Thursday, January 10, 2013

နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီ ၉ ရက် ရက်စွဲဖြင့် ကော်မတီငါးခု ထပ်မံဖွဲ့စည်း

နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီ ၉ ရက် ရက်စွဲဖြင့် ကော်မတီငါးခု ထပ်မံဖွဲ့စည်းကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားသည်။

နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွားရေး တိုးတက်မှုများအတွက် အရေးပါသော အသေးစားနှင့် အလတ်စား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အကောင်အထည်ဖော်မည်ဟုဆိုသော "အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ"နှင့် "အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ" တို့ကိုဖွဲ့စည်းလိုက်ပြီး ဗဟိုကော်မတီဥက္ကဋ္ဌမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဖြစ်ကာ ကော်မတီဝင်စုစုပေါင်း ၂၇ ဦးပါဝင်သည်။ လုပ်ငန်းကော်မတီဥက္ကဋ္ဌမှာ ဒုတိယသမ္မတ-၂ ဦးဥာဏ်ထွန်းဖြစ်ပြီး၊ ကော်မတီဝင်စုစုပေါင်း ၁၅ ဦးပါဝင်သည်။

စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် "အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီ(National Energy Management Committee)"နှင့် "စွမ်းအင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ(Energy Management Committee)"တို့ကိုဖွဲ့စည်းလိုက်ပြီး အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှာ ဒုတိယသမ္မတ-၂ ဦးဥာဏ်ထွန်းဖြစ်ကာ၊ ကော်မတီဝင်စုစုပေါင်း ၁၄ ဦး ပါဝင်သည်။ စွမ်းအင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌမှာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်ပြီး၊ ကော်မတီဝင်စုစုပေါင်း ၁၄ ဦး ပါဝင်သည်။ ရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေများ သတ်မှတ်၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ခြင်းနှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် "မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုကော်မတီ"ကို ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌမှာ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်ပြီး ကော်မတီဝင်စုစုပေါင်း ၃၁ ဦး ပါဝင်သည်။

နိုင်ငံတော်သမ္မတက ဇန်န၀ါရီ ၈ ရက် ရက်စွဲဖြင့်လည်း လာဘ်ပေးလာဘ်ယူမှုအရေးယူဆောင်ရွက်ရေးကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် နှစ်ရက်အတွင်း ကော်မတီစုစုပေါင်း ၆ ခု ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment