နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံဝန်ကြီးချုပ် H.E. Mr. Jens Stoltenberg နှင့်တွေ့ဆုံဆွေးနွေး
=======================================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
ဖေဖော်ဝါရီ (၂၆) ရက် ညနေ(၃) နာရီတွင် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ
အစိုးရ ဧည့်ဂေဟာ၌ နော်ဝေနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Jens Stoltenberg
နှင့်တွေ့ဆုံ ဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံပွဲသို့
နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊
ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်နှင့် ဦးစိုးသိန်း၊
ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက -
- မိမိ၏ ဥရောပခရီးစဉ်တွင် နော်ဝေနိုင်ငံကို မိမိ ပထမဆုံး
လာရောက်လည်ပတ်သည့် ဥရောပနိုင်ငံအဖြစ် လာရောက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ စတင်ချိန်တွင် နော်ဝေနိုင်ငံမှ
ပြည်သူများနှင့် အစိုးရတို့၏ ကူညီပံ့ပိုးခဲ့မှုများကို မိမိတို့အစိုးရနှင့်
ပြည်သူများက အသိအမှတ်ပြု ကျေးဇူးတင်သည့် အနေဖြင့် လာရောက်ခဲ့ခြင်း
ဖြစ်ပါကြောင်း၊
- အဆွေတော်ဝန်ကြီးချုပ်၏ ယမန်နှစ်က
မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်သည် အချိန်ကာလ တိုတောင်းသော်လည်း
နှစ်နိုင်ငံဆက်ဆံရေးတွင် သမိုင်းဝင်မည့် အရေးကြီးသည့် မှတ်တိုင်
တစ်ခုဖြစ်ပါကြောင်း၊
- မြန်မာနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ၏
ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်နေသည့် ကမ္ဘာ့ဘဏ်
အပါအဝင် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများထံမှ အတိုးနှုန်း သက်သာသော
ချေးငွေများ၊ အထောက်အပံ့များ မရရှိမှုကို ဖြေရှင်းရန်အတွက် ပဲရစ်ကလပ်
အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးရာတွင် နော်ဝေနိုင်ငံ၏ အကူအညီ
ပေးခဲ့မှုသည် အရေးကြီးပါကြောင်း။
-နော်ဝေနိုင်ငံမှ
မြန်မာနိုင်ငံအပေါ် တင်ရှိနေသည့် ကြွေးမြီများကို လုံးဝ ဖျက်သိမ်း
ပေးခဲ့ခြင်းသည် ကျန်အဖွဲ့ဝင်နိုင်ငံများက မိမိတို့နိုင်ငံအပေါ်
ကျန်ရှိနေသည့် ကြွေးမြီများ လျှော့ပေါ့ပေးရာတွင် များစွာအထောက်အကူ
ဖြစ်စေပါကြောင်း၊
- မိမိတို့ ဆောင်ရွက်နေသော နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ စီးပွားရေး
ပြုပြင်ပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင်
နော်ဝေနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊
-
မြန်မာနိုင်ငံအနေဖြင့် နော်ဝေနိုင်ငံ၏ သယံဇာတ အရင်းအမြစ်များကို
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ စီမံခန့်ခွဲခဲ့သည့်
အတွေ့အကြုံများကို လေ့လာပြီး အသုံးချလိုပါကြောင်း၊
-
မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နှင့်
နည်းပညာကဏ္ဍများတွင် နော်ဝေကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံရန်
ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့အတူ နော်ဝေနိုင်ငံဝန်ကြီးချုပ်ကလည်း-
- မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်များ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့်
ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များတွင် နော်ဝေနိုင်ငံမှ ဆက်လက်
ကူညီပေးသွားမည် ဖြစ်ပါကြောင်း၊
- မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
- မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန်အတွက် မိမိတို့၏
အတွေ့အကြုံများကို ဖလှယ်သွားမည် ဖြစ်ပါကြောင်း၊
-
ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့အတွင်းရှိ ပဋိပက္ခများကို ဖြေရှင်းရန်
ကူညီ ဆောင်ရွက်ပေးမည် ဖြစ်သကဲ့သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ
များကိုလည်း ပိုမိုပေးအပ်သွားမည် ဖြစ်ပါကြောင်း၊
-
နော်ဝေကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် လူမှုရေး၊ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ယူမှုများဖြင့် ရင်းနှီးမြှုပ်နှံရန်
ဆန္ဒရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲ
အပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို
ကျင်းပ၍ တွေ့ဆုံဆွေးနွေးခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏
မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား
နော်ဝေနိုင်ငံဝန်ကြီးချုပ်က အော်စလိုမြို့ရှိ သမိုင်းဝင် Akershus ရဲတိုက်၌
ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
(ပူးတွဲသတင်းစာရှင်းလင်းပွဲ အပြည့်အစုံကို MRTV နှင့် Sky Net, Up-to-Date တို့မှ ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။)
-----------------------------------------------------------------------
Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/02/27/id-2754
No comments:
Post a Comment