မြန်မာနိုင်ငံသို့ တရားဝင်ခိုလှုံခွင့် တောင်းခံထားသည့်
ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှ ရခိုင်မျိုးနွယ်စုအိမ်ထောင်စု ၄၄ စုကို
မြန်မာအစိုးရဘက်က တရားဝင် ခိုလှုံခွင့်ပြုလိုက်ပြီဖြစ်ကြောင်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။
အဆိုပါ ခိုလှုံခွင့်
တောင်းခံခဲ့သူများကို ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်အတွင်းရှိ
တိုင်းရင်းသားကျေးရွာ များတွင် နေရာချထားပေးမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင်
လောင်းဒုံကျေးရွာအနီးနှင့် ခရေမြိုင်ကျေးရွာ တွင် နေရာချထားကြောင်းလည်း
သိရသည်။မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းခိုလှုံလာကြသည့်သူများမှာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနှင့် ကော့ဘဇားခရိုင်အတွင်း
နေထိုင်ခဲ့သည့် ရခိုင်မျိုးနွယ်စု များဖြစ်ကြောင်းလည်း သိရသည်။
ပြောင်းရွှေ့ခိုလှုံလာသူများမှာ ဘင်္ဂလားဒေ့ရှ့်နိုင်ငံအတွင်း
၎င်းတို့နေထိုင်ရာဒေသတွင် အကြမ်းဖက်မှု အန္တရာယ်ကြောင့်
ထွက်ပြေးခိုလှုံလာကြသူများ ဖြစ်ကြောင်း အဆိုပါ မိသားစုများကို ကူညီခဲ့ သူ
မောင်တောမြို့ ခံတစ်ဦးက ပြောသည်။
''ကျွန်တော်တို့ဒီမှာ ၀င်နေတာ ၂
လကြာသူရှိသလို ၁ လကြာသူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ကို
ခရေမြိုင်ကျေးရွာမှာ လောလောဆယ် နေရာပေးထားပါတယ်။ အိမ်ပေးတယ်။
စားဖို့ဆန်ပေးတယ်။ သုံးဖို့လည်း ငွေပေးပါတယ်။ ခရေမြိုင်မှာ မိသားစု ၃၇ စု
နေထိုင်ခွင့်ပေးထားပါတယ်။ကျန်တဲ့ မိသားစုတွေကို လောင်းဒုံ၊တောင်ပြို၊သာစည်
ရွာတွေမှာ နေထိုင်ခွင့် ပေးထားပါတယ်။ အားလုံး ဒီကိုရောက်နေတာကတော့ မိသားစု
၆၀ ကျော် ရှိနေပါပြီ။ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်ဖက်ကနေ ၀င်လာရတာကတော့
အဲဒီမှာ လုံခြုံမှုမရှိလို့ ၊အသက်အန္တရာယ်ကို စိုးရိမ်ရလို့ ဖြစ်ပါတယ်။
ကျွန်တော်ဆိုရင် ဖလောင်းချိတ်က ဖြစ်ပါတယ်။ ဆံပင်ဝယ်ရောင်းလုပ်ပါတယ်။ နယ်ကို
ဆင်းဝယ်တုန်းက ကုလားတွေ လုလို့ ငွေတွေဆုံးရှုံး ဘ၀ပျက်ခဲ့ရပါတယ်။အဲဒီမှာ
မြန်မာတိုင်းရင်းသားတွေရဲ့ ဘ၀ဟာ ဆိုးရွားလာပါတယ်'' ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဖလောင်းချိတ်မှ မြန်မာနိုင်ငံသို့ ၀င်ရောက်လာသူ ခရေမြိုင်ကျေးရွာမှ
ဦးမောင်မောင်လှက ပြောသည်။
