လွှတ်တော်အမတ်များကို ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်ချပေးရန် စည်းမျဉ်းများစတင်ရေးဆွဲ
ရန်ကုန်၊ ဇူလိုင် ၁၉
လွှတ်တော် ကိုယ်စားလှယ်များ မြို့နယ်ဖွံ့ဖြိုးရေး
လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ချထားပေးမည့် ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်အတွက်
စည်းမျဉ်းစည်းကမ်းများကို စတင်ရေးဆွဲနေပြီ ဖြစ်ကြောင်း အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က The Voice သို့ပြောကြားသည်။
မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်
မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ အတွက် ကျပ်သန်းပေါင်း
သုံးသောင်းသုံးထောင် အသုံးပြုသွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ငွေချပေးဖို့ သိပ်မကြာတော့ဘူးလို့ သိရတယ်” ဟု
ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
ယင်းအသုံးစရိတ် တောင်းခံရာတွင် ဒေသဖွံ့ဖြိုးရေးအတွက်
လုပ်ဆောင်လိုသော လုပ်ငန်း၊ ကုန်ကျမည့် ငွေကြေး ပမာဏနှင့် မြို့နယ်
အထောက်အကူပြုအဖွဲ့၏ ထောက်ခံချက်တို့ကို ပူးတွဲတင်ပြရမည်ဖြစ်ပြီး
လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေကော်မတီက အသုံး စရိတ်ချပေးမည် ဖြစ်ကြောင်း
လွှတ်တော်တွင် ဝေထား သည့် ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် တောင်းခံလွှာပုံစံကို ကိုးကား၍
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို မဲဆန္ဒနယ်တစ်ခု
(မြို့နယ်တစ်ခု) ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်တစ်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးတို့ က
ညှိနှိုင်းသုံးစွဲရမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အမည်စာရင်း
တင်သွင်းသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များအတွက်မူ ဒေသဖွံ့ဖြိုးရေး
အသုံးစရိတ် ချထားပေးမည် မဟုတ်ကြောင်း ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
အစိုးရအဖွဲ့ တင်သွင်းသည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်
အမျိုးသား စီမံကိန်းများအနက် နိုင်ငံတော်အတွက် အရေးတကြီး လုပ်ဆောင်ရန် မလိုအပ်သော
စီမံကိန်းများကို ပယ်ဖျက်ပြီး ယင်းစီမံကိန်း အသုံးစရိတ် များကို ဒေသဖွံ့ဖြိုးရေး
အသုံးစရိတ်အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment