ရခိုင်နှစ်ပါတီ ပေါင်းစည်းနိုင်ရေးအတွက် မူဝါဒချင်း သဘောထား မတူနိုင်သည့် အချက်များကို ဘေးဖယ်ဆွေးနွေးမည်
Thursday, June 13, 2013
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး
ပါတီတို့ ပူးပေါင်းနိုင်ရေး ဆွေးနွေးပွဲတွင် မူဝါဒချင်း သဘောထား
မတူနိုင်သည့် အချက်များကို ဘေးဖယ်ကာ ပေါင်းစည်းရေးကိုသာ ဦးတည်ဆွေးနွေး
သွားမည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က Eleven Media
Group သို့ ဇွန် ၁၂ ရက်က ပြောကြားသည်။
ရခိုင်နှစ်ပါတီ
ပေါင်းစည်းရေးအတွက် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုကို
လာမည့် ဇွန် ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ ရခိုင်သဟာယ အသင်း၌
နှစ်ဖက်ယုံကြည်ရသော ရခိုင်သံဃာများ၊ ရခိုင်အဖွဲ့အစည်း တာဝန်ရှိသူများ
ရှေ့တွင် ဆွေးနွေးသွားမည် ဖြစ်သည်။
ရခိုင်ဒီမိုကရေစီ
အဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့်
ပါတီတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံ
ခဲ့သောကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။
အဓိကကတော့ ပါတီရဲ့ မူဝါဒတွေ၊ PR စနစ် အပါအ၀င်ပေါ့နော်။ ဒါတွေကို လောလောဆယ်
ဘေးဖယ်ထားမယ်။ ပေါင်းစည်းဖို့ အတွက်ကိုပဲ ပထမဆုံး ဆွေးနွေးမယ်။
ပေါင်းစည်းဖို့ သဘောတူပြီဆိုတဲ့ အခါကျမှ ဒီပေါင်းစည်းလိုက်တဲ့ ပါတီကို
ဘယ်လိုဖွဲ့စည်း ရမလဲဆိုတာ ဆွေးနွေးမယ်။ ပြီးရင် ပါတီအမည် ရွေးမယ်။
သဘောတူညီချက် ယူမယ် . . . . .
သို့သော် ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေး ပါတီမှာမူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံကာ ၂၀၁၀
ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး
ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် အမတ်နေရာများ ရရှိထားကာ
ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကိုယ်တိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး
ဖြစ်သည်။
ထို့ပြင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အချိုးကျ
ကိုယ်စားပြုစနစ် (PR စနစ်) ကို အတိအလင်း ကန့်ကွက်ထားပြီး
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အနေဖြင့်မူ အဆိုပါ စနစ်ကို ၂၀၁၅
ခုနှစ် ရွေးကောက်ပွဲတွင် မကျင့်သုံးသင့်ကြောင်း တရားဝင် ကြေညာချက်
ထုတ်ပြန်ထားသော်လည်း ပါတီတွင်း တာဝန်ရှိသူ တချို့ကမူ လက်ခံရန်
လိုလားနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
သို့သော် ထိုကဲ့သို့
မူဝါဒပိုင်း သဘောထား ကွဲလွဲမှုအချို့ ရှိနေသော်လည်း ယခုနှစ်
ပါတီပေါင်းစည်းရေး ဆွေးနွေးရာတွင်မူ ထိုအချက်များကို
ထည့်သွင်းဆွေးနွေးသွားမည် မဟုတ်ဘဲ ပေါင်းစည်းနိုင်ရေးကိုသာ ဦးတည်ဆွေးနွေး
သွားမည်ဟု ဦးအေးသာအောင် က ပြောကြားခဲ့ခြင်း ဖြစ်သည်။
"အဓိကကတော့
ပါတီရဲ့ မူဝါဒတွေ၊ PR စနစ် အပါအ၀င်ပေါ့နော်။ ဒါတွေကို လောလောဆယ်
ဘေးဖယ်ထားမယ်။ ပေါင်းစည်းဖို့ အတွက်ကိုပဲ ပထမဆုံး ဆွေးနွေးမယ်။
ပေါင်းစည်းဖို့ သဘောတူပြီဆိုတဲ့ အခါကျမှ ဒီပေါင်းစည်းလိုက်တဲ့ ပါတီကို
ဘယ်လိုဖွဲ့စည်း ရမလဲဆိုတာ ဆွေးနွေးမယ်။ ပြီးရင် ပါတီအမည် ရွေးမယ်။
သဘောတူညီချက် ယူမယ်။ အဲဒါတွေ ပြီးတော့မှ ပါတီရဲ့ မူဝါဒတွေ ချရမယ်။
နှစ်ပါတီလုံးရဲ့ မူဝါဒတွေကို ချန်ထားပြီး မူဝါဒ အသစ်တွေကို ချမှတ်မယ်" ဟု
ဦးအေးသာအောင်က ဆိုသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့်
ပြီးခဲ့သည့် မေလနှောင်းပိုင်းနှင့် ဇွန်လဆန်းပိုင်းက ရခိုင်ပြည်နယ်ရှိ
မြို့နယ်ကိုးမြို့နယ်တွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ရာတွင်
အားလုံးနီးပါးက နှစ်ပါတီ ပေါင်းစည်းရေးကို တိုက်တွန်းခဲ့ကြောင်း၊
ထို့ကြောင့် ရခိုင်ပြည်သူလူထု ဆန္ဒကို လေးစားသောအားဖြင့် အမျိုးသားညီညွတ်ရေး
ရည်ရွယ်ချက်ဖြင့် ပေါင်းစည်းရေး ဖြစ်နိုင်အောင် ဆွေးနွေးသွားမည်ဟုလည်း
ဦးအေးသာအောင် က ပြောကြားသည်။
ရခိုင်နှစ်ပါတီနှစ်ခု ပူးပေါင်းရန်
ပြီးခဲ့သည့် မတ်လကတည်းက ထိုင်းနိုင်ငံတွင် ပါတီဥက္ကဋ္ဌနှစ်ဦး
သီးသန့်ဆွေးနွေးခဲ့ပြီး ထိုစဉ်ကတည်းက ပေါင်းစည်းရန် ပုဂ္ဂိုလ်ရေးအရ
သဘောတူညီမှု ရရှိထားကြောင်း သိရသည်။
No comments:
Post a Comment