Tuesday, May 07 ,2013
ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသား ဒေသများရှိ ပညာရေးကိုယ်စားလှယ် အသီးသီး တက်ရောက်ဆွေးနွေးမည့် မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာညီလာခံကို လာမည့် ဇွန်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ကျင်းပမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပညာရေးကော်မတီဝင် ဒေါက်တာသိန်းလွင်က The Voice သို့ ပြောကြားသည်။
ညီလာခံကျင်းပမည့်ရက် သတ်မှတ် ထားသော်လည်း နေရာအတိအကျကိုမူ မေလ ၇ ရက်တွင် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မတက္ကသိုလ်တွင် ကျင်းပမည့် ညီလာခံ ဖြစ်မြောက်ရေး သတင်းစာရှင်းလင်းပွဲတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြော ကြားသည်။
ပညာရေးညီလာခံ ကျင်းပရန် ပညာရေး နှီးနှောဖလှယ်ပွဲများကို ပဲခူး၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မြစ်ကြီးနားနှင့် ထားဝယ်မြို့တို့တွင် သွားရောက် ဆွေးနွေးခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်း ပညာရေး နှီးနှောဖလှယ်ပွဲများ၏ ရလဒ် များကို နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် တင်ပြသွားမည်ဖြစ်ကြောင်း ဒေါက်တာ သိန်းလွင်က ပြောဆိုသည်။
အဆိုပါ ပညာရေးညီလာခံသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူဝါဒဆွေးနွေးပွဲ အပြီးတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါမူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွင် ပညာရေးအဖွဲ့အစည်း ၆၈ ဖွဲ့မှ ကိုယ်စားလှယ် ၂၆၅ ဦး တက်ရောက်ခဲ့ကြပြီး မြန်မာ့ပညာရေးကဏ္ဍ အတွက် လိုအပ်သော မူဝါဒဆိုင်ရာ ဆွေးနွေးချက်များကို ထုတ်ပြန်ခဲ့သည်။

No comments:
Post a Comment