Saturday, November 9, 2013

မြန်မာမွတ်စလင်တွေအပေါ် အယုံအကြည်မဲ့စေတဲ့ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်

 ဘန်ကောက်ပို့စ်။      ။ နောက်ဆုံးမှာတော့ မြန်မာ့ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီခေါင်းဆောင်ဟာ အစွန်းရောက်မြန်မာအမျိုးသားရေးဝါဒီ တွေဘက်က ကာကွယ်ပြောဆိုရင်း တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ အပေါ်မှာ သူမရဲ့ နှုတ်ဆိတ်နေမှုကို အဆုံးသတ် လိုက်ပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘီဘီစီ အင်တာဗျူး ဗီဒီယိုမှတ်တမ်းကို ကြည့်ပြီး များစွာသော နိုင်ငံ တကာက စောင့်ကြည့်လေ့လာသူတွေ အံ့သြတုန်လှုပ် ခဲ့ရသလို မြန်မာမွတ်စလင် လူ့အဖွဲ့ အစည်းတွေရဲ့ မျှော်လင့်ချက်တွေလည်း ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိနေတဲ့ ဗုဒ္ဓဘာသာအစွန်းရောက်တွေရဲ့ အသံကို ပဲ့တင်ထပ် ပေးနေသလိုရှိတဲ့ သူ့ရဲ့မှတ်ချက်မှာ ပြည်သူလူထုတစ်ရပ်လုံး ကြောက်ရွံ့နေရုံတင်မကဘူး စိုးရိမ်မကင်းတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်နေတယ်ဆိုပဲ။ မြန်မာ့မြေက နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ကတောင် ဒီလိုမျိုး မြန်မာ မွတ်စလင်တွေအပေါ်မှာ အစွန်းရောက်တဲ့အမြင်တွေရှိနေရင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ သဘောတရား တွေခေါင်းပါးတဲ့ ဗိုလ်ချုပ်ကြီးတွေဆီက ဘယ်လိုမျိုး မျှော်လင့်ချက်ထားနိုင်တော့မှာလဲ။ အင်တာဗျူးမှာ ဒေါ်စုရဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ရှင်းပြပုံက ဗုဒ္ဓဘာသာ လူများစုကြီးဟာ ကြောက်ရွံ့နေရတဲ့အတွက် လူနည်းစုမြန်မာမွတ်စလင်တွေကပဲ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ် နေသလို ပြစ်တင်ပြောဆိုသွားတာ လည်း တွေ့ရပါတယ်။ သူ့ အယူအဆကို အထောက်အထားပေးတဲ့အနေနဲ့ “ကမ္ဘာ့မွတ်စလင် အင်အားကို သိတယ်မလား”ဆိုတဲ့ အသုံးအနှုံးကို ပြောပြီး မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုနဲ့ ညီမျှခြင်းချဖို့ ကြိုးစားရင်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အစွန်းရောက်ဗုဒ္ဓဘာသာဂိုဏ်း ၉၆၉ ရဲ့ ကြီးထွားလာတဲ့ ခြိမ်းခြောက်မှုတွေကိုတော့ ဖုံးဖုံးဖိဖိ ပြောဆိုသွားပါတယ်။ “ကမ္ဘာ့မွတ်စလင်ပါဝါ” ကို ကြောက်နေရလို့ မြန်မာပြည်မှာ အစ္စလာမ်ကြောက်ရွံ့မှု ရောဂါဆိုးကြီး အမြစ်တွယ် လာရတယ်ဆိုတဲ့ ပုံစံမျိုး တံဆိပ်ကပ်လိုက်တာကတော့ဖြင့် အစွန်းရောက်ဗုဒ္ဓဘာသာဝင်တွေကို ထပ်မံမွေးထုတ် ပေးလိုက် ရုံတင်မကဘူး တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး သမိုင်းအမှန်ကို ပုံပျက်ပန်းပျက်ဖြစ်အောင် ဖန်တီး လိုက်တာပါပဲ။ မြန်မာနိုင်ငံရဲ့ ခန့်မှန်းခြေလူဦးရေ သန်း ၆၀ မှာမှ မွတ်စလင်က ၄ ရာခိုင်နှုန်းလောက်ပဲရှိတာပါ။ ရှိတဲ့လူတွေ ကလည်း အစွန်းရောက်မွတ်စလင်တွေ မဟုတ်ကြပါဘူး။ နိစ္စ၀ူဓ စားဝတ်နေရေးအတွက်ပဲ လုံးပမ်းနေကြရ သူတွေပါ။ သာသနာပြုဖို့လည်း အချိန်မရကြပါ။ တကယ်တော့ ဘာသာတရားက မြန်မာသမိုင်းမှာ ဖယ်ချန်ထားလို့မရတဲ့ သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံကနေ ဖဲ့ထုတ်လို့မရဘူးလို့ ခံယူထားကြတဲ့ မြန်မာမွတ်စလင်တွေအတွက် ခွဲခြားဆက်ဆံမှု ပြဿနာတစ်ရပ်အဖြစ် ဘယ်တုန်းကမှ မသက်ရောက်ခဲ့ပါဘူး။ ဒေါ်စုကြည်က သူ့အင်တာဗျူးမှာ မြန်မာဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းက အစ္စလာမ်ကို ကြောက်ရွံ့နေရပါ တယ်လို့ မစူးမစမ်းဘဲ ပြောဆိုလိုက်တာဟာ ဗိုလ်နေ၀င်း စနစ်တကျ အကောင်အထည်ဖော်ခဲ့ပြီး ၉၆၉ ဗုဒ္ဓဘာသာ အကြမ်းဖက်သမားတွေ လှုံ့ဆော်ခဲ့တဲ့ လူမျိုးစွဲ ဘာသာခွဲ အမျိုးသားရေးဝါဒ အတွေးအခေါ်က ထွက်ပေါ်လာတဲ့ ဟန်ဆောင်ကြောက်ရွံ့မှုပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်အနေနဲ့ သူ့ရဲ့အင်တာဗျူးမှာ လူမျိုးစွဲ အမျိုးသားရေးဝါဒအတွေးအခေါ်တွေကို တရား ၀င်ဖြစ်အောင်လုပ်ပြီး အကြမ်းဖက်အားပေးလုပ်မယ့်အစား ရှုတ်ချပြစ်တင်ဝေဖန်တာမျိုးလုပ်ဖို့ အကောင်းဆုံး အခွင့်ရေးအဖြစ် အသုံးချသင့်ပါတယ်။ လွှတ်တော်က တရားဥပဒေစိုးမိုးရေးကော်မတီရဲ့ ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဖြစ်ဖြစ် မွတ်စလင်တွေအပါအ၀င် လူနည်းစုတွေအပေါ် မညီမျှတဲ့ ဘက်လိုက်တဲ့ တရားစီရင်ရေးစနစ်ကို အရေးတကြီး ပြုပြင်ပြောင်းလဲဖို့နဲ့ ဥပဒေစိုးမိုးမှုမရှိခြင်းရဲ့ အန္တရာယ်တွေကို ဆွေးနွေးသွားသင့်တာပေါ့။ အိုးမဲ့အိမ်မဲ့ပြည်သူတွေနဲ့ပတ်သက်ပြီး ဒေါ်စုရဲ့ မှတ်ချက်ကလည်း မှားမှားယွင်းယွင်းနဲ့ စိတ်ပျက်စရာပါပဲ။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင် ၁၄၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်တာရယ်၊ တိုင်းပြည်ကနေ စက်လှေတွေနဲ့ ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာအများစု အသက်အန္တရာယ်ရှိနေတာတွေကို မေးမြန်းတဲ့အခါမှာ သူ့အဖြေက ဗုဒ္ဓဘာသာဝင်တွေလည်း တိုင်းပြည်ကနေ ထွက်ပြေးနေကြရတာပါပဲတဲ့။ ပြီးခဲ့တဲ့နှစ်က သေကြေ ပျက်ဆီးခဲ့တဲ့ အကြမ်းဖက်မှုအတွင်းမှာ ရခိုင်ဗုဒ္ဓဘာသာဝင် အများအပြားလည်း ထိခိုက်ခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြတာမှန်ပေမယ့် ရိုဟင်ဂျာလူဖွဲ့အစည်းရဲ့ ထိခိုက်ခံစားရမှုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မှု တွေကို ဘယ်လိုမှ နှိုင်းယှဉ်လို့ မရပါဘူး။ မြန်မာဗုဒ္ဓဘာသာဝင်တွေ တိုင်းပြည်ကနေ ထွက်ပြေးနေရတာ တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပါပြီ၊ ဒါပေမယ့် သူတို့တွေဟာ ဘာသာရေးဖိနှိပ်ခံရလို့ ထွက်ပြေးကြရတာ မဟုတ်သလို “မွတ်စလင်တွေရဲ့ ခြိမ်းခြောက်မှု”ကြောင့်လဲ လုံးဝမဟုတ်ရပါဘူး။ ဒေါ်စုက လူမျိုးရေးသုတ်သင်ရှင်းလင်းမှုကို ငြင်းပယ်ခဲ့တယ်၊ ထားပါတော့လေ၊ တိုင်းပြည်ရဲ့ ပုံရိပ်ကို အစွန်းအထင်းမဖြစ်စေဖို့ ကြိုးစားလိုက်တယ်လို့ပဲ မြင်ပါတယ်။ လူမျိုးတုံးသုတ်သင်မှု ကမ်ပိန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေမှာ သက်သေရှိပြီးသား ဟုတ်မဟုတ် အကြေအလည်ဆွေးနွေးဖို့ ရှိနေသေးပေမယ့် မွတ်စလင်တွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှုဆိုတာ ကိုတော့ စောဒကတက် ငြင်းပယ်လို့ မရနိုင်ပါဘူး။ ဒီအကြမ်းဖက်မှုကို ဆန်းစစ်ဝေဖန်တဲ့နေရာ မှာ ပြစ်တင်စကားဆိုဖို့ ငြင်းပယ်တာဟာ အဲဒီအကြမ်းဖက်မှုတွေကို ဖယ်ရှားရာ မရောက်ပါဘူး။ အဲဒီလို အရေးတယူနဲ့ စိုးရိမ်ပူပန်ကြောင်းလေးတောင် ပြောဖို့ ပျက်ကွက်လိုက်တာကတော့ ဆုံးရှုံးခဲ့တဲ့ အပြစ်မဲ့အသက်ပေါင်းများစွာကို ရယ်သွမ်းသွေးလိုက်သလိုပါပဲ။ ဒေါ်စုကြည် မေ့မထားသင့်တာက သူ့ကို ၈၈ အရေးအခင်းတုန်းက လူထုရှေ့ အရောက်ပို့ပေးခဲ့တဲ့ NLD ပါတီရဲ့ CEC ဖြစ်ခဲ့ပြီး သူနဲ့ အနီးကပ်လက်တွဲလုပ်ကိုင်ခဲ့တဲ့ စာရေးဆရာ မောင်သော်ကဟာ မြန်မာမွတ်စလင် တစ်ယောက် ဖြစ်တယ်ဆိုတာကိုပါ။ ဆရာမောင်သော်ကဟာ ၁၉၈၉ ခုနှစ် မှာ အဖမ်းခံရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ကျခံခဲ့ရပါတယ်။ သူဟာ ထောင်ထဲမှာ ညှင်းပမ်းနှိပ်စက်ခံရပြီး ၁၉၉၁ ခုမှာ ကွယ်လွန်ခဲ့ပါတယ်။ မျက်မြင်တွေ့ရှိတဲ့သူရဲ့ အဆိုအရ ဆရာ့ရဲ့ ရုပ်ကလာပ်မှာ ခေါင်းကနေ ခြေထောက်ထိ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေတာတွေ့ရလို့ ဆရာ့ကို အာဏာပိုင်တွေက အကြိမ်ပေါင်းများစွာ နှိပ်စက်ခဲ့တယ်ဆိုတာ သက်သေ ပြနေတယ်။ ဒီနေ့မြန်မာပြည်က မွတ်စလင်တွေရဲ့ စည်းလုံးညီညွတ်မှုဟာ နိုင်ငံရေးအရ လုပ်ကြံခံနေရတဲ့အတွက် ၀မ်းနည်းဖွယ်ရာပါ။ မွတ်စလင်လူ့အဖွဲ့အစည်းတစ်ရပ်လုံးဟာ မဲရရှိရေး ယှဉ်ပြိုင်နေတဲ့သူတွေရဲ့ နိုင်ငံရေး ဓါးစာခံဘ၀သက်သက်ပါပဲ။ သမိုင်းကြောင်းအရ လက်ရှိရော နောင်အနာဂတ်မှာပါ မြန်မာမွတ်စလင်တွေကို တိုင်းပြည်ရဲ့ ခွဲထုတ်လို့မရတဲ့ နိုင်ငံသားတွေအဖြစ်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေက အသိအမှတ်ပြု လက်ခံရပါမယ်။ ဒါမှသာ အကြမ်းဖက်မှုတွေကို ကာကွယ်ရာမှာ အလွန်အရေးပါတဲ့ ခြေလှမ်းတွေအဖြစ် ဦးတည်နိုင်ပြီး မြန်မာပြည်ရဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲ ငြိမ်းချမ်းစွာနေထိုင်မှုဆိုတဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို တဖြည်းဖြည်းချင်း တည်ဆောက်ယူရာ ရောက်ပါမယ်။ Bangkok Post (Opinion) တွင် ဖော်ပြသော Nobel Laureate Suu Kyi betrays Myanmar's Muslims ကို စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်မီဒီယာ)က ဘာသာပြန်ဆိုသည်။

No comments:

Post a Comment