ကလေး၊ ဧပြီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အတွင်းရှိ ဓာတ်ဆီအရောင်းဆိုင် များကို
ဧပြီလ ၈ ရက်နေ့မှ စတင်ကာ ရောင်းချမှု ခွင့်မပြုတော့ကြောင်း အဆိုပါရောင်းချသူ
များထံမှ စုံစမ်းသိရှိရသည်။
"၆
ရက်နေ့မှာ အသံချဲ့စက်နဲ့ မြို့ထဲ လိုက်အော်တယ်။ ၇ ရက်နေ့မှာ မရောင်းရ
ဘူးဆိုတာ သိရှိကြောင်း ရပ်ကွက်ရုံးခေါ်ပြီး လက်မှတ် ထိုးခိုင်းတယ်။ ၈
ရက်နေ့က လိုက်လံစစ်ဆေးတယ်။ ရောင်းတာမိရင် ဒဏ်ငွေ ငါးသိန်း ပေးဆောင်ရမယ်တဲ့"
ဟု အောင်ဇေယျရပ်ကွက်တွင် ဓာတ်ဆီ ရောင်းချသူ ဦးဇော် ကပြောကြားသည်။
"ဒီတစ်မြို့တည်းလုပ်တာ မဟုတ်ပါဘူး။ တိုင်းဒေသကြီးရဲ့ ညွှန်ကြားချက်နဲ့
တစ်တိုင်းလုံးမှာ လုပ်ဆောင်တာပါ။ တခြား မြို့တွေလည်း လုပ်ပါတယ်" ဟု ခရိုင်
မီးသတ်ဦးစီးဌာနမှူး ဦးဌေးဝေက The Voice သို့ ဆိုသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဧပြီလ ၄ ရက်နေ့က ပင်လည်ဘူးမြို့သို့
ရောက်ရှိစဉ် ပူပြင်းခြောက်သွေ့ရာသီ အစတွင်ပင် မီးလောင်မှုများ ဆက်တိုက်ဖြစ်
ပွားနေခြင်းကြောင့် မြို့တွင်းတွင် ဓာတ်ဆီဆိုင်များ ရောင်းချခြင်းမပြုရန်
မှာကြားခဲ့ကြောင်း ဦးဌေးဝေက ဆက်လက် ပြောဆိုသည်။
"ကျွန်တော်တို့ဆိုင်ဆို တစ်ပိုင်တစ်နိုင်ထက် ပိုတယ်။ အလတ်စားလောက် ရှိမယ်။
ပီပါသုံးလုံးလှောင်ထားပြီး လည်ပတ်နေတာ။ တစ်ရက်ကို ပျမ်းမျှ
ကျပ်ငါးသောင်းဖိုးလောက် ရောင်းရတယ်။ မီးဘေးအန္တရာယ်ကြောင့် မရောင်းရဘူး
ဆိုပေမယ့် အခုလောလောဆယ် မှာတော့ ကျွန်တော်တို့လို ရောင်းချတဲ့သူတွေ
အလုပ်လက်မဲ့ ဖြစ်သွားတယ်" ဟု ဦးဇော်က ရှင်းပြ ပြောဆိုသည်။
လမ်းဘေးတွင် တစ်ပိုင်တစ်နိုင် ဓာတ်ဆီရောင်းချသူ အများစုမှာ ကွမ်းယာ
ဆိုင်များနှင့် တွဲဖက်ရောင်းချကြပြီး တစ်နေ့လျှင် ဓာတ်ဆီလေးဂါလန်ခန့်
ပျမ်းမျှရောင်းရကြောင်း၊ တစ်ဂါလန်လျှင် အမြတ် ၁၂၀၀ ကျပ်ခန့် ရရှိကြောင်း
အဆိုပါ ရောင်းချသူများထံမှ သိရပြီး ကလေးမြို့အတွင်း တစ်ပိုင် တစ်နိုင်
ဓာတ်ဆီရောင်းချသူ စုစုပေါင်း ၂၀၀ ခန့်ရှိကြောင်း ကလေးခရိုင် မီးသတ်
ဦးစီးဌာနထံမှ သိရသည်။
"မြို့ပြင်မှာရှိတဲ့ ဆိုင်တွေကို သွားပြီး
ထည့်နေရတယ်။ ကျွန်တော်တို့လို လမ်းဆုံနားမှာ နေတဲ့သူက အကြောင်းမဟုတ်ဘူး။
မြို့ပြင်နဲ့က တစ်မိုင်လောက်ပဲ ဝေးတာ။ တခြား သုံးလေးမိုင်လောက် ဝေးတဲ့ဆီက
သူတွေကျတော့ အမြဲတမ်းမြို့ပြင် သွားထည့်နိုင်မလား" ဟု ကလေးမြို့ခံ
ဦးဝင်းမိုးက သူ့ အမြင်ကို သုံးသပ်ပြောဆိုသည်။
ကလေးဝမြို့ပေါ်တွင် ဧပြီလ ၈ ရက် နေ့ ညနေပိုင်းထိ လမ်းဘေးဓာတ်ဆီဆိုင် များ ရောင်းချမှုရှိသေးကြောင်း ကလေးဝ မြို့ခံတစ်ဦးက ဆိုသည်။
"အချိန်ကာလသတ်မှတ်ချက် မရှိပါဘူး။ ဘယ်နေ့မှာ ပြန်ရောင်းရမယ် ဆိုတာ
မပြောနိုင်သေးပါဘူး။ အဓိကက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တဲ့ အနေနဲ့
လုပ်ရတာပါ" ဟု ဦးဌေးဝေက ပြောဆိုသည်။
ကလေးခရိုင်၌ ယခုနှစ်အတွင်း
မီးလောင်မှုပေါင်း ရှစ်ကြိမ်ရှိပြီး ပျက်စီး ဆုံးရှုံးမှု တန်ဖိုးမှာ
ကျပ်သိန်းပေါင်း နှစ်ထောင်ကျော်ခန့် ရှိကြောင်း ခရိုင် မီးသတ်ဦးစီးဌာန
ထံမှ သိရသည်။
No comments:
Post a Comment