရကြောင်း၊ ကျည်ဆန် ခိုးထုတ်မှုကို စစ်ဆေးစဉ် ကျည်ဆန် ခိုးထုတ်မှုနှင့် မဟုတ်ဘဲ အခြား ပြစ်မှုများနှင့် ဖမ်းဆီးထားသူများ လည်းရှိကြောင်း ရဲမှူး ခင်မောင်က ပြောကြားသည်။
ကျည်ဆန် ခိုးထုတ်မှုနှင့် ပတ်သက် ဆက်နွှယ်သူ လေးဦးကို ချင်းပြည်နယ် ပလက်ဝမြို့နယ် ရဲတပ်ဖွဲ့ စခန်းက ဖမ်းဆီးရမိခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ စခန်းကို လွှဲပြောင်းခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။
ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာနေ ဦးလှကြာအောင်၊ ကြက်ဥဝ ရွာနေ ဦးခင်မောင်တို့ကို ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ဖမ်းဆီးရ မိပြီး နုံးဘူးရွာနေ ဦးအောင်သာဖြူ၊ ခမောင်းဝရွာနေ ဦးကျော့မောင်တို့ကို ဇူလိုင်လ ၉ ရက်နေ့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း၊ ဖမ်းဝရမ်း ထုတ်ထားသူများ ကျန်ရှိနေသေးကြောင်း ပလက်ဝမြို့နယ် ရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။

No comments:
Post a Comment