Saturday, 02 February 2013 12:29
တောင်ကိုရီးယား ၀န်ကြီးချုပ်အဖြစ် လျာထားခံခဲ့ရသော ကင်ယောင်ဂျွန်သည်
မိသားစုချမ်းသာ ကြွယ်ဝမှုအပေါ် သံသယရှိခံရမှုအတွက် ယင်းလျာထားစာရင်းမှ
နုတ်ထွက်ခဲ့ရကြောင်း သိရသည်။
သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရန် လိုအပ်သည်ဟု တောင်ကိုရီးယားသမ္မတအဖြစ်
ရွေးချယ်ခံထားရသော ပက်ကွမ်ဟီးက ဇန်န၀ါရီလ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
အခြေခံဥပဒေ တရားရုံးအကြီးအကဲဟောင်းနှင့် ပက်ကွမ်ဟီး၏ အသွင်ကူးပြောင်းရေး
ကော်မတီ လက်ရှိဥက္ကဋ္ဌဖြစ်သူ အသက် ၇၄ နှစ်ရှိ ကင်ယောင်ဂျွန်သည် ဇန်န၀ါရီလ ၂၉
ရက်တွင် နုတ်ထွက်ခဲ့မှုက ပက်ကွမ်ဟီးအတွက် ထိုးနှက်ချက်ဖြစ် ခဲ့သည်။
ကင်ယောင်ဂျွန်သည် ၁၉၇၀ ပြည့်နှစ်နှင့် ၁၉၈၀ ပြည့်နှစ်များတွင်
ကျင့်ဝတ်နှင့်မညီသော အိမ်ခြံမြေ အရောင်းအ၀ယ်များ ပြုလုပ်ခဲ့မှုများမှ
အကျိုးအမြတ်များ ရရှိခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သလို
သူ၏သားနှစ်ဦးမှာလည်း စစ်မှုထမ်းခွင့်မှ ကင်းလွတ်ခွင့် ရမှုအပေါ်လည်း
မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
ပြည်သူများအတွက် စိုးရိမ်ကြောင့်ကြမှု
ဖြစ်စေပြီး သမ္မတအဖြစ် ရွေးချယ်ခံရသူ ပက်ကွမ်ဟီး ကို
ပြဿနာဖြစ်စေခဲ့သည့်အတွက် ယင်းလျာထားစာရင်းမှ နုတ်ထွက်ရန်
ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကင်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ရာထူးမှ ထွက်ခွာတော့မည့် လီမြောင်ဘတ်က အကျင့်ပျက် ခြစားမှုစွဲချက်များဖြင့်
ထောင်ကျနေသော သူ၏ မိတ်ဆွေအချို့နှင့် လက်ထောက်အချို့တို့ကို ပြစ်ဒဏ်မှ
ကင်းလွတ်ခွင့်ပေးသည့် အငြင်းပွားဖွယ်အမိန့်ကို ပြီးခဲ့သော ရက်ပိုင်းအတွင်း
ထုတ်ပြန်ပေးခဲ့မှုအပေါ် ပက်ကွမ်ဟီးက ဝေဖန်မှုများပြုလုပ်နေရာ ကင်၏ နုတ်ထွက် မှုက
ပက်ကွမ်ဟီးအတွက် ထိုးနှက်ချက်ဖြစ်ခဲ့သည်။
အစိုးရအဖွဲ့ အကြီးတန်း
တာဝန်ရှိသူများနှင့် ဆွေမျိုးများ ပါဝင်နေသော အစိုးရအဖွဲ့တွင်း
အမြစ်တွယ်နေသည့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သွားမည်ဟု ပက်ကွမ်ဟီးက
ကတိပြုခဲ့သည်။
Ref:AFP
Credit to :Eleven Media Group
No comments:
Post a Comment