Saturday, May 4, 2013

ပြဿနာတွေ ပိုမိုကြီးထွားလာခြင်း၏ အကြောင်းအရင်းများ

ပဋိပက္ခတွေဖြစ်ရခြင်း ဟာတရားမျှတမှုမရှိတဲ့ဥပဒေနဲ့ဥပဒေကြောင်း အရမှန်မှန်ကန်ကန်ဖြေရှင်း မပေးနှိုင်မှုရဲ့ ရလာဒ် ပင်ဖြစ်ပါ တယ်။ဘယ်သူဘယ်ဝါမှန် တယ်ဘယ်သူမှားတယ်မခွဲခြား ဘဲ ပြဿနာကိုမစုံစမ်းမလေ့လာဘဲ အထက်ကနေ ဘယ်လိုအမိန့်မျိုးတွေသယ်ဆောင်လာမှန်းမသိ အကြမ်းဖက်နှိမ်နှင်း ဘို့လောက်သာ တွက်ဆ နေကြတဲ့အတွက် ပြဿနာတွေဟာ ပိုမိုကြီးထွားလာခြင်း ဘဲဖြစ်ပါတယ်။ဒါတွေဟာစစ်အာဏာရှင် စနစ်ရဲ့ သရုပ်သဏ္ဍန်တွေဘဲဖြစ်ပါတယ်။မှန်မှန်ကန်ကန် အေးအေးချမ်းချမ်းဖြေရျင်းလို့ရနေတဲ့ ပြဿနာတစ်ခုကို အကြမ်းဘက်ဖြေရှင်းမှုတွေကြောင့် ပြဿနာတွေဟာ မကြီးထွားသင့်ဘဲ ကြီးထွားလာရခြင်း ပင်ဖြစ်ပါတယ်။ဖိနှိတ်မှုရှိရင် တွန်းကန်မှုရှိတယ် ဆိုတဲ့ နိယာမ သဘောအတိုင်းဘဲ နှစ်ပေါင်းများစွာ အဖိနှိတ်ခံနေခဲ့ရတဲ့ အသဲတဆတ်ဆတ်နာနေကြရတဲ့ လူထုဟာ ဥိးမကျိုးသွားဘဲ ဆက်လက်လှုပ်ရှား လာခြင်းပါဘဲ။ မြန်မာနိုင်ငံရဲ့ ခောတ်အဆက်ဆက် ကိုပြန်ကြည့်မယ်ဆိုရင် မ.ဆ.လ ခေတ်၊ န.ဝ.တ ခေတ်၊န.အ.ဖ ခေတ်၊စတဲ့ စစ်တပ်ကအုပ်ချုပ် လာတဲ့သက်တမ်းတလျှောက်လုံး ပြည်သူလူထုအပေါ် နှိတ်စက်ခဲ့ပုံ ဆင်းရဲတွင်းထဲ အရောက်ပို့ခဲ့
တာတွေဟာသိသာထင်ရှားလှပါတယ်။အာဏာရှင်စနစ် ကြောင့် တိုင်းပြည်နစ်နာခဲ့ရတာတွေ ကို ပြန်လည်ဆန်းစစ်ကြည့် မယ်ဆိုရင် နာကြည်းစရာ အတိတ်ဆိုးတို့နှင့် ရင်နင့်စရာ အဖြစ်အပျက်ဆိုးတွေ ပြည်သူလူထုကြီး တရပ်လုံး နင်းပြားဘဝရောက်ခဲ့ကြရတဲ့ အဖြစ်တွေ ပြည့်နှက်လို့ နေပါတယ်။ ဥပဒေ က မည်သို့ပင် ဆိုစေကာမူ ပြည်သူလူထုကို အထက်စီး က နိုင်လိုမင်းထက် ဆက်ဆံ နေတာကိုတွေ့နေရပါသေးတယ်။ ယခုအထိ တရားစီရင်ရေး အပိုင်းဟာ ထိပ်ပိုင်းကစပြီး မပြောင်းလဲသေး ပါဘူး။ပြည်သူ လူထုရဲ့ အခွင့်အရေးများ ဟာ ဆုံးရှုံးနစ်နာ လျှက် ဘဲ ရှိနေပါသေးတယ်။ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေပြီလို့ ဆိုကြပေမယ့် အရင်စစ်အစိုးရပုံစံအတိုင်း လုပ်ဆောင်နေဆဲဖြစ် နေဆဲ ဘဲ ဖြစ်တဲ့အတွက် ပြည်သူတွေပါဝင်တဲ့ စီမံကိန်းတွေ ဖြစ်လာမှာမဟုတ်သေးပါဘူး။ ဘာတွေပဲ ပြောင်းလဲနေတယ်ပဲပြောပြော အရင်စစ်အစိုးရရဲ့ အမူအကျင့်တွေ အတိုင်းပဲ၊ ပြည်သူတွေအ ပေါ်မှာ ရက်စက်တုန်း ဆိုတာ ရက်ရက်စက်စက် ဖြိုခွင်းတဲ့အကျင့်တွေ ရှိနေတုန်းဆိုတာကို ကသက်သေ ပြုလို့နေ ပါတယ်။ မြေသိမ်းမှုများ ဟာ တောင်သူလယ်သမားများ၊ အလုပ်သမားများ၏ လူမှု စီးပွားဘ၀ဖွံ့ဖြိုး တိုးတက်လာရန် အားပေး ပံ့ပိုး ဆောင်ရွက်သွားမည်ဟူသော သမ္မတအသစ် ဦးသိန်းစိန်၏ ပထမဆုံး ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်နေပါတယ်။ ကျေးရွာ ပြည်သူလူထု တွေဟာ မြန်မာ စစ်တပ်ရဲ့ လူမဆန်စွာ ပြုကျင့်ခံရပုံတွေ ပေါ်တာဆွဲတာ၊ အဓမ္မ လုပ်အားပေး ခိုင်းစေတာတွေဟာ မထူးဆန်းတော့သလို လယ်ယာမြေများကိုလည်း တပ်ပိုင်အဖြစ် မတရား သိမ်းယူတာမျိုး အပြင် တိုင်းရင်းသူလေးများအား စော်ကားဖျက်ဆီးကြတဲ့အထိ အတင့်ရဲ ကြတာမျိုးတွေဟာ လည်း မြန်မာ့ တပ်မတော်ဟာ ဒီလို အဖြစ်မျိုးလောက်တော့ ပျင်းတောင် ပျင်းသေးတယ်လို့ ပြောရမလို ဖြစ်ရိုးဖြစ်စဉ် တစ်ခုလိုသာ ဖြစ်နေတာကြောင့် ဒီလိုကိစ္စမျိုးတွေကို အရေးယူသင့်ပြီး ပြည်သူ ချစ်သော ပြည်သူ့တပ်မတော် အဖြစ် ပြုပြင်ပြောင်းလဲရန် လိုအပ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေဟာ ပုဂ္ဂိုလ်ရေးခင်မှ တရားမင်လေ့ရှိပါတယ်။ တပ်မတော်ကို နှစ်ပေါင်း ၅၀ ကျော် နွံနစ်နေရတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး နယ်ပယ်ထဲက ဆွဲထုတ်ပြီး ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် ပြောင်းလဲသွားဖို့ လိုပါတယ်။
မြန်မာလူမျိုးတွေရဲ့ ပင်ကိုစရိုက်က ခေါင်းဆောင်တွေအပေါ် မှီခိုအားထားပါတယ်။ သမိုင်းစဉ်မှာ လည်း ခေါင်းဆောင်ကောင်းရင် တိုင်းပြည် တိုးတက်ပါတယ်။ ခေါင်းဆောင်ညံ့ရင်တိုင်းပြည်ဆုတ်ယုတ်ပါတယ်။မြန်မာနိုင်ငံလို ပုဂ္ဂိုလ်ရေးကိုးကွယ်တဲ့ နိုင်ငံ၊ ခေါင်းဆောင်အပေါ် မှီခိုလွန်တဲ့နိုင်ငံမှာ ခိုင်မာတဲ့စနစ်၊ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုကသာ အာဏာရှင်စနစ်ကို ကာကွယ်ဟန့်တားနိုင် မှာ ဖြစ်ပါတယ်။ကျွန်တော်တို့ မျှော်မှန်းခဲ့တဲ့နိုင်ငံ၊ ကျွန်တော်တို့ ဖြစ်ချင်ခဲ့တဲ့ လူ့အဖွဲ့အစည်း ကျွန်တော်တို့မျိုးဆက် ညံ့ခဲ့ကြတယ်။ ကျွန်တော်တို့ ညံ့လို့ ကျွန်တော်တို့ရဲ့ နောက် မျိုးဆက်တွေ ခံစားနေရဆဲပဲလေ။ အစွန်းရောက်မှုတွေ၊ ခေါင်းဆောင်မှု မညီညွတ်မှုတွေရဲ့ကြားမှာ အာဏာရှင်စနစ်က ပန်းပန်သွားခဲ့တယ်။ ကျွန်တော်တို့ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီနိုင်ငံ၊ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုစစ်စစ် ဘာမှဖြစ်မလာခဲ့ဘူး။စစ်ဗိုလ်ချုပ်များကတော့ မြေကွက်များ၊ အိမ်ကြီးအိမ်ကောင်းများက မြို့တိုင်းလိုလိုတွင် ရှိကြပါတယ်။ သိန်း ထောင်သောင်းကျော်တန် မြေကွက်များ တစ်ကွက်ပြီးတစ်ကွက် ဝယ်နိုင်နေကြပါတယ်။ မည်သူကစစ်ဆေးပါသနည်း။ကားမှောင်ခိုမှု၊ လာဘ်စားမှု၊ အာဏာသုံး မတရားသိမ်းပိုက်မှု၊ ကိုယ်ကျိုးရှာ စီးပွားရေးသမားများနှင့် ပေါင်းကာ စီးပွားရှာမှု၊ မိန်းမပျက်များနှင့် ပျော်ပါးမှု၊ မိန်းမ ရှုပ်ထွေးမှု စသည့် မမြင်ဘူးသေးသော အမှုများ အမြောက်အများ ရှိပါဦးမည်။ ဂုဏ်သိက္ခာဟူသည် မရှိ။စစ်တပ်အကြီး အကဲများနှင့် ဝန်ကြီးများ ဤမျှ ချမ်းသာနေကြသည်ကိုတော့ စစ်ဆေးရန် မသိကျိုးကျွံ ပြုနေကြသည်။ ဥပဒေမရှိသယောင် မေ့ထားကြသည်။ အကြီးအကဲများကလည်း မိမိတို့ အမှားများ လုပ်မိနေကြတယ်၊ မတရားမှုများ လုပ်နေကြသည်ကို သိ၍ အမှန်တရား ထုတ်ဖော်သူများကို အတင်းအကြပ် လိုက်လံတားဆီး နှိပ်ကွပ်နေကြပါတယ်။သမ္မတ ဦးသိန်းစိန်က အာဏာပိုင်အဖွဲ့အစည်းများဖြစ်ကြ တဲ့  ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး များ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများရဲ့ ပိုင်ဆိုင်မှု ပစ္စည်းစာရင်းတွေကောက်ယူဖို့ ညွှန်ကြားချက်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့က မကျေမနပ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခင်ဝန်ကြီးများဖြစ်ကြတဲ့ ဦးအောင်သောင်းနဲ့ ဦးတင်ထွဋ်တို့လို စီးပွားရေး သောင်းကျန်းတဲ့ ၀န်ကြီးဟောင်းအချို့ရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကိုလည်း လက်ညှိုးထိုးပြကြပါတယ်။အဲ့ဒီ ပိုင်ဆိုင်မှုပစ္စည်းစာရင်းတွေကို ထုတ်ပြန်လိုက်မယ်ဆိုရင် ကြောက်ခမန်းလိလိ ချမ်းသာကြွယ်ဝမှုတွေ ကို တွေ့ရှိရမှာဖြစ်ပြီး ၀န်ကြီးတွေရဲ့လစာနဲ့ အနှစ် (၁၀၀) စုဆောင်းတဲ့တိုင် အဲ့ဒီ ငွေကြေးတွေ ပြည့်မီမှာ မဟုတ်ကြောင်း သိရှိရပါတယ်။ အမှန်တကယ်တော့ လွတ်လပ်မှုရှိပြီး လွှမ်းမိုးမှု မရှိတဲ့ သီးခြား အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသင့်ပြီး နိုင်ငံတော် မျက်နှာ တစ်ခုတည်းသာကြည့်ကာ ပြတ်ပြတ် သားသား