လက်ရှိ ၀င်ရောက်လာသည့် မိသားစုများမှာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပင်းဝါမရှက်ချောင်း ဒေသမှများပြီး
လမား၊အလယ်ခေါ်တော်၊ရွာတော်၊ဒေသမှ မရာမာကြီး လူမျိုးများဖြစ်ကြောင်းလည်း
သိရသည်။
''နောက်ဝင်လာဖို့လည်း ရှိသေးတယ်။ ရွာတော်အထက်တန်းဆိပ်ကနေ
အိမ်ခြေ ၂၀၀ ၊နောက်တောင်ပေါ်ဒေသဖြစ်တဲ့ မော်တုတ်ကြီး၊မော်တုတ်ချေ ဒေသကနေ
အိမ်ခြေ ၁၇၀ ၀င်လာဖို့ရှိ နေပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့
ကျွန်တော်တို့ကို မောင်းထုတ်တာလည်း မရှိဘူး၊ကျွန်တော်တို့ဒီကို
ထွက်လာတာကိုလည်း အသိမပေးခဲ့ပါဘူး။ဒါပေမယ့် ကျွန်တော်တို့ သားသမီးတွေရဲ့
ဘ၀လုံခြုံဖို့ စဉ်းစားပြီး ၀င်လာရတာပါ။ မြန်မာအစိုးရက အခုလိုလက်ခံတဲ့အတွက်
ဝမ်းသာပါတယ်။ အခုပြောထားတဲ့အတိုင်း လယ်နှစ်ဧကစီ ပေးမယ်ဆိုရင်တော့
နောက်ထပ်ဝင်လာဖို့ အများကြီးရှိနေပါသေးတယ်'' ဟု ဦးမောင်မောင်လှက ပြောသည်။
နောက်ဆုံးဝင်ရောက်ပြီး ခိုလှုံခွင့် တောင်းခံခဲ့သူများမှာ ၂၀၁၂ ခုနှစ်
ဒီဇင်ဘာလ ၂၁ နေ့က မောင်တောမြို့သို့ရောက်ရှိခဲ့ပြီး ဘင်္ဂလာဒေ့ရှိနိုင်ငံ
စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် ခရိုင်မှ စုစုပေါင်းလူဦးရေ ၅၂ ဦး
ပါဝင်သည့် ဗုဒ္ဓဘာသာမိသားစု (၁၄) စု ဖြစ်ကြောင်းလည်း သိရသည်။၎င်းတို့မှာ
ဘင်္ဂလာဒေ့ရှိနယ်စပ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှ
ဝင်ရောက်လာ ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၀င်ရောက်လာသူများနှင့် ပတ်သက်ပြီး
နိုင်ငံတော်အဆင့်ထိ တင်ပြထား ခဲ့ပြီး နိုင်ငံတော်မှ ၂၀၁၃ ခုနှစ်
ဇန်န၀ါရီလအတွင်းက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်မှာရှိနေသည့် တိုင်းရင်းသားများကို
ပြည်တွင်းသို့ ခိုလှုံခွင့် လျောက်ထား လာပါက ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့်
မောင်တောမြို့နယ်အတွင်းမှာ နေထိုင်စရာ အိမ်နှင့် လုပ်ကိုင်စားသောက်ရန်
လယ် ၂ ဧကစီကို အစိုးရအစီအစဉ်ဖြင့် အခမဲ့ ထုတ်ပေးသွားမည်ဖြစ်ကြောင်း လည်း
သိရသည်။
''ဘင်္ဂလားဒေ့ရှ်ဘက်က ၀င်လာတဲ့ အိမ်ထောင်စု ၄၄ စုကို
နေစရာအိမ်တွေ ပေးထားတယ်။ တိုင်းရင်းသားတွေဆိုရင် လက်ခံမယ် ။ နေစရာနဲ့
လုပ်ကိုင်စားသောက်ဖို့ပေးမယ်။ ရန်ကုန်ကဆိုရင်လည်း လက်ခံမယ်။မောင်တောမှာ
ထားမယ်'' ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့်
မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။
No comments:
Post a Comment