ထိုင်းအစိုးရနှင့် ကုလသမဂ္ဂက မြန်မာဒုက္ခသည်များ နေရပ်ပြန်ရန် မူအားဖြင့် လက်ခံထားသော်လည်း ဒုက္ခသည်များ နေရပ်မပြန်လို
Tuesday, June 18, 2013
ထိုင်း-မြန်မာ နယ်စပ်ရှိ နို့ဖိုးဒုက္ခသည် စခန်းတွင် UNHCR
မှ ဒုက္ခသည် စခန်းဆိုင်ရာ ကာကွယ် စောင့်ရှောက်ရေး အရာရှိ မစ်(စ်)အေပရယ်ဏီက
ဒုက္ခသည်များ ဘ၀ရှေ့ရေး အတွက် အမြင်ဖလှယ်ပွဲ တစ်ရပ်ကို ယခုသီတင်းပတ်အတွင်း
ကျင်းပပြီး ဆန္ဒကောက်ခံခြင်းကိုပါ ပြုလုပ်သွားခဲ့သည်ဟု ထိုဆွေးနွေးပွဲကို
တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။
ဒုက္ခသည် စခန်းဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး အရာရှိက
ဒုက္ခသည်များ တတိယနိုင်ငံသို့ ထွက်ခွာရန်အတွက် ထိုင်းအစိုးရ ထံတွင်သာ မူတည်ခြင်း
ဖြစ်ကြောင်းနှင့် တတိယနိုင်ငံသို့ ထွက်ခွာရန် အခွင့်အလမ်း နည်းပါးသွားပြီ
ဖြစ်သောကြောင့် ဒုက္ခသည်များ အနေနှင့် မိမိ၏ ဘ၀ရှေ့ရေး ရပ်တည်ချက် များအတွက်
မေးခွန်းများ မေးမြန်းနိုင်သည် ဟုလည်း ပြောကြားသည်။
နို့ဖိုးဒုက္ခသည်စခန်းတွင် ရပ်ကွက် ၁၆ ခုရှိပြီး
ဒုက္ခသည်ဦးရေ တစ်သောင်းခန့်ရှိကာ နေရပ်ပြန်ရန် စာရင်းပေးထားသူ ၂၈ ဦး ခန့်သာ
ရှိကြောင်း သိရသည်။
ဒုက္ခသည် စခန်းအတွင်း ၁၀ နှစ်ကြာ နေထိုင်ခဲ့ရသူ
ကိုကျော်စိုးက ''ကျွန်တော် ဒုက္ခသည်စခန်းမှာ နေတာ ၁၀ နှစ်ကျော်ပြီ။ ကျွန်တော်လူပျို
ဘ၀ကတည်းက ရောက်နေတာပါ။ အခု ကျွန်တော့်သားတောင် ကိုးနှစ်ရှိနေပြီ။ အခုအချိန်မှ
မြန်မာပြည်ပြန်ရင် ကျွန်တော့် သားရဲ့ ရှေ့ရေးကို ဘယ်လိုလုပ်ပေးရမလဲ မစဉ်းစား
တတ်တော့ဘူး။ သူ့ကို ဒုက္ခသည် စခန်းမှာပဲ မွေးခဲ့ရတာပါ။ ကျွန်တော်တို့ကတော့
ဖြစ်နိုင်ရင် မြန်မာပြည် မပြန်ချင်ပါဘူး'' ဟု ပြောကြားသည်။
၂၀၀၃ ခုနှစ်နောက်ပိုင်း ထိုင်းအစိုးရက
ဒုက္ခသည်များနှင့် ပတ်သက်သည့် အချက်အလက်များအား ကိုင်တွယ်ကာ တတိယနိုင်ငံ
သွားရောက်ရေးကိုလည်း ထိန်းချုပ်ခဲ့ပြီးနောက် ဒုက္ခသည်များ တတိယနိုင်ငံ ထွက်ရေးသည်
ခက်ခဲလာခဲ့ကာ ဒုက္ခသည် စခန်းများအတွင်း လူဦးရေ များလာခဲ့သည်။
UNHCR မှ ဒုက္ခသည်များအား ဆန်၊ ဆီ၊ ပဲ အစရှိသည့်
ရိက္ခာကို ထောက်ပံခဲ့သော်လည်း ယခုအခါ ရိက္ခာများကို ဖြတ်တောက်မည်ဟုလည်း သတင်းများ
ထွက်ပေါ်နေသဖြင့် ဒုက္ခသည်များ စိုးရိမ်လျက်ရှိနေသည်။
ဒုက္ခသည်များ အနေနှင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ကို
ထိုင်းအစိုးရက ပိတ်ပင်ထားသောကြောင့် ဒုက္ခသည်များကို ရိက္ခာများ ဖြတ်တောက်လိုက်ပါက
မဖြစ်မနေ နေရပ်ပြန်ရမည် ဖြစ်ကြောင်းကိုလည်း ဒုက္ခသည်များက ပြောကြားသည်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်း အားလုံးကိုးခုရှိပြီး ဒုက္ခသည်
အရေအတွက် ၁၄၀၀၀၀ ခန့် ရှိသည်ဟု သိရသည်။
No comments:
Post a Comment