ဆောင်ရွက်သင့် ပါတယ်။ န၀တ ကနေပြီး နအဖ ကို ပြောင်းတဲ့အချိန် နောက်ပိုင်း မှာမြန်မာနိုင်ငံမှာရှိတဲ့ သတ္တုနဲ့ ပက်သက်ပြီးတော့ ဖားကန့် တို့  မိုးကုတ်တို့ မှာတပ်မတော်ရဲ့  ဦးပိုင်ရဲ့  ကွပ်ကဲမှုအောက်ကို ရောက်ခဲ့ပါတယ်။ ပိုပြီး ဆိုးတာက ဂတ်စ် ပိုက်လိုင်းက ရတဲ့ပိုက်ဆံအားလုံးက တပ်မတော်၇ဲ့ ဦးပိုင်ကုမ္မဏီကို သွားပြီးတော့မှ၊ ဦးပိုင်ကုမ္မဏီက ခွဲဝေမျှပေးတဲ့ ပိုက်ဆံကိုသာနိုင်ငံတော်က ပြည်သူလူထုက ခံစားရတဲ့အနေအထားမျိုးတွေ ရှိခဲ့ပါတယ်။အဲဒီပိုက်ဆံတွေကိုလည်း တစ်ချိန်ကနေပြည်တော် ဆောက်တယ်၊ MIG 29၀ယ်တယ်၊ နောက် လှိုဏ်ခေါင်းတွေ တူးတယ်၊ နျူကလိယားစီမံကိန်းတွေလုပ်တယ်။ ဒီလို စစ်တပ် နဲ့ ပက်သက်ပြီးတော့ပိုက်ဆံတွေ သုံးတယ်။ ၀ယ်လို့ ရတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့  ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို တိုက်တယ်။ အဲတော့ အကျိုးမရှိတဲ့လုပ်ငန်းတွေကို ဦးပိုင်အနေနဲ့  အထောက်အကူပြုတဲ့ အနေအထားတွေဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၄၃ အရ မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမှ နောက်ကြောင်းပြန် သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရဟု ဖော်ပြထားပြီးပြဋ္ဌာန်းရန် ကြိုးစားမှုများသည် ယင်းဥပဒေပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်နေသလိုဖြစ်နေပါတယ်။အာဏာကို အလွဲသုံးစားပြုပြီး ဆောင်ရွက်ခဲ့တဲ့ သူတွေကို အရေးယူနိုင်ရန် ဥပဒေပြဋ္ဌာန်းဖို့ ကိစ္စကတော့ အဲဒီကာလက အာဏာကို အမှန်တကယ် အလွဲသုံးစား ပြုခဲ့ရင်တောင်မှ အဲဒီအချိန်က ရှိရင်းစွဲ ဥပဒေအရသာ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုကာလမှာ အရေးယူနိုင်ဖို့ ဥပဒေ တရပ်ပြဋ္ဌာန်းမယ် ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃ မှာပါတဲ့ မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းခွင့်မရှိစေရဆိုတဲ့ အချက်နဲ့ ဆန့်ကျင်မှာဖြစ်ပါတယ်၊ အဲဒီတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာပြည်သူလူထု၏အကျိုးစီးပွားကို စောင့်ရှောက်တဲ့ ဥပဒေ မဟုတ်ဘဲ နိုင်ငံတော်အကြီးအကဲများ၏ အကျိုးစီးပွားကို စောင့်ရှောက်သော ဥပဒေပင် ဖြစ်ပါတယ်။ အစိုးရက အနေနဲ့ clean