Saturday, February 2, 2013

ကမ္ဘာ့ဘဏ်မှ အကြီးတန်း ကိုယ်စားလှယ်များ မြန်မာနိုင်ငံ သမ္မတနှင့် လာရောက်တွေ့ဆုံ

နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC မှ CEO နှင့် အမှုဆောင် ဒုတိယဥက္ကဋ္ဌတို့ ဦးဆောင်သည့် ကမ္ဘာ့ဘဏ်မှ အကြီးတန်း ကိုယ်စားလှယ်များ မြန်မာနိုင်ငံ သမ္မတနှင့် လာရောက်တွေ့ဆုံရန် ရောက်ရှိနေ သည်ဟု သတင်းရရှိသည်။

၎င်းကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ အခြားဝန်ကြီးများ၊ ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးရေးဆောင်ရွက်သည့် မိတ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ ဆုံရန်စီစဉ်ထားသည်ဟု သိရသည်။

ထိုသို့တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် ထိခိုက်မှုအရှိဆုံး ပြည်သူများ၏ ဘ၀ တိုးတက်စေရန်နှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် ကမ္ဘာ့ဘဏ်အဖွဲ့က မည်ကဲ့သို့ ကူညီနိုင်မည်ကို ဆွေးနွေးသွားမည်ဟု ဆိုသည်။

အဆိုပါခရီးစဉ်မှာ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံအပေါ် ပေးအပ်မည့် ငွေကြေးနှင့် နည်းပညာ ထောက်ပံ့ရေး အစီအစဉ်အတွက် လာရောက်ခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်အဖွဲ့ဝင် IFC (International Finance Corporation) က မြန်မာနိုင်ငံသား နှစ်သိန်းခန့် ကို ငွေထုတ်ချေးနိုင် မည့် အသေးစားငွေရေးကြေးရေး လုပ်ငန်းအဖွဲ့အစည်း ထူထောင်ကာ ရင်းနှီးမြှုပ်နှံမည် ဟု ဇန်န၀ါရီ ၂၃ ရက်တွင် ကြေညာထားသည်။

နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC မှ ပညာရှင်များက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ခန့် လိုအပ်မည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ အသေးစား ငွေရေးကြေးရေး လုပ်ငန်းတွင် လက်ရှိ လည်ပတ်နေသော ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၃ သန်းခန့်သာ ရှိနေသည်။

Ref: Eleven Media Group

No comments:

Post a Comment