Monday, February 11, 2013

“နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်မည်”

မန္တလေး၊ ဖေဖော်ဝါရီ ၁၀
မန်းတိုင်းဒေသကြီးအတွင်း နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အမေရိကန် ကုမ္မဏီတစ်ခုဖြစ်သည့် ACO Investment Group၊ Great Chance Co Ltd နှင့် ပြီးခဲ့သည့် သောကြာနေ့က မန်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် MoU ထိုးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
မြင်းခြံ ခရိုင် နွားကူးအိုင် ကျေးရွာအနီးတွင် မြေလွတ်မြေရိုင်း ဧက တစ်ထောင်ပေါ်တွင် ဆိုလာစနစ်ကို တည်ဆောက် မည်ဖြစ်ပြီး မြေလေးဧကလျှင် ၁ မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်ပြီး အဆိုပါနေရာတွင် ၂၅၀မဂ္ဂါဝပ် ထွက်ရှိမှာဖြစ်ကြောင်း အခြားတစ်နေရာတွင်ဆိုလာစံနစ်ဖြင့်ပင် ၂၅၀မဂ္ဂါဝပ် ထွက်ရှိအောင်လုပ်ဆောင် သွားဖို့ရှိကြောင်း စလုပ်သည့် အချိန်မှ စ၍ ၆လမှ ၉လအတွင်း လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ရရှိ မှာဖြစ်ကြောင်း မန်းတိုင်းဒေသကြီး လျှပ် စစ်၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီး ဒေါက်တာမြင့်ကြူ က ပြောသည်။
အဆိုပါနေရောင်ခြည်စွမ်းအင်သုံးစံနစ် တည်ဆောင်ပြီးစီးပါက မန္တလေးတိုင်းဒေသကြီးတစ်ခုလုံး အား နေ့ခင်းပိုင်းတွင် ဆိုလာစံနစ်နှင့် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး ညပိုင်းတွင် ဟိုက်ဒရိုပါဝါ စံနစ်နှင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ထပ်လောင်းပြောကြားသည်။
“လျှပ်စစ်ဓာတ်အား ပိုမိုရရှိဖို့ ဒီစံနစ်ကို အကောင်အထည်ဖော်တာပါ။ အခုလက်ရှိရေအားလျှပ်စစ်ပေး တာပါ။ မန္တလေးတိုင်းဒေသကြီးမှာက မဂ္ဂါဝပ် ၃၀၀နဲ့ ၃၅၀ကြားမှာ လိုအပ်တာ။ အခုလည်း ၃၀၀ မဂ္ဂါဝပ် လောက် အထိ ပေးနိုင်တယ်။ လူတွေ အလုပ်သိပ်မလုပ်တဲ့ အချိန်မှာ ခဏပျက်တာမျိုးတွေတော့ ရှိ ပါတယ်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းက ရေကို ဇွန်လအထိ ရှိအောင်ထိန်းထားရတာမျိုးကြောင့်ပါ” ဟု ၀န်ကြီး ကပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် နေစွမ်းအားမှာ တစ်နှစ်ပတ်လုံး ရရှိနေသဖြင့် နိုင်ငံခြားကုမ္မဏီများ မှာ နေရောင်ခြည်စွမ်းအင် နှင့် လျှပ်စစ်စွမ်းအင်ထုတ်ရန် အများဆုံးစိတ်ဝင်စားကြောင်း ကျောက်ဆည်၊ ၀မ်းတွင်း၊ မိတ္ထီလာ နှင့် မြင်းခြံကြားမြေလွတ်မြေရိုင်းများပေါ်တွင် အဆိုပါစံနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူရန် အစီ စဉ်များ ရေးဆွဲနေပြီး စုစုပေါင်း လေးနေရာ လျှပ်စစ်ဓာတ်အားထုတ်ယူမည်ဖြစ်ကာ လျှပ်စစ်ဓာတ် အား မဂ္ဂါဝပ် တစ်ထောင် ထုတ်ယူနိုင်ရန်လျာထားထားကြောင်း မန်းလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တခြားစီ မံကိန်းများတည်ဆောက်ရန်ရှိတာကြောင့် မဂ်ဂါဝပ် ၅၀၀အထိ လိုအပ်လာမည်ဖြစ်ပြီး ပိုသည့် မဂ်ဂါဝပ် ၅၀၀ အား တခြားပြည်နယ်နှင့်တိုင်းများသို့ ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။
အဆိုပါနေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုမှာ ၁ မဂ္ဂါဝပ်လျှင် အမေရိကန်ဒေါ်လာ ၂သန်း ခန့် ကုန်ကျသောကြောင့် ရေအားလျှပ်စစ်ထက် ကုန်ကျစရိတ်ပိုမိုများပြားသော်လည်း တည်ဆောက်စရိတ်သာ ကုန် ကျပြီး ရေရှည်မှာ ကုန်ကျမှုမရှိတော့ကြောင်း အမေရိကန်ကန်ကုမ္မဏီမှ လာရောက်ကာ တည် ဆောက်ထုတ် ယူမည်ဖြစ် ပြီး ၂၅နှစ်အထိ ထိုက်သင့်သည့် အခကြေးငွေပေးကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ပြန်လည်ဝယ်ယူ ဖြန့် ဖြူးပေးသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောပါသေးသည်။
ဖိုးလပြည့်
ACM Re-post Time: 2013 Feb 11 8:55
News from: Popular Myanmar News Journal

No comments:

Post a Comment