Wednesday, January 23, 2013

အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေကို သမ္မတ လက်မှတ်ထိုး


ရန်ကုန်၊ ဇန်နဝါရီ ၂၂

ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင် ဟု မှတ်ချက် ပြုခဲ့သော်လည်း လွှတ်တော် ကိုယ်စား လှယ် အများစု၏ သဘော ဆန္ဒကို လေးစား သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတက ဇန်နဝါရီလ၂၂ရက်နေ့တွင်အတည်ပြုလက်မှတ် ရေးထို ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးကထုတ်ပြန် သည်။

"နောင်လာမယ့် ခုံရုံးမှာ ဥပဒေ က ဖွဲ့စည်းပုံ နဲ့ ညီ၊ မညီ ဆိုတာကို ပြန်သုံးသပ် နိုင်တယ်" ဟု သီပေါ မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

အဆိုပါ ဥပဒေတွင် အခြေခံ ဥပဒေ ခုံရုံး အဖွဲ့ဝင် များသည် ရွေးကောက်တင်မြှောက် ပေးသူ များ ဖြစ်သော နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တို့ထံ အစီရင်ခံ ရမည်ဟု ဥပဒေ ကြမ်းတွင် ပါရှိပြီး နိုင်ငံတော် သမ္မတ က ယင်းအချက်သည် လွတ်လပ်သော တရား စီရင်ရေး စနစ်ကို ထိခိုက် စေနိုင်ကြောင်း မှတ်ချက် ပြုထားသည်။

ပြည်ထောင်စု လွှတ်တော်နှင့် အခြားသော လွှတ်တော် အသီးသီးမှ ပြဋ္ဌာန်း ထားချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင် နေလျှင် ဖွဲ့စည်းပုံ အတိုင်း လိုက်နာ ရမည်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန် သည်။

ယင်း ဥပဒေ ကြမ်းသည် အာဏာသုံးရပ် ပိုင်းခြား ကျင့်သုံး ခြင်းကို ထိခိုက် စေနိုင်သည် ဆိုသော နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်ကို ဆဌမ အကြိမ် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် ဇန်နဝါရီလ ၁၅ရက်နေ့က မဲခွဲ ဆုံးဖြတ်ခဲ့ရာ လွှတ်တော်အများစု၏ ဆန္ဒနှင့် အညီ ဥပဒေ ကြမ်းကို အတည် ပြုလိုက်သဖြင့် နိုင်ငံတော် သမ္မတ၏ မှတ်ချက် ရှုံးနိမ့် ခဲ့သည်။

No comments:

Post a Comment