မေလ (၇)ရက်၊ ၂၀၁၃ ခုနှစ်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်း စားသောက်ဆိုင် အမည်ခံ အနှိပ်ခန်း၊ ကာရာအိုကေခန်းများ၌ လိင်ဖျော်ဖြေရေး လုပ်ငန်းများကိုပါ လုပ်ကိုင်လာခြင်းကြောင့် ဒေသခံများအနေဖြင့် ပိတ်သိမ်းအရေးယူရန် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်မှူများထံသို့ တင်ပြတောင်းဆိုမှုများရှိနေသည်ဟု သိရသည်။
"အရင် န.အ.ဖ လက်ထက်မှာတောင် ခိုးကြောင်ခိုးဝှက်နဲ့ နည်းနည်းပဲ ရှိခဲ့တာ။ အခု ထင်ထင်ပေါ်ပေါ်နဲ့ အများ ကြီးဖြစ်နေတာ အုပ်ချုပ်ရေးပိုင်း အားနည်းလို့လား အရေးမယူလို့လား။ ဒီလိုပေါ်တင်ကြီး တောင်လုပ်နိုင်တဲ့ အခြေအနေရဲ့ နောက်ကွယ်မှာ တစ်ခုခုရှိမယ်လို့ ထင်ပါတယ်"ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
စစ်တွေမြို့တွင် အနှိပ်ခန်း(၆)ခုနှင့် ကာရာအိုကေခန်း(၂)ခုရှိကြောင်း အဆိုပါလုပ်ငန်းများ လုပ်ကိုင်လာခြင်း ကြောင့် လူမျိုးနှင့်မြို့တော်၏ ဂုဏ်သိက္ခာညိုးနွမ်းထိခိုက်ကျဆင်းစေနိုင်သည့်အတွက် အရေးယူဆောင် ရွက်ပေးစေလိုခြင်း ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
"ကျွန်တော်တို့ဆီမှာ အရင်က ဒီလောက် မရှိခဲ့ဘူး။ ရှိလည်း မရှိခဲ့ဘူး။ အခုမှ ရှိလာတာ။ မိန်းကလေးတွေက စားဝတ်နေရေးမပြေလည်တော့ ဟိုအလုပ် ဒီအလုပ်ဆိုပြီး လုပ်ကြရာက ဒီလို အလုပ်တွေမှာဝင် လုပ်လာကြတယ်" ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ကြသူအများစုမှာ အသက်ရွယ် (၁၆)နှစ်မှ (၂၂)နှစ် ၀န်းကျင်သာရှိ သော မိန်းကလေးငယ်များဖြစ်ပြီး မိသားစုစားဝတ်နေရေးနှင့် ဆင်းရဲကျပ်တည်းမှုကို အခွင့်ကောင်းယူ၍ ငွေဖြင့်မက်လုံးပေးပြီး ချိတ်ဆက်ခေါ်ဆောင်ကာ လုပ်ကိုင်နေခြင်းဖြစ်ကြောင်းကို လည်း ဒေသခံတို့က ဆိုသည်။
အာရကန်ကိုကို-မောင်တော (မြစ်မခ) /မြန်မာခရိုနီကယ်

No comments:
Post a Comment