government ဖြစ်အောင် စီးပွားရေးဆိုင်ရာ ၀န်ကြီးတွေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ၀န်ကြီးတွေကို စိစစ်ပါ။ ဆက်တာဝန်ပေးတာပဲဖြစ်ဖြစ်၊ တာဝန်အသစ်နဲ့ သူပဲဖြစ်ဖြစ်၊ သမ္မတ၊ ဒုသမ္မတနှစ်ဦးလိုပဲ သူတို့နဲ့ မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ကြေညာခိုင်းပါ။ သို့မဟုတ် သမ္မတထံ တင်ခိုင်းပါ။ လုပ်ငန်းရှင်တွေ ယူထားတဲ့ စိုက်ပျိုးမြေတွေ၊ မြေလွတ်တွေ ဘာမှအသုံးမချထားရင် ပြန်သိမ်းယူပါ။ အကောင်းဆုံးကုနိုင်တဲ့ ကုထုံးနဲ့ အမြန်ဆုံးကုသဖို့ လိုပါတယ်။ တကယ်လုပ်ချင်ရင် တကယ်လုပ်လို့ ရပါတယ်။အမှန်တကယ်ပြောင်းချင်ရင် အစိုးရအဖွဲ့အတွင်း ပြောင်းလဲပြီး လူသစ်စိတ်သစ်နဲ့ အလုပ်လုပ်ရင် တိုင်းပြည်တိုးတက်မှာ သေချာပါတယ်။ သမ္မတကြီးသာ လုပ်ရဲကိုင်ရဲရှိရင် မဖြစ်နိုင်စရာ မရှိပါဘူး။ ဒါပေမယ့် အစိုးရ အဖွဲ့အတွင်းမှာ အဂတိတရား လိုက်စားမှုတွေနဲ့ ပတ်သက်လို့ တကယ် အလုပ်လုပ်ဖို့ လိုနေပြီ ဆိုတာကတော့ အသေချာပါပဲ။ ဒီနေ့ အာဏာရတယ်။ အစိုးရအဖွဲ့ဝင်ဖြစ်တယ်။ လာဘ်မစားဘူး၊ အခွင့်အရေးကို လိုတာထက် ပိုမယူဘူး၊ သူ့အကြောင်း ဘာရေးရေး သူစိတ်ဆိုးစရာမရှိဘူး၊ နောက်နေ့ အစိုးရအဖွဲ့ဝင် မဖြစ်ရင်ကော၊ သူလုပ်ခဲ့တာတွေအတွက် လေးစားမှုတွေ ကျန်ခဲ့မယ်။ နိုင်ငံရေး နယ်ပယ်ထဲမှာ ဆက်လက်ရှင်သန်မယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကရော၊ အထူးအခွင့်အရေးတွေ မယူဘူး၊ အများနည်းတူ လုပ်ကိုင်မယ်။ အခွန်မရှောင်ဘူး။ သူ့ရဲ့လုပ်ငန်းတွေဟာ ပွင့်လင်းမြင်သာမှုရှိမယ်။ သတင်းမီဒီယာဆိုတာ သူ့အတွက် မနှစ်မြို့စရာ မဟုတ်ဘူး။ ဒီနေ့ အာဏာရတယ်။ နောက်နေ့ အာဏာမဲ့တယ်။ ဒါဟာ ဒီမိုကရေစီပါပဲ။ ကိုယ်ဘာမှ မဟုတ်တာ မလုပ်ထားရင် ဘာမှ လိပ်ပြာမလုံစရာ မရှိပါဘူး။ ကျွန်တော်တို့အားလုံး မျိုးချစ်ပြည်သူ့တပ်မတော်သားများ အင်အားကြီးနိုင်ငံရေးပါတီ ဒီမိုကရေစီ ဘက်တော်သားများ ပြည်တော်ပြန် ထောင်တော်ပြန်များ တိုင်းရင်းသားပါတီများနှင့် ဒီမိုကရေစီ စစ်စစ်ကိုလိုလားသော တိုင်းသူပြည်သားများအားလုံး စည်းလုံးညီညွတ်စွာဖြင့် အာဏာရှင်လူတစ်စုကို အမြစ်ပြတ်ခြေမှုန်းပြီး ပြည်သူတို့တွင်သာအာဏာရှိသော ဒီမိုကရေစီနိုင်ငံတော်သစ် ဆီသို့ချီတက်ကြပါစို့…..
ဇော်ဝမ်းမောင်

No comments:

Post a Comment